သိပ္ပံ၊ ဘာသာတရားနှင့် သမ္မာတရားကိုရှာဖွေခြင်း
“မှောက်မှားသောဘာသာများစွာ ပျံ့နှံ့နေသည်ဟူသောအချက်က . . . ကျွန်တော့်အပေါ် အတော်အတန်အာနိသင်သက်ရောက်ခဲ့သည်။”—ချားလ်စ်ဒါဝင်
၁၉ ရာစုအစပိုင်းအတွင်းက သိပ္ပံနှင့်ဘာသာတရားတို့သည် ပလဲနံပသင့်ခဲ့ကြသည်။ ဒါဝင်– မတိုင်မီနှင့်နောက်ပိုင်း စာအုပ်က “သိပ္ပံဆိုင်ရာအရေးအသားများ၌ပင် စာရေးဆရာများသည် သဘာဝအတိုင်း၊ စိတ်ရင်းခံအတိုင်း ဘုရားသခင်အကြောင်းပြောဆိုရန် မတွန့်ဆုတ်ကြပါ။”
ဒါဝင်၏ မျိုးစိတ်တို့၏မူလအစ စာအုပ်က ယင်းအခြေအနေကိုပြောင်းလဲရန် အထောက်အကူပေးသည်။ သိပ္ပံနှင့် ဆင့်ကဲပြောင်းလဲခြင်းတို့သည် ဘာသာတရား—နှင့်ဘုရား—တို့ကို ဘေးချိတ်သော အပြန်အလှန်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်လာကြသည်။ “ဆင့်ကဲပြောင်းလဲခြင်းနည်းအရ တွေးခေါ်ရာတွင် ဘုရားရှိသည့်အဖြစ်ကို ထည့်စဉ်းစားစရာမလိုတော့သကဲ့သို့ ဆီလည်းမဆီလျော်တော့ချေ” ဟု ဆာ ဂျူလျန် ဟပ်က်စ်လီကပြောသည်။
ယခုအခါ ဆင့်ကဲသီအိုရီသည် သိပ္ပံပညာ၏ မရှိမဖြစ်လိုအပ်သော အုတ်မြစ်ဖြစ်ကြောင်း အဆိုရှိသည်။ သက်ဆိုင်ရခြင်း၏အဓိကအကြောင်းကို ရူပဗေဒပညာရှင် ဖရက်ဒ်ဟွိုင်းက ဤသို့မှတ်သားဖော်ပြသည်– “ရှေးရိုးစွဲသိပ္ပံပညာရှင်များသည် သမ္မာတရားကိုရှာဖွေခြင်းထက် အတိတ်က အစွန်းရောက်သည့်ဘာသာရေးအမြင် ပြန်မလွှမ်းမိုးရန်တားဆီးခြင်းကို သာ၍အာရုံစိုက်လာကြသည်။” ဘာသာတရားသည် သိပ္ပံပညာအတွက် ဤမျှမနှစ်မြို့စရာကောင်းအောင် မည်သည့်အစွန်းထွက်အမြင်မျိုးက ဖြစ်စေခဲ့သနည်း။
ဘာသာတရားက ဖန်ဆင်းခြင်းကိုနာမည်ဖျက်
သမ္မာကျမ်းစာကို ထောက်ခံရန်အားထုတ်သည်ဟု ဆိုရာတွင်—များသောအားဖြင့် ကျမ်းစာကို စာသားအတိုင်း ယုံကြည်လိုက်လျှောက်ကြသည့် ပရိုတက်စတင့်များနှင့် မဟာမိတ်ဖြစ်သော—ဤ “ဖန်ဆင်းခြင်းဝါဒီများ” က ကမ္ဘာမြေကြီးနှင့် စကြဝဠာ၏သက်တမ်းသည် အနှစ် ၁၀,၀၀၀ မရှိသေးပါဟု အခိုင်အမာပြောဆိုကြသည်။ ဤအစွန်းရောက်သည့်အမြင်သည် ဘူမိဗေဒပညာရှင်များ၊ နက္ခတ္တဗေဒပညာရှင်များနှင့် ရူပဗေဒပညာရှင်များအတွက် ကဲ့ရဲ့ပြောင်လှောင်စရာဖြစ်စေသည်။ အကြောင်းမှာ ယင်းသည် သူတို့ရှာဖွေတွေ့ရှိချက်များနှင့် ခြားနားသောကြောင့်ဖြစ်သည်။
သို့သော် သမ္မာကျမ်းစာက အမှန်အားဖြင့် မည်သို့ပြောသနည်း။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၁:၁) ကြာသည့်အချိန်ကို အတိအကျမဖော်ပြထားပါ။ ဖန်ဆင်းခြင်း၏ “ပထမနေ့ရက်” ကို ကမ္ဘာဦး ၁:၃-၅ မတိုင်မီ မဖော်ပြသေးပါ။ ပထမ “နေ့ရက်” စတင်သောအခါ “ကောင်းကင်နှင့်မြေကြီး” သည် ရှိနှင့်ပြီးသားဖြစ်သည်။ ထို့ကြောင့် သိပ္ပံပညာရှင်များဆိုကြသကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ သက်တမ်းသည် နှစ်သန်းထောင်ပေါင်းများစွာ ဖြစ်နိုင်သလော။ အလွန်ဖြစ်နိုင်သည်။ သမ္မာကျမ်းစာက အချိန်ကာလအတိအကျကို မဖော်ပြ၍သာဖြစ်သည်။
အခြားသော အစွန်းရောက်ဘာသာရေးအမြင်တစ်ခုမှာ ဖန်ဆင်းရာခြောက် ‘ရက်’ ကို အဓိပ္ပာယ်ဖွင့်နည်းဖြစ်သည်။ ကျမ်းစာကို စာသားအတိုင်း ယုံကြည်လိုက်လျှောက်သူများက ဤနေ့ရက်များသည် စာသားအတိုင်းဖြစ်သည်ဟုဆိုကာ ကမ္ဘာဖန်ဆင်းခြင်းကာလကို ၁၄၄ နာရီသို့ ချုံ့လိုက်ကြသည်။ ယင်းအဆိုသည် ရှင်းလင်းပြတ်သားသော သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ကွဲလွဲသည်ဟု ခံစားကြရသဖြင့် သိပ္ပံပညာရှင်များ၏သံသယစိတ်ကို နှိုးဆွပေးသည်။
သို့တစေ၊ သိပ္ပံနှင့်မကိုက်ညီသည့်အရာမှာ—ကျမ်းစာကိုယ်နှိုက်မဟုတ်ဘဲ—ကျမ်းစာကို စာသားအတိုင်း ယုံကြည်လိုက်လျှောက်သူများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ ဖန်ဆင်းရာ “နေ့ရက်” တစ်ရက်စီသည် ၂၄ နာရီကြာသည်ဟု သမ္မာကျမ်းစာမပြောပါ; အမှန်မှာ ဤ ‘နေ့ရက်များ’ အားလုံးတို့သည် သာ၍ရှည်ကြာသော “ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့၊ ဖန်ဆင်းရာကာလ” ထဲတွင် ပါဝင်ကာ ကျမ်းဆိုင်ရာ ‘နေ့ရက်များ’ အားလုံးသည် ၂၄ နာရီသာ ပါဝင်သည်မဟုတ်ကြောင်းပြသနေပါသည်။ (ကမ္ဘာဦး ၂:၄) အချို့နေ့ရက်များသည် နှစ်ထောင်ပေါင်းများစွာ ကြာညောင်းခဲ့နိုင်သည်။a
သို့အားဖြင့် ဖန်ဆင်းခြင်းအစီအစဉ်သည် ဖန်ဆင်းခြင်းဝါဒီများနှင့် ကျမ်းစာကို စာသားအတိုင်း ယုံကြည်လိုက်လျှောက်သူများ၏ နာမည်ဖျက်ခြင်းခံရသည်။ စကြဝဠာ၏သက်တမ်းနှင့် ဖန်ဆင်းရာ ‘နေ့ရက်’ တို့၏အတိုင်းအရှည်ဆိုင်ရာ သူတို့၏သွန်သင်ချက်များသည် အကျိုးသင့်အကြောင်းသင့်ဖြစ်သည့် သိပ္ပံပညာနှင့်သော်လည်းကောင်း၊ သမ္မာကျမ်းစာနှင့်သော်လည်းကောင်း ညီညွတ်ခြင်းမရှိချေ။ သို့သော် ဘာသာတရားကို သိပ္ပံပညာရှင်များက မနှစ်မြို့စေသော အစွန်းရောက်သည့် အခြားအမြင်များလည်းရှိသေးသည်။
အာဏာအလွဲသုံးခြင်း
သမိုင်းတစ်လျှောက် ဘာသာတရားသည် မတရားမှုများစွာဖြစ်ရခြင်း၏ တရားခံဖြစ်လာခဲ့သည်။ ဥပမာအနေနှင့် အလယ်ခေတ်အတွင်းက ဥရောပသက်ဦးဆံပိုင်စနစ်အား ချာ့ချ်၏ထောက်ခံအားပေးမှုသည် တော်မှန်ကြောင်းသက်သေထူနိုင်ရေးအတွက် ဖန်ဆင်းခြင်းအယူဝါဒကို အဓိပ္ပာယ်လွဲချော်အောင်ပြုသည်။ လူသားများသည် ဘုရားသခင်၏စီရင်ပြဋ္ဌာန်းချက်အရ ဆင်းရဲချမ်းသာတည်းဟူသော မိမိတို့၏ဆိုင်ရာအခြေအနေအသီးသီးတွင် နေရကြသည်ဟူသောအချက်ပါဝင်သည်။ The Intelligent Universe စာအုပ်က ဤသို့ရှင်းပြသည်– “‘ဘုရားသခင်၏အစီအစဉ်’ အရ မိသားစုပိုင်ပစ္စည်းဥစ္စာများမှ အနည်းငယ်သာ သို့မဟုတ် မည်သည့်အရာမျှ ရကြမည်မဟုတ်ကြောင်း ကြွယ်ဝချမ်းသာသူ၏ သားအငယ်များ အပြောခံရသည်၊ အလုပ်လုပ်သောသူသည် ‘သူ့အား ဘုရားသခင်ခေါ်ထားလိုသောအခြေအနေ’ တွင် ဆက်၍ရောင့်ရဲကျေနပ်နေရန် မပြတ်တိုက်တွန်းခံရသည်။”
“အတိတ်က အစွန်းရောက်သည့်ဘာသာရေးအမြင်” ပြန်လွှမ်းမိုးမည်ကို လူများစွာတို့စိုးရိမ်ကြခြင်းသည် အံ့ဩစရာမဟုတ်ပါတကား! ဘာသာတရားသည် လူသားတို့၏ ဝိညာဉ်ရေးလိုအပ်ချက်ကို ဖြည့်စွက်ပေးမည့်အစား ယင်းလိုအပ်ချက်ကိုအမှီပြု၍ အမြတ်ထုတ်လေ့ရှိသည်။ (ယေဇကျေလ ၃၄:၂) India Today မဂ္ဂဇင်းမှ အယ်ဒီတာ့အာဘော်ကို ကောက်ချက်ချရာတွင်– “နှစ်များတစ်လျှောက် ပေါ်ပေါက်စေခဲ့သော မှတ်တမ်းမျိုးနှင့်အတူ ဘာသာတရားသည် ယုံကြည်စိတ်ချမှုကို လုံးဝထိန်းသိမ်းထားနိုင်ခြင်းမှာ အံ့ဩစရာဖြစ်သည်။ . . . အထွတ်အမြတ်ဖန်ဆင်းရှင်၏နာမတော်ဖြင့် . . . လူသားများသည် အချင်းချင်းအပေါ် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးသော ရက်စက်ယုတ်မာမှုကို ကျူးလွန်လာခဲ့ကြသည်။”
ဤကြောက်ခမန်းလိလိဗာဗုလုန် ဘာသာတရား၏မှတ်တမ်းသည် ဒါဝင်၏အတွေးအခေါ်အပေါ် အတော်ပင်အာနိသင်သက်ရောက်ခဲ့သည်။ “တစ်စတစ်စနှင့် ခရစ်ယာန်ဘာသာတရားကို ဘုရားသခင့်ထင်ရှားဖော်ပြချက်တစ်ခုအဖြစ်မှ ကျွန်ုပ်အယုံအကြည်ကင်းမဲ့လာသည်။ မှောက်မှားသောဘာသာတရားသည် တောမီးသဖွယ် ကမ္ဘာ့အစိတ်အပိုင်းအတော်များများ၌ ပျံ့နှံ့နေသည်ဟူသည့်အချက်က ကျွန်တော့်အပေါ် အတော်ပင်အာနိသင်သက်ရောက်သည်” ဟုသူပြောသည်။
မှန်သောဘာသာ၏အောင်ပွဲ
ဤလောကအတွက် ဘာသာရေးအရေခြုံမှုသည် အဆန်းမဟုတ်တော့ချေ။ ယေရှုက မိမိခေတ်ရှိ အာဏာမက်သော ဘာသာရေးခေါင်းဆောင်များအား ဤသို့ပြောခဲ့သည်– “သင်တို့သည် အပြင်ပန်းအားဖြင့် လူကောင်းပုံသဏ္ဌာန်ပေါ်သော်လည်း—အတွင်း၌ ဟန်ဆောင်ခြင်းနှင့် ဆိုးညစ်ခြင်းတို့ဖြင့် ပြည့်နှက်နေကြသည်။”—မဿဲ ၂၃:၂၈၊ Phillips.
သို့ရာတွင် စစ်မှန်သောခရစ်ယာန်ဘာသာတရားသည် “ဤလောကနှင့် . . . မစပ်ဆိုင်” ရပါ။ (ယောဟန် ၁၇:၁၆၊ သမ) ယင်း၏နောက်လိုက်များသည် ဖောက်ပြန်ယိုယွင်းသည့် ဘာသာတရားနှင့်နိုင်ငံရေးတို့ကို မလိုက်စားကြပါ; ဖန်ဆင်းရှင်တစ်ပါးတည်ရှိခြင်းကို ငြင်းပယ်သည့် အတွေးအခေါ်များအားဖြင့်လည်း လှည့်စားမခံကြရပါ။ “လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏” ဟု တမန်တော်ပေါလုရေးသားထားသည်။—၁ ကောရိန္သု ၃:၁၉။
သို့သော် ခရစ်ယာန်စစ်များသည် သိပ္ပံပညာနှင့်ပတ်သက်လျှင် နကန်းတစ်လုံးမျှမသိဟူ၍တော့ မဆိုလိုပါ။ ယင်းသို့ဖြစ်မည့်အစား ဘာသာမှန်လိုက်လျှောက်သူများသည် သိပ္ပံပညာအားဖြင့် စိတ်ဝင်စားမှုလှုံ့ဆော်ခြင်းကို ခံရကြသည်။ ရှေးအချိန်က ပရောဖက်ဟေရှာယအား “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း” ဟုပြောခဲ့သည်။ (ဟေရှာယ ၄၀:၂၆) အလားတူပင် ဖန်ဆင်းရှင်ကို ပိုမိုနားလည်လာရန် သဘာဝနှင့်စကြဝဠာတို့၏ အံ့ချီးဖွယ်ရာများကို စူးစမ်းစစ်ဆေးကြည့်ရန် ယောဘဖိတ်ခေါ်ခံခဲ့ရသည်။—ယောဘ၊ အခန်းကြီး ၃၈-၄၁။
မှန်ပါသည်၊ ဖန်ဆင်းရှင်ကို ယုံကြည်သူများသည် ဖန်ဆင်းရာများကို အရေးတယူအာရုံစိုက်၍ စိုးရွံ့အံ့သြကြသည်။ (ဆာလံ ၁၃၉:၁၄) ထို့အပြင် ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်က မိန့်တော်မူသော အနာဂတ်အတွက် အံ့ချီးဖွယ်မျှော်လင့်ချက်တစ်ခုကို သူတို့ယုံစားကြသည်။ (ဗျာဒိတ် ၂၁:၁-၄) လူသန်းပေါင်းများစွာတို့သည် သမ္မာကျမ်းစာလေ့လာမှုအားဖြင့် လူသား၏မူလအစသည်သော်လည်းကောင်း၊ သူ၏အနာဂတ်သည်သော်လည်းကောင်း တိုက်ဆိုင်မှုအပေါ်တွင် အမှီမပြုကြောင်းကို သင်ယူနေကြသည်။ ယေဟောဝါသည် လူကိုပြုလုပ်ခြင်းတွင် ရည်ရွယ်ချက်တစ်ခုရှိခဲ့သည်။ ထိုရည်ရွယ်ချက်သည်—နာခံမှုရှိလူသားအားလုံးအတွက် အကောင်အထည်ပေါ်လာမည်။ ထိုကိစ္စကို သင်ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုပြုရန် ကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် ၁၉၈၂ ခု၊ နိုဝင်ဘာလ ၈ ရက်ထုတ် နိုးလော့! မဂ္ဂဇင်း (လိပ်) စာမျက်နှာ ၆-၉ နှင့် ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း (လိပ်) စာအုပ်၊ အတွဲ ၁၊ စာမျက်နှာ ၅၄၅ တို့ကိုရှု။ ဖန်ဆင်းခြင်းဝါဒသည် သိပ္ပံ၊ သမ္မာကျမ်းစာတို့နှင့် ဆန့်ကျင်ကွဲလွဲမှုအကြောင်း ထပ်ဆင့်သိရှိလိုလျှင် ၁၉၈၃ ခု၊ မတ်လ ၈ နိုးလော့! မဂ္ဂဇင်း (လိပ်) စာမျက်နှာ ၁၂-၁၅ နှင့် ၁၉၈၃ ခု၊ မတ်လ ၂၂ ရက်ထုတ် (လိပ်) စာမျက်နှာ ၁၂-၁၅ တို့ကို ကြည့်ပါ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အထောက်အထားကို မသိရှိခြင်းလော
“ယေဟောဝါသက်သေများပင် ဇီဝဗေဒပညာရပ်ကို များစွာလေ့လာသိရှိထားကြသည်” ဟု ၁၉၇၁ ခုနှစ်က ရှေ့နေတစ်ဦးဖြစ်သူ နော်မန်မက္ကဘက်က Darwin Retried—An Appeal to Reason စာအုပ်တွင် ရေးသားခဲ့သည်။ ဆင့်ကဲပြောင်းလဲမှုအကြောင်း နိုးလော့! ဆောင်းပါးတစ်ပိုဒ်ကိုဖတ်ပြီး မက္ကဘက်ဤသို့မှတ်ချက်ချသည်– “ဒါဝင်အယူဝါဒအပေါ် ထိုးထွင်းသိမြင်မှုရှိသော ဝေဖန်ချက်အချို့တို့ပါရှိသည်ကို တွေ့သောကြောင့် ကျွန်ုပ်အံ့အားသင့်ခဲ့ရသည်။” ယင်းကိစ္စနှင့်ပတ်သက်၍ တိုးတက်စူးစမ်းရှာဖွေမှုနှင့် ကိုးကားစရာပင်ရင်းအမြစ်များမှ ပညာရှိကိုးကားချက်များကို မှတ်သားလျက် စာရေးသူက ဤသို့မှတ်ချက်ချထားသည်– “‘ယင်း [ဆင့်ကဲဖြစ်စဉ်] ကို မယုံကြည်သူသည် သိပ္ပံဆိုင်ရာအထောက်အထားကို မသိရှိသောကြောင့်ဖြစ်သည်မှာ ရှင်းနေပါသည်’ ဟု ဆင်ပ်ဆင်ပြောခြင်းသည် မမှန်ကန်တော့ချေ။”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လူသားတို့၏အနာဂတ်သည် တိုက်ဆိုင်မှုအပေါ် မမူတည်ချေ