စာရှုသူများထံမှ မေးခွန်းလွှာ
ဧဖက် ၃:၁၄၊ ၁၅ (ကဘ) က “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော မိသားစုအားလုံး မိမိတို့အမည်” ကို ဘုရားသခင်ထံမှရကြသည်ဟုဆိုသည်။ ကောင်းကင်ပေါ်တွင် မိသားစုများရှိသလော၊ လူ့မိသားစုတိုင်းသည် တစ်နည်းနည်းဖြင့် ယေဟောဝါထံမှနာမည်ရခဲ့ကြသလော။
ဇာတိသဘောအရ အားလုံးတစ်ဦးနှင့်တစ်ဦးသွေးသားတော်စပ်ကြသော အဖေ၊ အမေနှင့် ကလေးများပါသည့် မြေကြီးပေါ်ရှိမိသားစုများကဲ့သို့ ကောင်းကင်ပေါ်တွင် မိသားစုများမရှိပါ။ (လုကာ ၂၄:၃၉; ၁ ကောရိန္သု ၁၅:၅၀) ကောင်းကင်တမန်များသည် လက်မထပ်ကြကြောင်း ယေရှုရှင်းလင်းစွာညွှန်ပြပြီး သူတို့ ကလေးမွေးဖွားကြလိမ့်မည်ဟု အရိပ်အမြွက်မျှပင်မဖော်ပြခဲ့ပေ။—မဿဲ ၂၂:၃၀။
သို့သော် ကျမ်းစာက ယေဟောဝါသည် မိမိ၏ကောင်းကင်အဖွဲ့အစည်းနှင့်ထိမ်းမြားထားသည်ဟု ပုံဆောင်သဘောအရဆိုသည်; ဝိညာဉ်သဘောအရ ကိုယ်တော်ထိမ်းမြားထားခြင်းဖြစ်သည်။ (ဟေရှာယ ၅၄:၅) ထိုကောင်းကင်အဖွဲ့အစည်းသည် ကောင်းကင်တမန်များကဲ့သို့သောသားများကိုမွေးထုတ်ပေးသည်။ (ယောဘ ၁:၆; ၂:၁; ၃၈:၄-၇) ထို့ကြောင့် ဤသဘောတရားအရ ကောင်းကင်ပေါ်တွင် အလွန်အံ့ချီးဖွယ်ကောင်းသောဝိညာဏမိသားစုတစ်စု ရှိနေပေသည်။
ထို့အပြင် ကောင်းကင်ပေါ်၌ ယေရှုခရစ်နှင့် ကိုယ်တော်၏ ၁၄၄,၀၀၀ သော သတို့သမီးအစုအဝေးတို့ဖြင့်ဖွဲ့ထားသည့် ပုံဆောင်မိသားစုအသစ်တစ်ခု ပေါ်ထွက်လာနေသည်။ (၂ ကောရိန္သု ၁၁:၂) ဤဘိသိက်ခံအများစုတို့သည် ကောင်းကင်အသက်တာမျှော်လင့်ချက်ဖြင့် သေဆုံးသွားကြပြီဖြစ်သည်။ အချို့တို့မှာ ကမ္ဘာပေါ်တွင်အသက်ရှင်လျက်ရှိနေကြသေး၏။ သူတို့အားလုံးသည် ကောင်းကင်ဆိုင်ရာ “သိုးသငယ်၏မင်္ဂလာဆောင်ပွဲ” ကို စိတ်အားထက်သန်စွာဖြင့်မျှော်လင့်စောင့်စားနေကြသည်။ ကျမ်းစာက ထိုမင်္ဂလာဆောင်ပွဲကို နီးကပ်လာနေပြီဖြစ်သည့် ကြီးစွာသောဒုက္ခ—မဟာဗာဗုလုန်ကြီးကိုဖျက်ဆီးခြင်း၊ ထို့နောက် ကျန်ရှိသည့်စာတန့်အစီအစဉ်စနစ်တစ်ခုလုံးကို ဖယ်ရှားပစ်ခြင်း—နှင့် ဆက်စပ်ထားသည်။—ဗျာဒိတ် ၁၈:၂-၅; ၁၉:၂၊ ၇၊ ၁၁-၂၁; မဿဲ ၂၄:၂၁။
မြေကြီးပေါ်ရှိမိသားစုများနှင့်ပတ်သက်လျှင် မိသားစုတိုင်းသည် ယေဟောဝါထံတော်မှ သူတို့၏နာမည်ကိုတိုက်ရိုက်ရရှိသည်ဟု ဧဖက် ၃:၁၅ တွင် တမန်တော်ပေါလုက ရည်ညွှန်းပြောဆိုနေခြင်းမဟုတ်ပေ။ သို့အစား နာမည်တစ်ခုကိုစောင့်ထိန်းကာကွယ်သော ရှည်လျားသည့်မျိုးရိုးစဉ်ဆက်များကို ပေါလုဆိုလိုနေကြောင်း ထင်ရှားသည်။ ယောရှု ၇:၁၆-၁၉ က ဥပမာတစ်ခုကိုပေးသည်။ ထိုတွင် အာခန်၏အပြစ်ကို ယေဟောဝါဖော်ထုတ်နေခြင်းဖြစ်၏။ ဦးဆုံး၊ ယုဒအနွယ်ပေါ်အာရုံစိုက်၍ ထိုအမျိုး၌သာအပြစ်ရှိသည်ဟု ကန့်သတ်လေသည်။ ထို့နောက် ဇေရိအဆွေအမျိုးသို့ ကျဉ်းမြောင်းသွားသည်။ နောက်ဆုံး အာခန်၏အိမ်ထောင် ဖော်ထုတ်ခံရသည်။ အာခန်နှင့် သူ၏ဇနီး၊ သူ၏သားသမီးများကို အာခန်၏အဘိုး ဇာဗဒိအိမ်ထောင် (သို့မဟုတ် မိသားစု) အဝင်အဖြစ် ရှုမြင်ကြသည်၊ သို့မဟုတ် ခေါ်ဆိုကြသည်။ တစ်ဖန် ထိုမိသားစုသည် သူတို့၏ဘိုးဘေးဇေရိ၏အမည်ကိုစောင့်ထိန်းသောမိသားစုဖြစ်ပြန်သည်။
ဟေဗြဲလူမျိုးတို့အလယ်၌ ယင်းသို့သောဆွေစဉ်မျိုးဆက်များသည် အလွန်အရေးကြီးကာ ယင်းတို့ကို ကျမ်းစာတွင်မြောက်မြားစွာမှတ်တမ်းတင်ရေးသားထားသည်။ လိုအပ်လာပါက မရီးကိုမတ်သိမ်းယူသည့်စနစ်ဖြင့် မိသားစုအမည်ကိုအဆက်မပြတ်စေရန် စီစဉ်ပေးခြင်းအားဖြင့် ဘုရားသခင်က ထိန်းသိမ်းစောင့်ရှောက်ပေးတော်မူသည်။—ကမ္ဘာဦး ၃၈:၈၊ ၉; တရားဟောရာ ၂၅:၅၊ ၆။
ယင်းကဲ့သို့ ကြီးမားကျယ်ပြန့်သည့် မိသားစုများနှင့်ပတ်သက်သော အခြားဥပမာတစ်ခုအနေနှင့် ဒါဝိဒ်၏သားတော် ယေရှုကိုဆင်ခြင်ကြည့်ပါ။ ကိုယ်တော်သည် ဒါဝိဒ်မင်းမှတိုက်ရိုက်ဆင်းသက်ပေါက်ဖွားလာသူမဟုတ်သည်မှာ သိသာပါသည်။ ဒါဝိဒ်သေပြီး ရာစုနှစ်ပေါင်းများစွာကြာပြီးသည့်နောက်၌ပင် ကိုယ်တော့်ကိုမမွေးသေးပေ။ သို့သော် မေရှိယသည် မည်သူမည်ဝါဖြစ်ကြောင်းထင်ရှားသည့်အမှတ်အသားတစ်ခုမှာ ဂျူးများသိကြသည့်အတိုင်း ကိုယ်တော်သည် ဒါဝိဒ်၏မိသားစုအဝင်ဖြစ်ရမည်ဖြစ်သည်။ (မဿဲ ၂၂:၄၂) ယေရှုသည် မိခင်ဘက်မှကြည့်လျှင်ဖြစ်စေ၊ မွေးစားဖခင်ဘက်မှကြည့်လျှင်ဖြစ်စေ ဒါဝိဒ်မှဆင်းသက်သူဖြစ်သည်။—မဿဲ ၁:၁; လုကာ ၂:၄။
သို့သော် ဤကဲ့သို့သောမိသားစုများသည် သူတို့၏အမည်များကို ယေဟောဝါထံတော်မှ မည်သို့ရရှိကြသနည်း။ အာဗြဟံနှင့်ဣဇာက်တို့၏အဖြစ်အပျက်မှာကဲ့သို့ စာသားအတိုင်း အိမ်ထောင်ဦးစီးတစ်ဦးကို ယေဟောဝါနာမည်ပေးခဲ့သည့်အခါ အနည်းအကျဉ်းတော့ရှိပါသည်။ (ကမ္ဘာဦး ၁၇:၅၊ ၁၉) ယင်းတို့မှာ ခြွင်းချက်ဖြစ်သည်။ များသောအားဖြင့် မိသားစုတစ်စုစီသည် သူတို့၏သားသမီးများထံလက်ဆင့်ကမ်းခဲ့ကြသည့်အမည်ကို ယေဟောဝါပေးတော်မမူခဲ့ချေ။
သို့သော်လည်း ယေဟောဝါသည် အာဒံနှင့်ဧဝတို့ကို “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” ဟု မိန့်တော်မူစဉ်က လူ့မိသားစုစနစ်ကို အစပြုခဲ့ပေသည်။ (ကမ္ဘာဦး ၁:၂၈) မစုံလင်သည့်အာဒံနှင့်ဧဝကို သားသမီးမွေးဖွားဖို့ ယေဟောဝါခွင့်ပြုခဲ့ခြင်းအားဖြင့် လူ့မိသားစုအားလုံးအတွက် အခြေခံကိုချပေးတော်မူသည်။ (ကမ္ဘာဦး ၅:၃) ထို့ကြောင့် ဘုရားသခင်အား မိသားစုနာမည်များ အစပြုပေးရှင်ဟူ၍ ခေါ်ဆိုနိုင်သည့်အကြောင်းများစွာရှိသည်။
ယခုခေတ်ရှိ ထုံးတမ်းစဉ်လာများစွာတို့၌ မျိုးစဉ်မျိုးဆက်တိုင်း မိသားစုနာမည်များကိုဆက်ခံဖို့လိုသည်ဟု မထင်မှတ်ကြတော့ပေ။ သို့သော်လည်း တိုင်းနိုင်ငံအားလုံးရှိ ခရစ်ယာန်များသည် မိသားစုအစီအစဉ်အတွက် ယေဟောဝါကိုကျေးဇူးတင်ကြပြီး သူတို့၏မိသားစုယူနစ်ကို အောင်မြင်စေရန်ကြိုးစားခြင်းအားဖြင့် ကိုယ်တော့်ကိုဂုဏ်တင်ကြသည်။