ယေရှုပြုတော်မူသောအံ့ဖွယ်အမှုများမှ သင်ခန်းစာများ
“သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည်ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ် . . . ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ခေါ်ပင့်ကြ၏။ စပျစ်ရည်ကုန်သောအခါ ယေရှု၏မယ်တော်က ‘စပျစ်ရည်မရှိ’ ဟုကြားပြော၏။” ဤအဖြစ်အပျက်က ယေရှုပထမဦးဆုံးအံ့ဖွယ်အမှုကိုပြုလုပ်ရန်အကြောင်းဖန်လာသည်။ —ယောဟန် ၂:၁-၃။
ထိုပြဿနာသည် ယေရှုအားအသိပေးရန်မလိုသည့် အရေးမပါသော၊ အသေးအဖွဲကိစ္စမဟုတ်ပေလော။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ရှင်းပြသည်– “အရှေ့တိုင်းတွင် ဧည့်ဝတ်ပျူငှာခြင်းသည် လေးစားထိန်းသိမ်းအပ်သောတာဝန်ဖြစ်သည်။ . . . အထူးသဖြင့်ထိမ်းမြားမင်္ဂလာပွဲတွင် အမှန်ပင်ဧည့်ဝတ်ပျူငှာဖို့ရန် အလျှံပယ်တည်ခင်းကျွေးမွေးရ၏။ မင်္ဂလာပွဲတွင် စားသောက်ဖွယ်ရာများ ကုန်သွားခဲ့သည်ရှိသော ထိုမိသားစုနှင့်မင်္ဂလာမောင်နှံတို့အဖို့ တစ်သက်လုံးပြန်၍သိက္ခာဆည်နိုင်တော့မည်မဟုတ်ပေ။”
ယင်းကြောင့် ယေရှုအရေးယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်သည် “ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖို့အလိုငှာ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သောကျောက်အိုးစရည်းခြောက်လုံး” ကိုမြင်တော်မူသည်။ ဂျူးထုံးတမ်းစဉ်လာအရ အစာမစားသုံးမီဆေးကြောသုတ်သင်ဖို့လိုအပ်သဖြင့် တက်ရောက်သူတို့အတွက် ရေအလုံအလောက်ထားပေးရသည်။ ယေရှုသည် “ပွဲအုပ်” မဟုတ်သော်လည်း ဧည့်ကြိုများအား “ဤရေအိုးတို့ကို ရေဖြည့်ကြ” ဟုအခွင့်အာဏာပါပါမိန့်မှာတော်မူ၏။ ဇာတ်လမ်းက ဤသို့ဆိုသည်– ‘ပွဲအုပ်သည် ရေကိုမြည်းစမ်းသော် စပျစ်ရည်ဖြစ်နေသည်။’—ယောဟန် ၂:၆-၉; မာကု ၇:၃။
မင်္ဂလာဆောင်ပွဲကဲ့သို့သော သာမညပွဲတစ်ခုသည် ယေရှု၏အဦးဆုံးအံ့ဖွယ်အမှု ပြုလုပ်ရာနေရာဖြစ်ခဲ့ခြင်းမှာ အထူးအဆန်းဟုထင်ရသော်လည်း ထိုအဖြစ်အပျက်မှ ယေရှုအကြောင်းများစွာသိရှိရသည်။ ကိုယ်တော်သည် လူလွတ်တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင်အခါအားလျော်စွာ တပည့်တော်များအား တစ်ကိုယ်ရေဘဝ၏တစ်ပန်းသာမှုအကြောင်း ဆွေးနွေးတော်မူခဲ့သည်။ (မဿဲ ၁၉:၁၂) သို့ဖြစ်စေကာမူ ကိုယ်တော်သည် မင်္ဂလာဆောင်ပွဲကိုတက်ရောက်ခဲ့ခြင်းက ထိမ်းမြားခြင်းကိုဆန့်ကျင်သူမဟုတ်ကြောင်း ထင်ရှားသည်။ ကိုယ်တော်၌မျှတသောအမြင်ရှိသည့်အပြင် ထိမ်းမြားခြင်းအစီအစဉ်သည် ဘုရားသခင့်ရှေ့တော်တွင် အသရေရှိသောအမှုဖြစ်သည်ဟုရှုမှတ်ကာ ယင်းကိုထောက်ခံတော်မူသည်။—ဟေဗြဲ ၁၃:၄ နှိုင်းယှဉ်။
ယေရှုသည် ချာ့ချ်ပန်းချီဆရာများ ပုံဖော်ရေးဆွဲသကဲ့သို့ မျက်နှာထားတင်းမာပြီး ခြိုးခြံ၍ကျင့်ကြံသူမဟုတ်ပါ။ ကိုယ်တော်သည် လူတို့နှင့်ရောနှောနေရသည်ကို နှစ်သက်တော်မူပြီး လူမှုပေါင်းသင်းဆက်ဆံမှုကို မနှစ်သက်သူမဟုတ်ကြောင်းထင်ရှားသည်။ (လုကာ ၅:၂၉ နှိုင်းယှဉ်။) ဤသို့ဖြင့် ကိုယ်တော်၏အပြုအမူများသည် နောက်တော်လိုက်များအတုယူစရာ အစဉ်အလာဖြစ်ခဲ့သည်။ ဖြောင့်မတ်ခြင်းဆိုသည်မှာ ပျော်ရွှင်မှုကင်းမဲ့ခြင်းဖြစ်ဘိသကဲ့သို့ အကြောင်းမဲ့ဣန္ဒြေသိက္ခာနှင့်နေရန်၊ သို့မဟုတ် မှိုင်တွေငေးငိုင်နေရန်မလိုကြောင်း ယေရှုကိုယ်တော်တိုင်ပြသတော်မူခဲ့သည်။ ထိုသို့နေမည့်အစား သမ္မာကျမ်းစာက ခရစ်ယာန်များအား “သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့” ဟုမိန့်မှာထားသည်။ (ဖိလိပ္ပိ ၄:၄) ယနေ့ခရစ်ယာန်များသည် သင့်တင့်သောနယ်နိမိတ်ဘောင်အတွင်း အပန်းဖြေမှုပြုရန် ဂရုပြုကြသည်။ ဘုရားသခင့်လုပ်ငန်းတော်တွင် သူတို့ဝမ်းမြောက်ပျော်ရွှင်ကြသော်လည်း ယေရှု၏စံနမူနာတော်ကိုလိုက်၍ ရံဖန်ရံခါ အချင်းချင်းပေါင်းသင်းပျော်မွေ့ရန် အချိန်ပေးကြသည်။
ယေရှု၏သနားကြင်နာသောသဘောကိုလည်း သတိပြုပါ။ အံ့ဖွယ်အမှုကိုပြုလုပ်ပေးရန် ကိုယ်တော်၌တာဝန်မရှိပေ။ ယင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစေရန်လိုအပ်သည့် ပရောဖက်ပြုချက်လည်းမရှိပါ။ ယေရှုသည် မိခင်၏စိုးရိမ်စိတ်နှင့် မင်္ဂလာဆောင်မောင်နှံတို့၏အခက်အခဲကြောင့် ကရုဏာသက်မိခြင်းမျှသာဖြစ်သည်။ သူတို့၏ခံစားချက်များကို ယေရှုသတိပြုမိ၍ သူတို့အရှက်တကွဲမဖြစ်စေရန် ကူညီပေးလိုတော်မူခဲ့သည်။ ဤအဖြစ်အပျက်က ခရစ်တော်သည်သင့်အပေါ်—သင်၏သာမန်ပြဿနာများကိုပင်—အမှန်စိတ်ဝင်စားတော်မူသဖြင့် ယုံကြည်ကိုးစားစိတ် တိုးလာစေသည်မဟုတ်ပေလော။—ဟေဗြဲ ၄:၁၄-၁၆ နှိုင်းယှဉ်။
ရေအိုးတစ်အိုးစီသည် “နှစ်တင်းသုံးတင်းခန့်ဝင်” သောကြောင့် ယေရှုပြုတော်မူသည့်အံ့ဖွယ်အမှု၌ စပျစ်ရည်အမြောက်အမြား—လီတာ ၃၉၀ (၁၀၅ ဂါလံ) ခန့်—ရှိသည်! (ယောဟန် ၂:၆) အဘယ်ကြောင့် ဤမျှများပြားရသနည်း။ ယေရှုသည် ဘုရားသခင်ပြစ်တင်ရှုတ်ချတော်မူသည့် သောက်ကြူးခြင်းအမှုကို အားပေးနေခြင်းမဟုတ်ပါ။ (ဧဖက် ၅:၁၈) ယင်းအစား ကိုယ်တော်သည် ဘုရားသခင်နည်းတူ ရက်ရောသောသဘောကို တင်ပြနေခြင်းသာဖြစ်ပါသည်။ စပျစ်ရည်သည် အမြဲတမ်းအသုံးပြုလေ့ရှိသည့် အဖျော်ယမကာဖြစ်သည့်အတွက် ပိုလျှံမည်ဆိုလျှင်လည်း အခြားအချိန်အခါများတွင် ဆက်၍အသုံးပြုနိုင်သည်။—မဿဲ ၁၄:၁၄-၂၀; ၁၅:၃၂-၃၇ နှိုင်းယှဉ်။
အစောပိုင်းခရစ်ယာန်များသည် ယေရှု၏ရက်ရောသောစံနမူနာတော်ကို တုပကြသည်။ (တမန်တော် ၄:၃၄၊ ၃၅ နှိုင်းယှဉ်။) ယနေ့ယေဟောဝါ၏လူမျိုးတော်သည်လည်း အလားတူ “သူတစ်ပါးအား ပေးကြ” ရန်တိုက်တွန်းခံရသည်။ (လုကာ ၆:၃၈) သို့သော် ယေရှု၏ဦးဆုံးအံ့ဖွယ်အမှုသည် ပရောဖက်ပြုချက်သဘောလည်းဆောင်ပေသည်။ ယင်းက ငတ်မွတ်ခေါင်းပါးခြင်းကို ပယ်ရှား၍ “ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို” ဘုရားသခင်ရက်ရောစွာပြင်ဆင်တော်မူမည့် အနာဂတ်ကာလကို ညွှန်ပြသည်။—ဟေရှာယ ၂၅:၆။
သို့သော် ကိုယ်ကာယရောဂါပျောက်ကင်းခြင်းဆိုင်ရာ ယေရှု၏အံ့ဖွယ်အမှုအမြောက်အမြားနှင့်စပ်လျဉ်း၍ မည်သို့ဆိုမည်နည်း။ ၎င်းတို့မှ အဘယ်သင်ခန်းစာရရှိနိုင်သနည်း။
ဥပုသ်နေ့တွင်ကောင်းမှုပြုခြင်း
“ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့။” ဤစကားများကို ယေရှုက ၃၈ နှစ်တိုင်တိုင်ရောဂါစွဲခဲ့သူတစ်ဦးအား မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ ခရစ်ဝင်ကျမ်းက ဤသို့ဆက်၍ဆိုသည်– “ခဏခြင်းတွင် ထိုသူသည်ပကတိအဖြစ်သို့ရောက်၍ မိမိအိပ်ရာကိုဆောင်လျက်လှမ်းသွား၏။” ဤအဖြစ်အပျက်ကြောင့် ဝမ်းမသာနိုင်သူအချို့ရှိသည်မှာ အံ့ဩစရာပင်။ မှတ်တမ်းက ဤသို့ဆိုသည်– “ထိုအမှုကိုဥပုသ်နေ့၌ပြုတော်မူသောကြောင့် ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။”—ယောဟန် ၅:၁-၉၊ ၁၆။
ဥပုသ်နေ့သည် လူအားလုံးအနားယူပြီး ဝမ်းမြောက်ရွှင်လန်းကြရန်ရည်ရွယ်ထားသည့် နေ့တစ်နေ့ဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၈-၁၁) သို့သော် ယေရှုလက်ထက်တော်ရောက်လာသည့်အခါထိုနေ့ရက်သည် ဖိစီးသောလူ့စည်းမျဉ်းများနှင့်ပြည့်သည့် ဝင်္ကပါဖြစ်နေလေပြီ။ ပညာရှင်အဲလ်ဖရဒ်အယ်ဒရှိုင်းက ဤအကြောင်းကို တာလ်မွဒ်ကျမ်းမှ ရှည်လျားသောဥပုသ်ပညတ်အပိုင်းတွင် “ဆင်ခြင်တုံတရားရှိသူတစ်ဦးက အလေးအနက်နှလုံးသွင်းလိမ့်မည်ဟု မှန်းဆရခက်လှသည့် အကြောင်းများကို အလွန်အရေးကြီးသော ဘာသာရေးကိစ္စများအဖြစ် အလေးထားဆွေးနွေးထားသည် ” ဟုရေးသားထားသည်။ (The Life and Times of Jesus the Messiah) ရဗ္ဗိဆရာများသည် ဂျူးတစ်ဦး၏ဘဝကဏ္ဍအားလုံးနီးပါးကို ထိန်းချုပ်သည့် အရေးမကြီးသော၊ စိတ်ထင်ရာရေးဆွဲထားသော စည်းမျဉ်းများကို သေရေးရှင်ရေးတမျှအရေးပေးကြကာ များသောအားဖြင့် လူ့ခံစားချက်ကိုပင် အကြင်နာမဲ့စွာဥပေက္ခာပြုကြသည်။ ဥပုသ်ပညတ်တစ်ခုကဤသို့ပြဋ္ဌာန်းထားသည်– “အကယ်၍ လူတစ်ဦးအပေါ်တိုက်ပြိုကျ၍ တိုက်ပျက်အတွင်း၌ ထိုသူရှိမရှိ၊ အသက်ရှင်မရှင်၊ ထိုသူသည် တစ်ပါးအမျိုးသားလော၊ ဣသရေလအမျိုးသားလော မသေချာပါက ထိုသူအပေါ်မှအပျက်အစီးများကို ရှင်းလင်းနိုင်သည်။ အကယ်၍ အသက်ရှင်နေသည်ကိုတွေ့ရလျှင် ဆက်လက်ရှင်းလင်းနိုင်သည်; သို့သော် သေနေပြီဆိုလျှင် သူ့အားပစ်ထားရမည်။”—ဟားဘတ်ဒင်ဘီ ဘာသာပြန်ထားသောဋီကာကျမ်း၊ Yoma 8:7, The Mishnah.
ဤကဲ့သို့သောဥပဒေအပေါ် အနုစိတ်လွန်းခြင်းကို ယေရှုမည်သို့ယူမှတ်တော်မူသနည်း။ ဥပုသ်နေ့တွင်ရောဂါကုသပေးသည့်အတွက် အပြစ်တင်ဝေဖန်ခံရသောအခါ ကိုယ်တော်က “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏” ဟုပြန်၍မိန့်တော်မူ၏။ (ယောဟန် ၅:၁၇) ကိုယ်တော်သည် ကြွယ်ဝချမ်းသာမှုအတွက် စီးပွားရေးသဘောဖြင့် အံ့ဖွယ်အမှုများပြုလုပ်နေခြင်းမဟုတ်။ ယင်းအစား ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်နေခြင်းသာဖြစ်သည်။ လေဝိသားတို့သည် ဥပုသ်နေ့တွင် မြင့်မြတ်သောဘုရားဝတ်ကို ဆောင်ရွက်ခွင့်ရှိသည်နည်းတူ ယေရှုလည်း ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခြင်းမရှိဘဲ မေရှိယအဖြစ် ဘုရားပေးတာဝန်များကို တရားသဖြင့်ထမ်းဆောင်နိုင်ပေသည်။—မဿဲ ၁၂:၅။
ဥပုသ်နေ့တွင် ယေရှုရောဂါကုသပေးခြင်းက ဂျူးကျမ်းတတ်နှင့်ဖာရိရှဲတို့၏ ‘လွန်ကျူးစွာဖြောင့်မတ်’ သောသဘော၊ စဉ်းစားတွေးခေါ်ရာ၌ တင်းကျပ်၍ မျှတမှုမရှိသည့်သဘောတို့ကိုပါ ဖော်ထုတ်ခဲ့သည်။ (ဒေသနာ ၇:၁၆) သီတင်းပတ်၏ရက်အချို့၌သာ ကောင်းမှုပြုရန်သတ်မှတ်ခြင်းသည် ဘုရားသခင်၏အလိုတော် မဟုတ်သကဲ့သို့ အဓိပ္ပာယ်မဲ့သောစည်းမျဉ်းများလိုက်ခြင်းဖြင့် ဥပုသ်နေ့ကို အချည်းနှီးဖြစ်စေရန်လည်း ဘုရားသခင်မရည်ရွယ်သည်မှာ ထင်ရှားပါသည်။ မာကု ၂:၂၇ တွင်ယေရှုဤသို့ဆိုသည်– “ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဖို့ဖြစ်သည်မဟုတ်။” ယေရှုသည် စိတ်ထင်ရာရေးဆွဲထားသည့် စည်းမျဉ်းများကိုမဟုတ်ဘဲ လူကိုသာချစ်တော်မူ၏။
သို့ဖြစ်သောကြောင့် ယနေ့ခရစ်ယာန်များသည် စဉ်းစားတွေးခေါ်ရာ၌ အလွန်အမင်းတင်းကျပ်ခြင်း သို့မဟုတ် စည်းမျဉ်းကိုအဓိကထားခြင်း မပြုလျှင်ကောင်းသည်။ အသင်းတော်တွင် အခွင့်အာဏာရှိသူများသည် လွန်ကဲသောလူ့စည်းမျဉ်းနှင့်မူဝါဒများဖြင့် အခြားသူများကို ဝန်လေးအောင်မလုပ်သင့်ပေ။ ယေရှု၏ပုံသက်သေက ကောင်းမှုပြုနိုင်သည့်အခွင့်အရေးများကို မျက်စိရှင်ရှင်ထားရန်အားပေးသည်။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင်ပါဝင်သည့်အခါ၊ သို့မဟုတ် စင်မြင့်ပေါ်မှဟောပြောသည့်အခါတွင်သာ သမ္မာတရားကို သူတစ်ပါးအားပြောဟောမည်ဟု ဘယ်သောအခါမျှသဘောမထားသင့်ပါ။ ခရစ်ယာန်တစ်ဦးသည် “မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ်အသင့်ရှိနေ” သင့်သည်ဟုတမန်တော်ပေတရုပြောသည်။ (၁ ပေတရု ၃:၁၅) ကောင်းမှုပြုရန် အချိန်ကန့်သတ်ချက်မရှိပါ။
ကြင်နာတတ်ဖို့သင်ခန်းစာ
ထူးခြားသောအံ့ဖွယ်အမှုနောက်တစ်ခုကို လုကာ ၇:၁၁-၁၇ တွင်မှတ်တမ်းတင်ထားသည်။ မှတ်တမ်းအဆိုအရ ယေရှုသည် “နာဣနမြို့သို့ကြွတော်မူ၍ တပည့်တော်များနှင့်လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။” ယနေ့ထက်တိုင် ခေတ်သစ်အာရပ်ကျေးရွာဖြစ်သော နိန်း၏အရှေ့တောင်ဘက်တွင် သင်္ချိုင်းများကိုတွေ့ရသည်။ “မြို့တံခါးအနီးသို့ရောက်သောအခါ” ကိုယ်တော်သည် အုတ်အုတ်ကျက်ကျက်ဖြစ်နေသောလူစုကိုမြင်တော်မူ၏။ “မုဆိုးမ၌တစ်ယောက်တည်းသောသားအသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာထုတ်သွား၍ မြို့သူမြို့သားများတို့သည်လိုက်ကြ၏။” အိပ်ချ်. ဘီ. ထရစ္စထရမ်က ဤသို့သတိပြုသည်။ ရှေးခေတ်မှ “ဈာပနအစီအစဉ်သည် ပြောင်းလဲခြင်းမရှိပေ။ ငိုချင်းသည်များသည် အလောင်းစင်ရှေ့မှသွားကြပြီး ဝမ်းနည်းသည့်အထိမ်းအမှတ်အဖြစ် အကြမ်းတမ်းဆုံး ကိုယ်ဟန်အမူအရာများနှင့် လက်များကိုအားကုန်လှုပ်ရှား၍ မိမိတို့ဆံပင်ကိုဆွဲကြ၊ ကွယ်လွန်သူအမည်ကို ဟစ်ခေါ်ကြကာ ငိုကြွေးကြသည်။”—Eastern Customs in Bible Lands.
၎င်းအုတ်အုတ်ကျက်ကျက်ဖြစ်နေသည့် လူအုပ်အလယ်တွင် နာကျင်ခြင်းဝေဒနာ ပြင်းစွာခံစားရသောမျက်နှာထားရှိ ကြေကွဲဝမ်းနည်းနေသူ မုဆိုးမတစ်ဦးလိုက်ပါလာသည်။ ခင်ပွန်းသေဆုံးပြီးနောက်၊ စာရေးဆရာဟားဘတ်လော့ခ်ယာ၏စကားအရ သူမသည်သားဖြစ်သူကို “အိုမင်းခြင်း၏တောင်ဝှေး၊ အထီးကျန်ဘဝ၏သက်သာရာ၊ မိသားစု၏အားထားရာအဖြစ် ယူမှတ်ထားသည်။ တစ်ဦးတည်းသောသားသေဆုံးသည့်အခါ သူမ၏နောက်ဆုံးအားထားရာသည် ပြိုပျက်သွားလေသည်။” (All the Miracles of the Bible) ယေရှုမည်သို့တုံ့ပြန်တော်မူသနည်း။ လုကာ၏ထိမိလှသည့်စကားများအရ “သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍ ‘မငိုနှင့်’ ဟုမိန့်တော်မူ” သည်။ “သနားခြင်းစိတ်တော်ရှိ၍” ဟူသောစကားသည် “အူသိမ်အူမ” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိစကားလုံးမှဆင်းသက်လာရာ အဓိပ္ပာယ်မှာ “ရင်ထဲအသည်းထဲအထိ နင့်သွားအောင်လှုံ့ဆော်ခံရသည်” ဖြစ်သည်။ (Vine’s Expository Dictionary of Old and New Testament Words) မှန်ပါသည်၊ ယေရှုသည် ရင်နင့်သွားအောင်ခံစားလိုက်ရတော်မူ၏။
ထိုအချိန်တွင် ယေရှု၏မယ်တော်ကိုယ်တိုင်လည်း မုဆိုးမဖြစ်နေဖွယ်ရှိသဖြင့် ယေရှု၏မွေးစားအဖေယောသပ်ကွယ်လွန်ရာ၌ ဆုံးပါးမှု၏နာကျင်ခြင်းဝေဒနာကို သဘောပေါက်နားလည်ပေလိမ့်မည်။ (ယောဟန် ၁၉:၂၅-၂၇ နှိုင်းယှဉ်။) ထိုမုဆိုးမသည် ယေရှုအား အသနားခံနေစရာမလိုခဲ့ပေ။ မောရှေ၏ပညတ္တိကျမ်းအရ လူသေကောင်ကိုထိသောသူသည် မစင်ကြယ်ဟုဆိုထားလင့်ကစား ကိုယ်တော်သည် စိတ်လိုကိုယ်လျောက် “အနီးသို့ကြွ၍ တလားကိုလက်နှင့်တို့တော်မူ” ၏။ (တောလည်ရာ ၁၉:၁၁) ယေရှုသည် အံ့ဖွယ်တန်ခိုးအားဖြင့် မစင်ကြယ်မှုဖြစ်စေသည့် အကြောင်းတရားကိုယ်နှိုက်ကို ပယ်ရှားပစ်နိုင်တော်မူ၏။ “ကိုယ်တော်ကလည်း ‘အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်’ ဟုမိန့်တော်မူလျှင် သေသောသူသည်ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အားအပ်ပေးတော်မူ၏။”
သနားကြင်နာခြင်းနှင့်ပတ်သက်သော တကယ်ထိမိလှသည့်သင်ခန်းစာပါတကား! ခရစ်ယာန်များသည် ဤ ‘နောက်ဆုံးကာလ’ ၏မေတ္တာခေါင်းပါးသော၊ စိမ်းကားသောသဘောမျိုးကို အတုမယူသင့်ပေ။ (၂ တိမောသေ ၃:၁-၅) ထိုသို့ဖြစ်မည့်အစား ၁ ပေတရု ၃:၈ ကဤသို့တိုက်တွန်းသည်– “အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း . . . ရှိကြလော့။” မိတ်ဆွေတစ်ဦးသည် သေခြင်းကြောင့်ကြေကွဲဝမ်းနည်းရသည့်အခါ၊ သို့မဟုတ် အသည်းအသန်ဖျားနာသည့်အခါ ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်အောင်မလုပ်ပေးနိုင်သကဲ့သို့ ရောဂါပျောက်ကင်းအောင်လည်း မကုပေးနိုင်ချေ။ သို့သော်လည်း သူ့အိမ်သို့သွား၍ သူတို့နှင့်အတူငိုကြွေးခြင်းကို ပြုခြင်းဖြင့် သူတို့အားလက်တွေ့ကျသော ကူညီမှုနှင့်နှစ်သိမ့်မှု ပေးနိုင်ပေသည်။—ရောမ ၁၂:၁၅။
ယေရှုပြုတော်မူခဲ့သော ဤထူးခြားသည့်ရှင်ပြန်ထမြောက်ခြင်းသည်လည်း အနာဂတ်ကာလကိုညွှန်ပြသည်။ ထိုအချိန်အခါတွင် “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ထွက်” လာလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) ကမ္ဘာတစ်ဝန်းရှိ ဝမ်းနည်းကြေကွဲသူများသည် သေခြင်းကြောင့်ကွေကွင်းခဲ့ရသောမိခင်၊ ဖခင်၊ သားသမီးများ၊ မိတ်ဆွေသူငယ်ချင်းများ သင်္ချိုင်းမှပြန်လာကြသည့်အခါ ကျွန်ုပ်တို့ကိုယ်တိုင် ယေရှု၏သနားကြင်နာမှုကို ခံစားကြရလိမ့်မည်။ အံ့ဖွယ်အမှုများ၏သင်ခန်းစာများ
ထို့ကြောင့် ယေရှု၏အံ့ဖွယ်အမှုများသည် ရင်ဖိုဖွယ်ရာ တန်ခိုးပြခြင်းထက်မကကြောင်း ထင်ရှားသည်။ ယင်းတို့သည် ဘုရားသခင့်ဘုန်းတော်ကိုထင်ရှားစေပြီး ‘ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှား’ စေရန်တိုက်တွန်းခံရသောခရစ်ယာန်များအတွက် စံနမူနာဖြစ်ပေသည်။ (ရောမ ၁၅:၆) ယင်းတို့က ကောင်းမှုပြုရန်၊ ရက်ရောရန်၊ ကြင်နာစိတ်ရှိရန် အားပေးသည်။ ထိုထက်အရေးကြီးသည်ကား ခရစ်တော်၏အနှစ်တစ်ထောင် အုပ်စိုးချိန်အတွင်း ပြုလုပ်မည့် တန်ခိုးကြီးသောအမှုတော်များ၏ အကြိုမြင်ကွင်းလည်းဖြစ်ပေသည်။
မြေကြီးပေါ်ရှိစဉ်က ယေရှုသည် သေးငယ်သောနယ်မြေဒေသတစ်ခုတွင်သာ တန်ခိုးကြီးသောအမှုများကို ပြုလုပ်တော်မူခဲ့သည်။ (မဿဲ ၁၅:၂၄) ဘုန်းထင်ရှားသောဘုရင်ဖြစ်သည့်အခါ ကိုယ်တော်၏စီရင်ပိုင်ခွင့်သည် မြေတစ်ပြင်လုံးပျံ့နှံ့လိမ့်မည်။ (ဆာလံ ၇၂:၈) ရှေးအချိန်က အံ့ဖွယ်တန်ခိုးတော်ဖြင့် ရောဂါပျောက်ကင်းခဲ့သူများနှင့် ရှင်ပြန်ထမြောက်ခဲ့သူများသည် နောက်ဆုံးတစ်နေ့တွင် သေဆုံးသွားကြသည်။ ကောင်းကင်ဘုံမှ အုပ်စိုးတော်မူသည့်အခါ၌မူ အပြစ်နှင့်သေခြင်းသည် လုံးလုံးလျားလျားဖယ်ရှားခံရမည်ဖြစ်၍ ထာဝစဉ်အသက်ရှင်နိုင်သည့်လမ်း ပွင့်လာပေမည်။ (ရောမ ၆:၂၃; ဗျာဒိတ် ၂၁:၃၊ ၄) မှန်ပါသည်၊ ယေရှု၏အံ့ဖွယ်အမှုများသည် ခမ်းနားထည်ဝါသောအနာဂတ် ရောက်ရှိလာမည်ကိုညွှန်ပြသည်။ ယေဟောဝါသက်သေများသည် သန်းပေါင်းများစွာသောသူတို့ကို ယင်းအနာဂတ်တွင်ပါဝင်ရန် စစ်မှန်သောမျှော်လင့်ချက်ရှိလာအောင် ကူညီပေးခဲ့လေပြီ။ ထိုအချိန်မတိုင်မီ မကြာမီ ဖြစ်ပျက်လာမည့်အရာများကို ယေရှုခရစ်၏အံ့ဖွယ်အမှုများမှ တင်ကူးမြည်းစမ်းခွင့်ရခြင်းသည် မည်မျှအံ့ချီးဖွယ်ပါတကား!
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှုသည် ရေကိုစပျစ်ရည်ဖြစ်စေခဲ့