သင်သည် ကျွန်ုပ်တို့၏မဟာသွန်သင်ပေးရှင်ထံမှ သင်ယူနေသလော
“စပိန်နိုင်ငံက အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ဥပဒေပညာရပ်ကို ငါးနှစ်ကြာ ကျွန်တော်လေ့လာခဲ့တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကို စလေ့လာတဲ့အချိန် ကျွန်တော်သင်ယူရရှိတာတွေက အပြတ်သာတယ်။ တက္ကသိုလ်က ဘယ်လိုလေ့လာရမလဲဆိုတာ သင်ပေးတယ်; သမ္မာကျမ်းစာက ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာ သင်ပေးတယ်” ဟု ကူးလ်ယိုကရှင်းပြသည်။
သမ္မာကျမ်းစာအားဖြင့် ဘုရားသခင့်အတွေးအခေါ်များ၊ ကိုယ်တော့်စည်းမျဉ်းများနှင့် ကိုယ်တော့်ညွှန်ကြားမှုများကို ကျွန်ုပ်တို့ရရှိကြသည်။ ကျမ်းစာက ယေဟောဝါအား “မဟာသွန်သင်ပေးရှင်” အဖြစ် ဖော်ပြထားသည်။ အကြောင်းမှာ ကိုယ်တော်သည် စကြဝဠာတစ်ခွင်၌ အကောင်းဆုံးသောဆရာဖြစ်တော်မူသည်။ (ဟေရှာယ ၃၀:၂၀၊ ကဘ) စာသားအရဆိုလျှင် ဟေဗြဲကျမ်းချက်က ကိုယ်တော်အား “သွန်သင်ပေးရှင်များ” ဟုခေါ်သည်—အများကိန်းက ထူးမြတ်မှုကိုညွှန်ပြသည်။ ယင်းက ယေဟောဝါ၏သွန်သင်မှုကို ခံယူခြင်းသည် အခြားမည်သည့်ဆရာ၏ လက်အောင်တွင် သင်ယူခြင်းထက်မဆို အဆမတန်သာလွန်ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့အားသတိရစေသင့်သည်။
ယေဟောဝါထံတော်မှ လက်တွေ့ကျဉာဏ်ပညာ
မြင့်မြတ်သောသွန်သင်ခြင်းသည် အဘယ်ကြောင့် အလွန်အကျိုးကျေးဇူးကြီးမားရသနည်း။ ဦးဆုံးအနေနှင့် ယင်းတွင်ပါဝင်သော တန်ဖိုးမဖြတ်နိုင်သည့်အရာများကြောင့်ဖြစ်သည်။ ယေဟောဝါ၏သွန်သင်ခြင်းက ကျွန်ုပ်တို့အား “လက်တွေ့ကျဉာဏ်ပညာ” ပေးသည်။ ထို့အပြင် ဘုရားပေးဉာဏ်ပညာသည် ယင်းကိုလက်တွေ့ကျင့်သုံးသူများအား “အသက်ရှင်စေ” သည်။—သု. ၃:၂၁၊ ၂၂; ဒေသနာ ၇:၁၂၊ သမ္မာ။
ဆာလံ ၁၁၉ ကိုစပ်ဆိုသူ၏ အသက်တာတစ်လျှောက်လုံးတွင် ယေဟောဝါ၏ဉာဏ်ပညာက သူ့ကိုကာကွယ်စောင့်ရှောက်ခဲ့ကြောင်း သူသိသည်။ ဥပမာ၊ သူဤသို့သီဆိုသည်– “နှုတ်တော်ထွက်တရားတော်သည် ရွှေငွေအထောင်အသောင်းထက်မက အကျွန်ုပ်၌သာ၍ကောင်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။ ပညတ်တရားတော်သည် အကျွန်ုပ်တို့၏ရန်သူတို့ထက် အကျွန်ုပ်ကိုသာ၍ပညာရှိစေပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၌အစဉ်တည်ပါ၏။ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ဆရာအပေါင်းတို့ထက် သာ၍နားလည်ပါ၏။”—ဆာလံ ၁၁၉:၇၂၊ ၉၂၊ ၉၈၊ ၉၉။
ယေဟောဝါ၏တရားတော်အတွက်သာမဟုတ်လျှင် ‘ဆင်းရဲဒုက္ခခံရစဉ်ပျက်စီး’ မည့်သူသည် ဆာလံဆရာတစ်ဦးတည်းမဟုတ်ပါ။ စပိန်နိုင်ငံမှ ရိုစားအမည်ရှိ အမျိုးသမီးငယ်တစ်ဦးက ဘုရားရေးရာစည်းမျဉ်းများကို ကျင့်သုံးသောကြောင့် မိမိအသက်ချမ်းသာရာရခဲ့ကြောင်း အခိုင်အမာယုံကြည်ထားသည်။ “ကျွန်မအသက် ၂၆ နှစ်ရောက်တော့ ကိုယ့်ကိုယ်ကိုသတ်သေဖို့ နှစ်ကြိမ်ကြိုးစားပြီးခဲ့ပြီ” ဟု သူမပြန်ပြောပြသည်။
ရိုစားသည် ပြည့်တန်ဆာလုပ်ငန်းတွင်သာမက အရက်နှင့်မူးယစ်ဆေးဝါးအလွဲသုံးခြင်းတို့တွင်လည်း ပါဝင်လာခဲ့သည်။ “ကျွန်မအကြီးအကျယ်လက်မှိုင်ချနေတဲ့ နေ့တစ်နေ့မှာ ကျွန်မတို့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာကျမ်းစာက ဘယ်လိုအကူအညီပေးနိုင်ကြောင်းကို သက်သေခံဇနီးမောင်နှံနှစ်ယောက် ကျွန်မကိုပြောပြတယ်။ အာရုံစွဲငြိစရာလို့သိလာရတဲ့ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်မစလေ့လာတယ်။ တစ်လအတွင်းမှာ သန့်စင်လန်းဆန်းတဲ့ ဘဝသစ်တစ်ခုစဖို့ ကျွန်မခွန်အားတွေရလာတယ်။ အခု ကျွန်မဘဝမှာ ရည်ရွယ်ချက်ရှိလာလို့ အရက် သို့မဟုတ် မူးယစ်ဆေးတွေရဲ့ ကူညီထောက်မမှုဘယ်တော့မှမလိုတော့ဘူး။ ယေဟောဝါရဲ့မိတ်ဆွေဖြစ်ချင်လွန်းအားကြီးလို့ ကိုယ်တော့်စံချိန်တွေနဲ့အညီနေထိုင်ဖို့ ကျွန်မစိတ်ပိုင်းဖြတ်လိုက်တယ်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ရဲ့ လက်တွေ့ကျဉာဏ်ပညာကြောင့်သာမဟုတ်ဘူးဆိုရင် ခုလောက်ဆို ကျွန်မကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီးပြီလို့ အတတ်ပြောရဲတယ်” ဟု သူမပြောပြသည်။
ယေဟောဝါထံတော်မှ ဉာဏ်ပညာသည် အသက်ကယ်တင်နိုင်သည်အမှန်။ ထို့ကြောင့် မြင့်မြတ်သောသွန်သင်ခြင်းတွင်ပါဝင်သည့် တန်ဖိုးမဖြတ်နိုင်သောအရာများမှ သာမက မိမိ၏ကျေးကျွန်များကိုသွန်သင်ရန် ယေဟောဝါအသုံးပြုသည့်နည်းလမ်းများမှလည်း ကျွန်ုပ်တို့အကျိုးရယူနိုင်သည်။ ကျွန်ုပ်တို့သည် သွန်သင်ပေးသူများနှင့် တပည့်ဖြစ်စေသူများဖြစ်ရန် ဘုရားသခင့်သားတော်ယေရှုခရစ်က အမိန့်ပေးထားသဖြင့် သွန်သင်ချက်ဖြန့်ဝေသည့် အထိရောက်ဆုံးသောနည်းများကို ကျွန်ုပ်တို့သင်ယူလိုကြသည်။—မဿဲ ၂၈:၁၉၊ ၂၀၊ ကဘ။
ပုံဥပမာများကိုယေဟောဝါအသုံးပြုခြင်း
မာကုခရစ်ဝင်ကျမ်းက “[ယေရှုသည်] ဥပမာကင်း၍ ဟောပြောတော်မမူ” ဟု ဆိုသည်။ (မာကု ၄:၃၄) ယေရှုသွန်သင်ခြင်း၏ ဤဂုဏ်အင်္ဂါရပ်သည် အဆန်းမဟုတ်ပါ။ ဣသရေလလူမျိုးထံ ယေဟောဝါ၏ပရောဖက်ပြုသတင်းများ ပို့ဆောင်ခံရသည့်နည်းတစ်နည်းကို ကိုယ်တော်တုပခြင်းမျှသာဖြစ်သည်။ ယင်းတွင် ပေါ်လွင်သည့်ပုံဥပမာ အမြောက်အမြားပါဝင်သည်။—ဟေရှာယ ၅:၁-၇; ယေရမိ ၁၈:၁-၁၁; ယေဇကျေလ ၁၅:၂-၇; ဟောရှေ ၁၁:၁-၄။
ဥပမာ၊ ဗာဗုလုန်အရုပ်များသည် မည်သို့မျှအကျိုးမပေးနိုင်ကြောင်းကို သွန်သင်ပေးရန် ယေဟောဝါသည် အလွန်ထိရောက်သည့်ပုံဥပမာတစ်ခုကို မည်သို့အသုံးပြုကြောင်း သတိထားကြည့်ပါ။ ဟေရှာယ ၄၄:၁၄-၁၇ က ဤသို့ဖော်ပြသည်– “ကိုယ်အဖို့အလိုငှာ အာရဇ်ပင်တို့ကိုခုတ်၍ ကုပရုပင်၊ သပိတ်ပင်တို့ကို ရွေးယူသဖြင့် တောပင်အမျိုးမျိုးတို့ကို ဆည်းပူးတတ်၏။ အာရဇ်ပင်ကိုစိုက်၍ . . . လူသုံးရန်ထင်းဖြစ်၏။ လူလည်းယူ၍ မီးလှုံတတ်၏။ တစ်ဖန် မီးမွေး၍ မုန့်ကိုပေါင်းတတ်၏။ တစ်ဖန် ဘုရားကိုလုပ်၍ ကိုးကွယ်တတ်၏။ . . . ပျပ်ဝပ်တတ်၏။ ထိုသစ်သားတစ်ပိုင်းနှင့် မီးမွေးတတ်၏။ တစ်ပိုင်းနှင့် အမဲသားကို ချက်၍စားတတ်၏။ ဖုတ်ကင်ပြီးမှ ဝစွာစားတတ်၏။ . . . ကျန်သောအပိုင်းကိုလည်းယူ၍ . . . ဘုရားကို လုပ်တတ်၏။ . . . ပျပ်ဝပ်၍ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါဟူ၍ ဆုတောင်းတတ်၏။” ဤကဲ့သို့သောပုံဥပမာများသည် စိတ်နှလုံးရိုးဖြောင့်သူများအား ဗာဗုလုန်ဝတ်ပြုရေးနှင့် အယူဝါဒများကို ငြင်းပယ်ရန်အကူအညီပေးဖို့ အလွန်ထိရောက်သောကိရိယာဖြစ်သည်။
စိတ်နှလုံးကိုထိုးဖောက်စစ်ဆေးသည့်မေးခွန်းများ
မိမိကျေးကျွန်အချို့တို့၏ အထင်အမြင်ကို စဉ်းစားစေသည့်မေးခွန်းများအားဖြင့် ယေဟောဝါမည်သို့တည့်မတ်ပေးသည်နှင့် ပတ်သက်သည့်ပုံဥပမာများလည်း သမ္မာကျမ်းစာတွင်ပါဝင်သည်။ ယင်းတို့အထဲတွင် ရှေးဘိုးဘေးယောဘပါဝင်သည်။ ဘုရားသခင်နှင့်ပတ်သက်လျှင် သူ၏အရေးမပါမှုကို သိမှတ်စေရန် ယေဟောဝါသူ့အား စိတ်ရှည်စွာဖြင့်ကူညီပေးခဲ့သည်။ ယောဘအဖြေမပေးနိုင်ဘဲ လက်မှိုင်ချစေလောက်သည့် ဆက်တိုက်မေးခွန်းတစ်စုကို မေးခြင်းအားဖြင့်ဖြစ်သည်။
ယောဘကို ယေဟောဝါဤသို့မေးတော်မူသည်။ “မြေကြီးအမြစ်ကိုငါတည်သောအခါ သင်သည်အဘယ်မှာရှိသနည်း။ . . . သမုဒ္ဒရာသည် အမိဝမ်းထဲကဖွား၍ထွက်လာသောအခါ အဘယ်သူသည် တံခါးနှင့်ပိတ်ထားသနည်း။ . . . သင်သည် ခိမကြယ်စု၏ သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။ . . . သင်သည် ဘုရားသခင်၏လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။” နှိမ့်ချစေသောဤမေးမြန်းခြင်းတွင် အလွန်အရေးကြီးသည့်မေးခွန်းတစ်ခုပါဝင်သည်– “သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှာ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။”—ယောဘ ၃၈:၄၊ ၈၊ ၃၁; ၄၀:၈၊ ၉။
ဤသို့ နှိုက်နှိုက်နှဲနှဲမေးသည့်မေးခွန်းများက ယောဘအား မိမိသည် သိနားလည်မှုမရှိဘဲ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်စေသည်။ သို့ဖြင့် သူ့စကားကိုပြန်ရုပ်သိမ်းပြီး နောင်တယူခဲ့သည်။ (ယောဘ ၄၂:၆) ဤကိစ္စမှာကဲ့သို့ ကောင်းစွာရွေးချယ်ထားသည့်မေးခွန်းများသည် ကျွန်ုပ်တို့၏ကလေးများ သို့မဟုတ် ကျမ်းစာသင်သားများ၏ မှားယွင်းသည့်တွေးတောစဉ်းစားပုံကို ပြန်လည်တည့်မတ်ပေးရန် အကူအညီဖြစ်စေနိုင်သည်။
ယုံကြည်စိတ်ချမှုကို တည်ဆောက်ခြင်း
မိမိမထိုက်တန် သို့မဟုတ် မတတ်စွမ်းနိုင်ဟု ခံစားရသူများကို ကျွန်ုပ်တို့ကူညီရမည်ဆိုလျှင် မည်သို့နည်း။ ယေဟောဝါနှင့် ကိုယ်တော့်ပရောဖက်မောရှေတို့ အပြန်အလှန်ပြောဆိုမှုက ဤကိစ္စတွင် အကူအညီဖြစ်စေမည်။ ဖာရောနှင့် ဣသရေလလူမျိုးတို့ရှေ့ မိမိ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ဘုရားသခင်သည် မောရှေအားတာဝန်ပေးသောအခါ ထိုပရောဖက်က ထိုအလုပ်ကိုလုပ်ဆောင်ရန် မိမိမတတ်စွမ်းနိုင်ဟု ခံစားခဲ့ရသည်။ “အကျွန်ုပ်သည် . . . နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏” ဟုသူပြောသည်။ သို့သော် ဘုရားသခင်ဤသို့ပြန်မိန့်တော်မူသည်– “လူ၏နှုတ်ကို အဘယ်သူဖန်ဆင်းသနည်း။ . . . ငါထာဝရဘုရားဖန်ဆင်းသည်မဟုတ်လော။ သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ ငါရှိ၍ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်။”—ထွက်မြောက်ရာ ၄:၁၀-၁၂။
ယေဟောဝါသည် မောရှေ၏အစ်ကိုအာရုန်ကို မိမိ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ပြီး အီဂျစ်နိုင်ငံတွင် သူတို့၏တာဝန်ကို စတင်လုပ်ဆောင်ကြသည်။ (ထွက်မြောက်ရာ ၄:၁၄-၁၆) များစွာသောယေဟောဝါသက်သေတို့သည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှု သို့မဟုတ် လမ်းပေါ်သက်သေခံခြင်းလုပ်ငန်းတွင် ဦးဆုံးအကြိမ်ပါဝင်သောအခါ မောရှေကဲ့သို့ မိမိတို့မတတ်စွမ်းနိုင်ဟု ခံစားကြရသည်။ မောရှေကိစ္စတွင်ကဲ့သို့ ယေဟောဝါ၏ကျောထောက်နောက်ခံပြုမှုကို ကျွန်ုပ်တို့ရရှိထားခြင်းနှင့် အတွေ့အကြုံရှိသောဓမ္မအမှုဆောင်များနှင့် ကျွန်ုပ်တို့တွဲသွားရမည်တို့ကို သိထားခြင်းက တွန့်ဆုတ်ခြင်းကို ကျွန်ုပ်တို့ကျော်လွှားနိုင်ရန် အကူအညီဖြစ်စေသည်။ ထွက်မြောက်ရာကျမ်းတစ်စောင်လုံးနီးပါး မောရှေ၏ထိရောက်သောစကားများပါဝင်သည့်အထိ သူသည် ယုံကြည်စိတ်ချမှုကို ပြုစုပျိုးထောင်နိုင်သကဲ့သို့ ကျွန်ုပ်တို့လည်း ယေဟောဝါ၏အကူအညီအားဖြင့် စကားပြောဆိုသည့်အရည်အချင်းကို တစ်စတစ်စမွေးမြူသွားနိုင်သည်။
လက်တွေ့ကျသင်ခန်းစာ
အခြားသူများအား စိတ်ရင်းမှန်ဖြင့်ကူညီပေးလိုသည့်ဆန္ဒသည်လည်း မရှိမဖြစ်လိုအပ်သည်။ ယင်းကား ပရောဖက်ယောန၌ ချွတ်ယွင်းခဲ့သည့်အရည်အချင်းဖြစ်သည်။ နိနဝေမြို့၏ လာမည့်ဖျက်ဆီးခြင်းဘေးနှင့်ပတ်သက်၍ မြို့သားများကို သွားသတိပေးရန် ယောနအား ယေဟောဝါတာဝန်ပေးလိုက်သည်။ အံ့သြဖွယ်ကား နိနဝေမြို့သားများ နောင်တယူခဲ့ကြသည်။ (ယောန ၃:၅) ရလဒ်အနေနှင့် ဘေးဒုက္ခကို ယေဟောဝါဆိုင်းထားတော်မူခဲ့သည်။ မိမိ၏ဟောပြောခြင်းလုပ်ဆောင်မှု၏ အောင်မြင်မှုကြောင့် အလွန်ဝမ်းမြောက်မည့်အစား မိမိကြိုတင်ဟောပြောထားချက်များ မပြည့်စုံသဖြင့် ယောနဒေါသထွက်ခဲ့သည်။ အမြင်မှန်ရရန် ယောနအား ယေဟောဝါမည်သို့ကူညီခဲ့သနည်း။
အခြားသူများကိုအရေးစိုက်ခြင်း၏ အရေးကြီးမှုကို ယောနအားသွန်သင်ရန် ယေဟောဝါသည် ဘူးပင်တစ်ပင်ကို အသုံးပြုတော်မူခဲ့သည်။ ထိုအပင်သည် အံ့ဖွယ်ကောင်းလောက်အောင် တစ်ညချင်းတွင်ကြီးထွားလာပြီး နိနဝေမြို့ပြင်ဘက်တွင် တဲထိုး၍နေသောယောနအတွက် နှစ်လိုဖွယ်အရိပ်အာဝါသကို ပေးသည်။ ယောနသည် ထိုနိမ့်ကျသောအပင်ကြောင့် “အလွန်အားရဝမ်းမြောက်” လာသည်။ သို့သော် ယေဟောဝါသည် ထိုအပင်ကို ပိုးကိုက်၍ခြောက်သွေ့ပြီး သေစေပြန်သည်။ နေရောင်ခြည်နှင့် လေပူများတိုက်ခတ်မှုအောက်တွင် အကာအကွယ်မဲ့ဖြစ်နေသောယောနသည် ဒေါသဖြင့် ဤသို့ပြောသည်– “ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက်သာ၍ကောင်းသည်။” (ယောန ၄:၅-၈) ဤအဖြစ်အပျက်တစ်ခုလုံးတွင် မည်သည့်သင်ခန်းစာရသနည်း။
ယေဟောဝါသည် ယောနအားစကားပြောပြီး ဤသို့မိန့်တော်မူသည်– “သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေခြင်းငှာလည်းမပြုစု၊ တစ်ညချင်းတွင်ပေါက်၍ တစ်ညချင်းတွင်သေသော ကြက်ဆူပင် [ဘူးပင်၊ ကဘ] ကို နှမြောသည်တကား။ ငါသည် များစွာသောတိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ တစ်သိန်းနှစ်သောင်းမက လူများသောနိနဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လော။”—ယောန ၄:၉-၁၁။
မည်မျှထိရောက်သည့် လက်တွေ့ကျသင်ခန်းစာပါတကား! ထောင်ပေါင်းများစွာသောလူများထက် ဘူးပင်ကို ယောနပို၍စိတ်ဝင်စားသည်။ ဘုရားသခင့်ဖန်ဆင်းရာများ၏ အပိုင်းကဏ္ဍတစ်ခုခုကို စိတ်ဝင်စားခြင်းသည် ချီးမွမ်းဖွယ်ရာဖြစ်သော်လည်း လူများ၏အသက်ကိုကယ်တင်ရန် အကူအညီပေးခြင်းသည် အရေးအကြီးဆုံးသော ကျွန်ုပ်တို့၏လုပ်ငန်းဖြစ်သည်။
သည်းခံခြင်းဖြင့်သွန်သင်ခြင်း
ယောနသိရှိလာရသည့်အတိုင်းပင် ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် အမြဲမလွယ်ကူပါ။ (၂ တိမောသေ ၄:၅၊ ကဘ) မည်သို့ဆိုစေ သူတစ်ပါးကို သည်းခံတတ်သည့်သဘောက အကူအညီဖြစ်စေပါလိမ့်မည်။
သင့်ကျမ်းစာကျောင်းသားတစ်ဦးသည် သိနားလည်မှုနှေးကွေးမည် သို့မဟုတ် အကျိုးသင့်အကြောင်းသင့်သိပ်မရှိဖြစ်နေလျှင် သင်မည်သို့တုံ့ပြန်မည်နည်း။ ထိုပြဿနာမျိုးကို မည်သို့ကိုင်တွယ်ရမည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏မဟာသွန်သင်ပေးရှင်က ကျွန်ုပ်တို့အားသင်ပေးသည်။ သောဒုံနှင့်ဂေါမောရမြို့များအပေါ် ကျရောက်မည့်တရားစီရင်ခြင်းနှင့်ပတ်သက်၍ အာဗြဟံက ကိုယ်တော်အား မေးခွန်းတသီတတန်းကြီးမေးသောအခါ သည်းခံခြင်းကို အတိုင်းထက်အလွန်တင်ပြတော်မူခဲ့သည်။ “ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော” ဟု အာဗြဟံမေးခဲ့သည်။ “ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင် ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူငါးဆယ်ပါသောမြို့ကို သူတို့အတွက်မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော” ဟု သူအသနားခံခဲ့သည်။ ယေဟောဝါ၏ လိုက်လျောသည့်အဖြေက အာဗြဟံအား ဆယ်ယောက်အထိလျော့ကျသွားသည့်တိုင် မေးခွန်းများဆက်မေးရန် အားပေးခဲ့သည်။ လောတ၏မိသားစုသာလျှင် ဘေးလွတ်သင့်ကြောင်း ယေဟောဝါသိတော်မူပြီး ထိုသို့ဖြစ်ရန်လည်း စီစဉ်ထားနှင့်ပြီးဖြစ်သည်။ သို့သော် ယေဟောဝါ၏ကရုဏာတော်အလုံးအရင်းကို သူသဘောပေါက်လာသည့်အထိ မေးမြန်းခြင်းကို ကိုယ်တော်စိတ်ရှည်စွာခွင့်ပြုတော်မူခဲ့သည်။—ကမ္ဘာဦး ၁၈:၂၀-၃၂။
အာဗြဟံ၏ အကန့်အသတ်ရှိသိနားလည်မှု၊ ခံစားချက်နှင့် စိတ်ဝင်စားရာတို့ကို ယေဟောဝါနားလည်ခွင့်ပြုခဲ့သည်။ ကျွန်ုပ်တို့လည်း မိမိတို့ကျောင်းသားများ၏ အတိုင်းအတာကို နားလည်ပါက အယူဝါဒတစ်ခုကိုနားလည်နိုင်ရန် သို့မဟုတ် အမြစ်စွဲနေသည့်အကျင့်တစ်ခုကို အနိုင်ရရန် သူကြိုးစားနေစဉ် သူ့အားသည်းခံမှုတင်ပြရန် ကျွန်ုပ်တို့ကိုအကူအညီဖြစ်စေသည်။
ယေဟောဝါထံတော်မှ ဆက်လက်သင်ယူလေ
ယေဟောဝါဘုရားသခင်သည် မဟာသွန်သင်ပေးရှင်ဖြစ်တော်မူသည်မှာ သံသယဖြစ်စရာအကြောင်းမရှိပါ။ ပုံဥပမာများ၊ မေးခွန်းများနှင့် လက်တွေ့ကျသင်ခန်းစာများကဲ့သို့သော နည်းများအားဖြင့် သိနားလည်မှုကို စိတ်ရှည်စွာပေးတော်မူသည်။ ကိုယ်တော့်သွန်သင်နည်းစနစ်များကို ကျွန်ုပ်တို့တုပသည်နှင့်အမျှ ကျွန်ုပ်တို့ကိုယ်တိုင်လည်း သာ၍တော်သော ဆရာသမားများဖြစ်လာကြမည်ဖြစ်သည်။
အခြားသူများကို သွန်သင်သူများသည် မိမိကိုယ်ကိုသွန်သင်ခြင်းကိုလည်း လျစ်လျူမရှုသင့်သောကြောင့် ကျွန်ုပ်တို့သည် “ထာဝရဘုရားဆုံးမသွန်သင်” ခြင်းကို ဆက်လက်ခံယူရမည်။ (ဟေရှာယ ၅၄:၁၃) ဟေရှာယဤသို့ရေးခဲ့သည်– “ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကိုမြင်ရလိမ့်မည်။ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ဤမည်သောလမ်းသည်မှန်၏၊ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။” (ဟေရှာယ ၃၀:၂၀၊ ၂၁) ယေဟောဝါ၏နည်းလမ်းအတိုင်း လိုက်လျှောက်ပြီး အခြားသူများကိုလည်း ထိုသို့ပြုရန်အကူအညီပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏မဟာသွန်သင်ပေးရှင်ထံမှ ထူးမြတ်သည့်သင်ယူခွင့်ကို အစဉ်အမြဲရရှိသွားမည်။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
“သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍ မြင့်သောအရပ်၌ အသိုက်ကိုလုပ်တတ်သလော” ဟု ယောဘအား ယေဟောဝါမေးသည်
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
လူများကို ယောနပိုမိုစိတ်ဝင်စားရန် ဘုရားသခင်သည် သူ့အား ဘူးပင်တစ်ပင်အားဖြင့် သွန်သင်တော်မူသည်