သန့်ရှင်းသော လက်ဖြင့် ယေဟောဝါအား ဝတ်ပြုလော့
မှုတ်သွင်းခံရလျက် ဆာလံဆရာဒါဝိဒ် ဤသို့သီဆိုခဲ့သည်– “အကျွန်ုပ်သည် ကိုယ်လက်ကိုအပြစ်ကင်းခြင်းနှင့်ဆေး၍ ယဇ်ပလ္လင်တော်ကိုဝန်းရံလျက်နေပါသည်၊ ထာဝရဘုရား။”—ဆာလံ ၂၆:၇။
ဤစကားလုံးများကို ရေးဖွဲ့ရာတွင် ဒါဝိဒ်သည် ဣသရေလနိုင်ငံ၏လေဝိယဇ်ပုရောဟိတ်များ ယဇ်ပလ္လင်ဆင်ခြေလျှောအတိုင်းတက်သွားပြီး မီးပေါ်တွင် သူတို့၏ယဇ်သကာများကိုတင်သည့် ထုံးတမ်းဓလေ့ကို အရိပ်အမြွက်ဖော်ပြနေခြင်းဖြစ်ပေမည်။ သို့သော် ဤဝတ်ပြုရေးလုပ်ဆောင်ချက်ကိုမဆောင်ရွက်မီ ယဇ်ပုရောဟိတ်တို့သည် သူတို့၏လက်နှင့်ခြေတို့ကိုဆေးကြောရန် တောင်းဆိုခံရသည်။ ယင်းသည် အသေးအဖွဲကိစ္စရပ်မဟုတ်ပါ။ ဤပဏာမအဆင့်ကိုလုပ်ဆောင်ဖို့ ပျက်ကွက်မည်ဆိုလျှင် ယဇ်ပုရောဟိတ်သည် သူ၏အသက်ကိုပေးဆပ်ရနိုင်သည်!—ထွက်မြောက်ရာ ၃၀:၁၈-၂၁။
ပုံဆောင် ဆေးကြောခြင်းသည် ဝိညာဏနှင့်စာရိတ္တသန့်ရှင်းမှုကို ဖြစ်စေသည်။ (ဟေရှာယ ၁:၁၆; ဧဖက် ၅:၂၆) ယနေ့ ယေဟောဝါသည် ကျွန်ုပ်တို့အား ကိုယ်တော်ထံအမှုထမ်းခြင်းအားဖြင့် “ယဇ်ပလ္လင်တော်ကိုဝန်းရံလျက်နေ” စေလိုသည်။ သို့သော် ယင်းကို သန့်ရှင်းသောလက်များဖြင့်ပြုရန် ကိုယ်တော်တောင်းဆိုသည်—ဒါဝိဒ်ပြောသည့်အတိုင်း “အပြစ်ကင်းခြင်းနှင့်” ဆေးကြောထားသောလက်များဖြင့်ဖြစ်သည်။ ယင်းသည် အသေးအဖွဲမျှသာဖြစ်သည့်တောင်းဆိုချက်မဟုတ်၊ မသန့်ရှင်းသောအကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေခံရလိမ့်မည်မဟုတ်ပါ။ (ဂလာတိ ၅:၁၉-၂၁) ဘုရားရေးရာလုပ်ငန်းများ၌ရှိသော ဘဝအသက်တာတစ်ခုက စာရိတ္တယိုယွင်းသည့်အကျင့်အကြံ၌ပါဝင်ရန်အတွက် လိုင်စင်ထုတ်မပေးပါ။ ယင်းကြောင့် တမန်တော်ပေါလုက ဤသို့ရေးသားခဲ့ခြင်းဖြစ်သည်– “သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။”—၁ ကောရိန္သု ၉:၂၇။
ဘုရားသခင့်မျက်နှာသာတော်နှင့် စစ်မှန်သောပျော်ရွှင်မှုကို ရှာဖွေနေသူတို့သည် ယေဟောဝါအား သန့်ရှင်းသောလက်ဖြင့်အမှုဆောင်သင့်သည်။ ဒါဝိဒ်နည်းတူ သူတို့သည် “ဖြောင့်မတ်စုံလင်သောစိတ်သဘောနှင့်” လျှောက်လှမ်းကြမည်ဖြစ်သည်။—၃ ဓမ္မရာဇဝင် ၉:၄။