“ထိုသို့သောသူတို့ကို သိမှတ်ကြလော့”
ကာရိန္သုအသင်းတော်၌ အခြေအနေအရပ်ရပ်တို့မှာ မကောင်းဘဲဖြစ်နေ၏။ ထို၌ ထိတ်လန့်တုန်လှုပ်ဖွယ်အမှုများဖြစ်သော စာရိတ္တယိုယွင်းမှုနှင့် ညီအစ်ကိုများအကြားတွင် သင်းခွဲမှုများ ဖြစ်နေသည်။ အချို့သောသူတို့သည် ကြီးလေးသော ကိုယ်ပိုင်ပြဿနာများနှင့် ရင်ဆိုင်နေရကြသည်၊ သို့မဟုတ် ဖြေရှင်းပေးရန်လိုအပ်နေသော အငြင်းပွားမှုများရှိနေပါသည်။ ညီအစ်ကိုအချို့တို့သည် တစ်ဦးကိုတစ်ဦး တရားရုံးတွင် တရားစွဲဆိုနေကြသည်; အခြားသူများမှာ ရှင်ပြန်ထမြောက်ခြင်းကိုပင် ငြင်းပယ်နေကြသည်။
အရေးကြီးသောမေးခွန်းများလည်း ပေါ်ပေါက်နေသည်။ ဘာသာရေးအရ ကွဲပြားသောအိမ်ထောင်ရှိသူတို့သည် မိမိတို့၏မယုံကြည်သူအိမ်ထောင်ဖက်များနှင့် နေထိုင်သင့်သလော သို့မဟုတ် ခွဲနေရမည်လော။ အသင်းတော်တွင်း၌ ညီအစ်မများ၏ကဏ္ဍကား အဘယ်နည်း။ အရုပ်သို့ ပူဇော်ပသထားသောအသားကို စားသုံးခြင်းသည် သင့်လျော်ပါ၏လော။ သခင့်ညစာစားပွဲအပါအဝင် အစည်းအဝေးများကို မည်သို့ကျင်းပရမည်နည်း။—၁ ကောရိန္သု ၁:၁၂; ၅:၁; ၆:၁; ၇:၁-၃၊ ၁၂၊ ၁၃; ၈:၁; ၁၁:၁၈၊ ၂၃-၂၆; ၁၄:၂၆-၃၅။
ထိုကဲ့သို့ စိုးရိမ်ရသောဝိညာဏအခြေအနေအောက်တွင် သူတို့၏ညီအစ်ကိုများ၏ကောင်းကျိုးအတွက် ပူပန်သဖြင့် အခါယကု၊ ဖော်တုနတ်နှင့် သတေဖနာတို့သည် ဧဖက်တွင်ရှိသော တမန်တော်ပေါလုကို သွားရောက်တွေ့ဆုံရန် ခရီးထွက်ခဲ့ကြဟန်တူပေသည်။ ထိုကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသည့်သတင်းများအပြင် ဤကိစ္စများနှင့်ပတ်သက်သော မေးခွန်းများပါဝင်သည့် အသင်းတော်ထံမှ စာတစ်စောင်ကို ပေါလုထံသို့ သူတို့ယူဆောင်လာခဲ့ပေမည်။ (၁ ကောရိန္သု ၇:၁; ၁၆:၁၇) အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြသူများမှာ ဤညီအစ်ကိုသုံးယောက်တည်းသာ မဟုတ်ကြောင်းထင်ရှားသည်။ အမှန်သော်၊ အသင်းတော်သားများအကြား၌ ရှိနေသော သဘောထားကွဲလွဲမှုများကို “ခလောဣအိမ်သား” တို့ထံမှ ပေါလုသတင်းရရှိပြီးဖြစ်သည်။ (၁ ကောရိန္သု ၁:၁၁) စေတမန်များထံမှ သတင်းက အခြေအနေကို ပို၍ရှင်းလင်းစွာသိနားလည်ရန်၊ အဘယ်သြဝါဒကို ပေးဖို့နှင့် ပေါ်ပေါက်လာသောမေးခွန်းများကို မည်သို့ဖြေကြားဖို့ ဆုံးဖြတ်ချက်ချရန် ပေါလုအတွက် အကူအညီဖြစ်စေခဲ့ပေသည်။ ယခု ကောရိန္သုပထမစောင်အဖြစ် ကျွန်ုပ်တို့သိကြသော စာစောင်သည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုဖြင့် ပေါလု၏ပြန်ကြားချက်ဖြစ်ပါသည်။ အခါယကု၊ ဖော်တုနတ်နှင့် သတေဖနာတို့သည် ပြန်စာကို ယူဆောင်ပေးခဲ့သူများဖြစ်ကြပေမည်။
အခါယကု၊ ဖော်တုနတ်နှင့် သတေဖနာတို့ကား မည်သူတို့နည်း။ သူတို့အကြောင်းနှင့်ပတ်သက်၍ ကျမ်းစာဖော်ပြထားရာများကို လေ့လာခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူရရှိနိုင်မည်နည်း။
သတေဖနာ၏အိမ်ထောင်စု
သတေဖနာ၏အိမ်ထောင်စုသည် စီ.အီး. ၅၀ ခုနှစ်ခန့်က ဂရိတောင်ပိုင်းဒေသတွင်ရှိသော ရောမလက်အောက်ခံဖြစ်သည့် အခါယပြည်တွင် ပေါလုဓမ္မအမှု၏ “အဦးသီးသောအသီး” ဖြစ်ကြပြီး ပေါလုကိုယ်တိုင် သူတို့ကို နှစ်ခြင်းပေးခဲ့သည်။ သူတို့ကို ကောရိန္သုမြို့သားများအတွက် ရင့်ကျက်တည်ငြိမ်ခိုင်ခံ့သော ဩဇာလွှမ်းမိုးမှုတစ်ခု၊ ကိုးကားစရာနမူနာတစ်ရပ်အဖြစ် ပေါလုယူမှတ်ခဲ့သည်။ အသင်းတော်၏အကျိုးအတွက် သူတို့၏လုပ်ဆောင်မှုများကြောင့် ပေါလုက “ညီအစ်ကိုတို့၊ သတေဖနာ၏အိမ်သူအိမ်သားတို့သည် အခါယပြည်တွင် အဦးသီးသောအသီးဖြစ်၍ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုအပ်ကြောင်း သင်တို့သိကြသည်နှင့်အညီ၊ ထိုသို့သောသူတို့၏အုပ်ချုပ်ခြင်းကိုလည်းကောင်း၊ အမှုဆောင်ရွက်ခြင်း၌ကူညီမစ၍ ကြိုးစားအားထုတ်သောသူရှိသမျှ၏အုပ်ချုပ်ခြင်းကိုလည်းကောင်း သင်တို့ဝန်ခံကြမည်အကြောင်း ငါတောင်းပန်၏” ဟု သူတို့ကို လှိုက်လှဲစွာချီးမွမ်းခဲ့သည်။ (၁ ကောရိန္သု ၁:၁၆; ၁၆:၁၅၊ ၁၆၊ သမ္မာ) သတေဖနာ၏ “အိမ်သူအိမ်သား” တွင် မည်သူများပါဝင်ကြောင်း အတိအကျမဖော်ပြထားချေ။ ထိုဖော်ပြချက်က မိသားစုဝင်များကိုသာ ဆိုလိုခြင်းဖြစ်နိုင်သော်လည်း ကျွန်များ သို့မဟုတ် အလုပ်သမားများလည်း ပါဝင်နိုင်ပေသည်။ အခါယကုသည် ကျွန်တစ်ဦးကို ကိုယ်စားပြုသော လက်တင်နာမည်တစ်ခုဖြစ်ပြီး ဖော်တုနတ်သည် ကျွန်ဘဝမှလွတ်မြောက်သူတစ်ဦးကို ကိုယ်စားပြုသည့်အမည်ဖြစ်ရာ အချို့ ဋီကာဆရာများက နှစ်ဦးစလုံးသည် ထိုအိမ်ထောင်စုဝင်များဖြစ်ကောင်းဖြစ်နိုင်သည်ဟု မှန်းဆကြသည်။
မည်သို့ပင်ဆိုစေ သတေဖနာ၏အိမ်ထောင်စုကို စံထားအပ်သည့်အိမ်ထောင်စုဟု ပေါလုယူမှတ်ခဲ့သည်။ ၎င်း၏အိမ်သားများသည် “သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုအပ်” ကြသည်။ သတေဖနာ၏မိသားစုသည် အသင်းတော်၏ကောင်းကျိုးအတွက် လုပ်စရာများရှိကြောင်း အသိအမှတ်ပြုကြပြီး ဤလုပ်ငန်းတော်ကို ကိုယ်ပိုင်တာဝန်တစ်ရပ်ကဲ့သို့ စေတနာအလျောက်လက်ခံယူခဲ့ကြခြင်းဖြစ်မည်။ သန့်ရှင်းသူတို့အတွက် ထိုကဲ့သို့သော လုပ်ငန်းတော်ကို လုပ်ဆောင်ပေးလိုသော သူတို့၏စိတ်ဆန္ဒကြောင့် စိတ်ဓာတ်ဆိုင်ရာ ထောက်ခံအားပေးမှုနှင့် အသိအမှတ်ပြုမှုကို သူတို့အမှန်ပင်ခံထိုက်ပေသည်။
“ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ”
ကောရိန္သုအခြေအနေနှင့်ပတ်သက်၍ ပေါလုစိုးရိမ်နေသော်လည်း စေတမန်သုံးဦး ရောက်ရှိလာခြင်းက သူ့ကို အားရှိစေခဲ့သည်။ “သတေဖနာ၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား သင်တို့သည် ပြုစု၍မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံစေသဖြင့် ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ” ဟု ပေါလုက ဆို၏။ (၁ ကောရိန္သု ၁၆:၁၇၊ ၁၈၊ သမ္မာ) အခြေအနေကို စဉ်းစားကြည့်ရာတွင် ကောရိန္သုမှ ဝေးကွာနေရခြင်းသည် ပေါလုအတွက် အဓိကစိုးရိမ်စရာဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော် ယခု သူတို့၏တမန်များ ရောက်ရှိနေခြင်းက အသင်းတော်တစ်ခုလုံးမရှိစေကာမူ သူ့ကိုစိတ်သက်သာရာရစေသည်။ သူတို့ပေးသောသတင်းက အခြေအနေနှင့်ပတ်သက်၍ ပေါလုကို စုံစုံလင်လင်သိမြင်စေကာ အနည်းဆုံး သူ၏စိုးရိမ်မှုအချို့ကို ပြေပျောက်စေဖွယ်ရှိသည်။ စင်စစ် သူထင်ထားသလောက် မဆိုးလှ၍ဖြစ်ကောင်းဖြစ်မည်။
ပေါလု၏အဆိုအရ ထိုသုံးဦး၏ဆောင်ရွက်မှုသည် သူ၏စိတ်ကို လန်းဆန်းစေသည်သာမကဘဲ ကောရိန္သုအသင်းတော်၏စိတ်ဓာတ်ကိုပါ မြှင့်တင်ပေးခဲ့သည်။ သူတို့၏တမန်များသည် အခြေအနေအရပ်ရပ်ကို ပေါလုအား ရှင်းလင်းစွာတင်ပြပြီး သူ၏အကြံပေးချက်ဖြင့် ပြန်လာကြမည်ကို သိရခြင်းသည် သူတို့အတွက် သက်သာမှုတစ်ရပ်ပင်ဖြစ်မည်မှာ မလွဲပေ။
ထို့ကြောင့် သတေဖနာနှင့် သူ၏အဖော်နှစ်ယောက်တို့သည် ကောရိန္သု၏အကျိုးအလိုငှာ သူတို့၏လုပ်ဆောင်မှုအတွက် လှိုက်လှဲစွာချီးမွမ်းခံရလေသည်။ ဤလူများအတွက် ပေါလု၏လေးမြတ်မှုမှာ သူတို့ပြန်ရောက်သွားသောအခါ ကွဲပြားနေသော ကောရိန္သုအသင်းတော်တွင် ဦးဆောင်မှုပြုရန်ပင်ဖြစ်သည်။ “ထိုသို့သောသူတို့၏အုပ်ချုပ်ခြင်းကိုလည်းကောင်း၊ အမှုဆောင်ရွက်ခြင်း၌ ကူညီမစ၍ ကြိုးစားအားထုတ်သောသူရှိသမျှ၏ အုပ်ချုပ်ခြင်းကိုလည်းကောင်း သင်တို့ဝန်ခံကြ . . . ထိုသို့သောသူတို့ကို သိမှတ်ကြလော့” ဟု တမန်တော်က ညီအစ်ကိုများကို အားပေးတိုက်တွန်းခဲ့သည်။ (၁ ကောရိန္သု ၁၆:၁၆၊ ၁၈၊ သမ္မာ) ဤမျှထက်သန်စွာထောက်ခံချီးမွမ်းမှုများက အသင်းတော်အတွင်း တင်းမာမှုများအကြား၌ ဤလူများ၏ အပြည့်အဝသစ္စာစောင့်သိမှုကို ရှင်းလင်းပြတ်သားစွာဖော်ပြနေပေသည်။ ထိုကဲ့သို့သောလူများကို ချစ်ခင်လေးမြတ်သင့်ပေသည်။—ဖိလိပ္ပိ ၂:၂၉။
သစ္စာရှိစွာ ပူးပေါင်းဆောင်ရွက်မှုက ရလဒ်ကောင်းကို ဖြစ်ထွန်းစေ
ယေဟောဝါ၏အဖွဲ့အစည်းနှင့်ရော ယင်း၏ကိုယ်စားလှယ်များနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရလဒ်ကောင်းများ ဖြစ်ထွန်းစေကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ ပထမစာစောင်ရေးသားပြီးနောက်မကြာမီ၊ ယခုကောရိန္သုဒုတိယစောင်ဟုသိကြသော စာစောင်ကို ပေါလုရေးသားချိန်တွင် အသင်းတော်၌ အခြေအနေကောင်းမွန်နေပြီဖြစ်သည်။ အခါယကု၊ ဖော်တုနတ်နှင့် သတေဖနာတို့ကဲ့သို့သော ညီအစ်ကိုများ၏ စိတ်ရှည်စွာဖြင့် ဆက်လက်၍လုပ်ဆောင်မှုများအပြင် တိတု၏လည်ပတ်မှုတို့က ရလဒ်ကောင်းကို ဖြစ်ထွန်းစေခဲ့သည်။—၂ ကောရိန္သု ၇:၈-၁၅; တမန်တော် ၁၆:၄၊ ၅ နှိုင်းယှဉ်။
ယေဟောဝါလူမျိုးတော်၏ မျက်မှောက်ခေတ်အသင်းတော်မှ အသင်းသားများသည် ကျမ်းစာပါ ဤသစ္စာရှိအမျိုးသားတို့၏အကြောင်း အကျဉ်းချုပ်ဖော်ပြချက်ကို စဉ်းစားဆင်ခြင်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်သည်။ ဥပမာအနေနှင့် ဒေသခံအသင်းတော်အတွင်း၌ ဆက်လက်ဖြစ်ပျက်နေသောအခြေအနေတစ်ရပ်ကို အကြောင်းတစ်ခုခုကြောင့် ချက်ချင်းမဖြေရှင်းနိုင်ဘဲဖြစ်နေကာ ညီအစ်ကိုများအတွက် စိုးရိမ်ပူပန်စရာဖြစ်စေနေသည်ဟု ဆိုပါစို့။ အဘယ်အမှုကို ပြုလုပ်သင့်သနည်း။ အခြေအနေကို ပေါလုအား အသိပေးရန် သူတို့တာဝန်ကို တွန့်ဆုတ်ခဲ့ခြင်းမရှိသည့် သတေဖနာ၊ ဖော်တုနတ်နှင့် အခါယကုတို့ကို အတုယူပြီး အမှုကိစ္စကို ယေဟောဝါ၏လက်တော်ထဲ၌ ယုံကြည်စိတ်ချစွာ လွှဲအပ်ထားနိုင်သည်။ ဖြောင့်မတ်ခြင်းအတွက် စိတ်အားထက်သန်မှုကြောင့် မှီခိုလိုစိတ်ကင်းစွာ လုပ်ဆောင်လိုက်ရန် သို့မဟုတ် “ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်” မှု ဖြစ်သွားစေရန် သူတို့ခွင့်မပြုခဲ့ပါ။—သု. ၁၉:၃။
အသင်းတော်များကို ယေရှုခရစ် ပိုင်ဆိုင်တော်မူပြီး သင့်တော်သောအချိန်တွင် ကောရိန္သု၌ပြုခဲ့သကဲ့သို့ သူတို့၏ဝိညာဏကောင်းစားမှုနှင့် ငြိမ်သက်မှုကို အန္တရာယ်ဖြစ်စေနိုင်သည့် အဘယ်အခက်အခဲကိုမဆို ကိုယ်တော် ဖြေရှင်းပေးပါလိမ့်မည်။ (ဧဖက် ၁:၂၂; ဗျာဒိတ် ၁:၁၂၊ ၁၃၊ ၂၀; ၂:၁-၄) ထိုအချိန်၌ ကျွန်ုပ်တို့သည် သတေဖနာ၊ ဖော်တုနတ်နှင့် အခါယကုတို့တင်ပြခဲ့သော ပုံသက်သေကောင်းကိုလိုက်လျှောက်ကြပြီး ညီအစ်ကိုများအတွက် ဆက်လက်အမှုဆောင်နေကြမည်ဆိုလျှင် ကျွန်ုပ်တို့သည်လည်း သစ္စာရှိစွာဖြင့် အသင်းတော်အစီအစဉ်ကို ထောက်မနေမည်၊ ညီအစ်ကိုများကို တည်ဆောက်ပေးနေမည်၊ ‘မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း သူတို့ကို တိုက်တွန်းနှိုးဆော်နေကြမည်’ ဖြစ်ပေသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။