စာရှုသူများထံမှ မေးခွန်းလွှာ
အစောပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံးတို့သည် တစ်ခုတည်းသောလူမျိုးနှင့်နောက်ခံတူသောနိုင်ငံသားများဖြစ်သည့် ဂျူးများဖြစ်ကြရာ ဘုရားသခင် ရွေးချယ်တော်မူခဲ့ခြင်းသည် မျက်နှာလိုက်ရာမကျပေလော။
မဟုတ်ပါ၊ ကိုယ်တော်သည် လုံးဝမျက်နှာလိုက်တော်မမူ။ တပည့်တော်များအဖြစ် ယေရှု ဦးဆုံးခေါ်ခဲ့သူများသည် ဂျူးများဖြစ်ကြသည်။ ထိုနောက် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲတွင် ဂျူးများနှင့် ဂျူးဘာသာဝင်များသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဦးဆုံးဘိသိက်ခံများဖြစ်လာကြရာ ခရစ်တော်နှင့်အတူ ကောင်းကင်တွင် အုပ်စိုးမည့်အခွင့်ကို ရရှိကြသည်။ နောက်ပိုင်း၌သာ ရှမာရိလူတို့နှင့် အရေဖျားလှီးခြင်းမခံသော တစ်ပါးအမျိုးသားတို့ ဘာသာပြောင်းခြင်းပါဝင်လာသည်။ သို့ဖြစ်၍ ထိုအချိန်ကာလတွင် အုပ်ချုပ်ရေးအဖွဲ့သည် တမန်တော် ၁၅:၂ ဆိုသည့်အတိုင်း ဂျူးလူမျိုးများဖြစ်ကြသည့် “ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့” ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဤသူများသည် ကျမ်းစာဆိုင်ရာအသိပညာကိုနက်နက်နဲနဲသိရှိကြပြီး စစ်မှန်သောဝတ်ပြုရေးတွင်နှစ်များစွာ အတွေ့အကြုံ ရှိခဲ့သူများဖြစ်ကြသည်။ ပါရမီရင့်ကျက်သော ခရစ်ယာန်အကြီးအကဲများအဖြစ်သို့ ရောက်ရှိလာကြရန် အချိန်ပိုမို ရရှိခဲ့ကြသူများလည်း ဖြစ်သည်။—ရောမ ၃:၁၊ ၂ နှိုင်းယှဉ်။
တမန်တော် ၁၅ တွင်ပြန်လည်ဖော်ပြထားသည့် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပချိန်တွင် တစ်ပါးအမျိုးသား မြောက်မြားစွာတို့သည် ခရစ်ယာန်များ ဖြစ်လာကြပေပြီ။ ဤသူတို့တွင် အာဖရိကတိုက်သား၊ ဥရောပတိုက်သား နှင့် အခြားနယ်ပယ်အသီးသီးမှသူများ ပါဝင်သည်။ သို့ဖြစ်သော်လည်း ဂျူးမဟုတ်သူများအတွက် ခရစ်ယာန်ဘာသာတရားသည် နှစ်မြို့ဖွယ်ရာဖြစ်စေရန် အုပ်ချုပ်ရေးအဖွဲ့သို့ တစ်ပါးအမျိုးသားများကို ထိုစဉ်အခါ၌ ထပ်ဖြည့်ခဲ့သည်ဟူသော မှတ်တမ်းတင်ထားချက် မရှိပါ။ ဤဘာသာပြောင်းဝင်လာခါစဖြစ်သူ တစ်ပါးအမျိုးသားခရစ်ယာန်များသည် “ဘုရားသခင်၏ဣသရေလအမျိုး” တွင် တန်းတူရည်တူ ပါဝင်ကြသူများ ဖြစ်ကြသော်လည်း ထိုစဉ်က အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သည့် တမန်တော်များကဲ့သို့သော ဂျူးခရစ်ယာန်များ၏ ပါရမီရင့်ကျက်မှုနှင့် ပို၍အတွေ့အကြုံရှိမှုကို သူတို့တန်ဖိုးထား လေးမြတ်ခဲ့ကြပေမည်။ (ဂလာတိ ၆:၁၆) ထိုသို့သောအတွေ့အကြုံရှိမှုကို မည်မျှတန်ဖိုးထားကြောင်း တမန်တော် ၁:၂၁၊ ၂၂ တွင်သတိပြုပါ။—ဟေဗြဲ ၂:၃; ၂ ပေတရု ၁:၁၈; ၁ ယောဟန် ၁:၁-၃။
ဣသရေလလူမျိုးနှင့် ဘုရားသခင်သည် ရာစုနှစ်ပေါင်းများစွာ အထူးတလည် ဆက်ဆံခဲ့ပြီးထိုလူမျိုးမှမိမိ၏ တမန်တော်များကို ယေရှုရွေးတော်မူခဲ့သည်။ ယခု တောင်အမေရိကတိုက် သို့မဟုတ် အာဖရိကတိုက် သို့မဟုတ် အရှေ့ဖျားဟုခေါ်သည့်ဒေသတို့မှ သူတို့ တမန်တော်များ မဖြစ်လာကြခြင်းသည် မှားယွင်းမှု သို့မဟုတ် မတရားမှု မဟုတ်ပါ။ အတန်ကြာလျှင် ထိုအရပ်ဒေသမှ ယောက်ျား၊ မိန်းမများသည် ကမ္ဘာပေါ်တွင် တမန်တော်တစ်ပါးဖြစ်ရခြင်း၊ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ရခြင်း သို့မဟုတ် ယနေ့ ဘုရားသခင့်လူမျိုးတွင် အခြားမည်သည့်ခန့်အပ်ခံရခြင်းထက်မဆို ထူးမြတ်သောအခွင့်အရေးများကို ခံစားရမည်ဖြစ်သည်။—ဂလာတိ ၃:၂၇-၂၉။
တမန်တော်တစ်ပါးက “ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏” ဟုပြောဆိုရန် တိုက်တွန်းခံခဲ့ရသည်။ (တမန်တော် ၁၀:၃၄၊ ၃၅) မှန်ပါ၏၊ ခရစ်တော်၏ ရွေးဖိုးပူဇော်သကာအကျိုးကျေးဇူးများကို မျက်နှာလိုက်ခြင်းမရှိ လူတိုင်းရယူနိုင်ကြသည်။ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ လူတို့သည် ကောင်းကင်နိုင်ငံတော်တွင်သော်လည်းကောင်း၊ ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်မည့် လူအုပ်ကြီးတွင်သော်လည်းကောင်း ပါဝင်နိုင်ကြမည်ဖြစ်သည်။
လူများစွာတို့သည် လူမျိုးရေး၊ ဘာသာစကား၊ သို့မဟုတ် အမျိုးသားနောက်ခံများအတွက်နှင့် အကဲဆတ်တတ်ကြသည်။ တမန်တော် ၆:၁ တွင်ဖတ်ရှုရသောအဖြစ်အပျက်က ယင်းကိုဖော်ပြသည်။ ကိစ္စတစ်ရပ်ကြောင့် ဂရိစကားပြောသောခရစ်ယာန်များနှင့် ဟေဗြဲစကားပြောသောခရစ်ယာန်များစပ်ကြား ညည်းညူမှုဖြစ်ပေါ်ခဲ့သည်။ လူမျိုးတစ်မျိုး၊ ဘာသာစကားတစ်ခု သို့မဟုတ် လူမျိုးစုတစ်စု၏နောက်ခံ သို့မဟုတ် လိင်တို့နှင့်ဆိုင်သော အကဲဆတ်ခြင်းတို့ကြား ကျွန်ုပ်တို့ကြီးပြင်းလာခြင်း သို့မဟုတ် ယင်းတို့ကိုခံယူခဲ့ခြင်း ဖြစ်ပေမည်။ ထိုသို့အမှန်ဖြစ်ပျက်နေသဖြင့် ကျွန်ုပ်တို့၏ ပြင်ပရူပကာသည် မည်သို့ပင်ရှိစေကာမူ လူသားအားလုံးတို့သည် ဘုရားသခင့်ရှေ့တွင် တန်းတူရည်တူဖြစ်ကြသည်ဟူသော ဘုရားသခင်၏အမြင်မျိုးဖြင့် ကျွန်ုပ်တို့၏ခံစားချက်များနှင့် တုံ့ပြန်မှုများကို ပုံသွင်းပေးရန် ကြိုးစားအားထုတ်သင့်သည်။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ၏ အရည်အချင်းတို့ကို ဘုရားသခင်မှတ်တမ်းတင်စေခဲ့သောအခါ လူမျိုးနှင့် အမျိုးသားနောက်ခံအကြောင်း ကိုယ်တော်လုံးလုံးမပြောဆိုခဲ့ပါ။ ထိုသို့ပြုမည့်အစား အမှုတော်ထမ်းဆောင်နိုင်မည့်သူတို့၏ ဝိညာဏအရည်အချင်းများကို ကိုယ်တော်အာရုံပြုတော်မူ၏။ ယင်းအရည်အချင်းများသည် ပထမရာစု အုပ်ချုပ်ရေးအဖွဲ့နှင့်သက်ဆိုင်ခဲ့သကဲ့သို့ ယနေ့လည်း ဒေသခံအကြီးအကဲများ၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် ဌာနခွဲဝန်ထမ်းများနှင့်လည်း ထပ်တူပင်သက်ဆိုင်ပါသည်။