ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၇/၁ စာ. ၂၈-၃၁
  • ရဗ္ဗိ ဟုမည်သူအခေါ်ခံ ထိုက်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရဗ္ဗိ ဟုမည်သူအခေါ်ခံ ထိုက်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မောရှေသည် ရဗ္ဗိတစ်ဦးလော
  • ထိုသခင်ကို တုပခြင်း
  • ခေတ်ကာလတစ်လျှောက်ရှိ ရဗ္ဗိများ
  • “သင်တို့မူကား ရဗ္ဗိအခေါ်မခံကြနှင့်”
  • စံနမူနာရှင်၏နောက်သို့ လိုက်ကြလော့
  • နှုတ်တိုက်ပညတ်—အဘယ်ကြောင့်ရေးသားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • တိုရာကျမ်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • တာလ်မွဒ်ကျမ်း ကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • မစ်ရှ်နာနှင့်မောရှေကို ဘုရားသခင်ပေးသည့်ပညတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၇/၁ စာ. ၂၈-၃၁

ရဗ္ဗိ ဟုမည်သူအခေါ်ခံ ထိုက်သနည်း

ကြမ္မာငင်သော ကမ္ဘာလှည့်ခရီးသည်တစ်ယောက်သည် လေဆိပ်သို့ အချိန်မီရောက်ဖို့ မျှော်လင့်ချက်နည်းပါးသွားပြီ။ ရာနှင့်ချီသောရဲသားများသည် ဂျေရုဆလင်မြို့လမ်းများပေါ် ပြွတ်သိပ်ကျပ်ညှပ်နေသည့် အသုဘပို့ဆောင်သူ ၃၀၀,၀၀၀ ကျော်ကို စောင့်ကြပ်ပေးရင်း တစ်ဖက်တွင်လည်း ယာဉ်အသွားအလာကို ကြိုးစားညွှန်ကြားကြသည်။ “ဈာပနအစီအစဉ်၏အရွယ်ပမာဏသည် ယေဘုယျအားဖြင့် သမ္မတများ၊ ဘုရင်များ သို့မဟုတ် အာဏာရှင်များအတွက်သာ သီးသန့်သတ်မှတ်ထားကြ” ကြောင်း ဂျေရုဆလင်ပို့စ်က ဖော်ပြသည်။ အစ္စရေးမြို့တော်ကို နာရီနှင့်ချီ၍ ပိတ်ဆို့သွားစေသည့် ထိုကဲ့သို့သော ကြည်ညိုလေးစားမှုမျိုးကို ဖော်ပြရလောက်အောင် မည်သူကဖန်တီးနိုင်ခဲ့သနည်း။ လေးစားခံရသော ရဗ္ဗိတစ်ယောက်ကဖြစ်၏။ အဆိုပါရဗ္ဗိအခွင့်အရာသည် ဂျူးများအလယ်တွင် ဤမျှရိုသေလေးစားမှုကို အဘယ်ကြောင့် ရထိုက်သနည်း။ “ရဗ္ဗိ” ဟူသည့် ဝေါဟာရကို မည်သည့်အချိန်က စတင်အသုံးပြုလာသနည်း။ ယင်းသည် မည်သူနှင့်သာထိုက်တန်သနည်း။

မောရှေသည် ရဗ္ဗိတစ်ဦးလော

ယုဒဘာသာတရားတွင် ရိုသေလေးစားမှုအခံရဆုံးသောအမည်မှာ ဣသရေလ ပညတ်ပဋိညာဉ်၏ ဖျန်ဖြေစေ့စပ်ရေးမှူး မောရှေဖြစ်သည်။ ဂျူးသာသာရေးသမားများက သူ့အား “‘ကျွန်ုပ်တို့၏ရဗ္ဗိ’ မောရှေ” ဟုခေါ်ဆိုကြသည်။” သို့သော် ကျမ်းစာတွင် မည်သည့်နေရာ၌မျှ “ရဗ္ဗိ” ဟူသောဘွဲ့နာမဖြင့် မောရှေကိုခေါ်ဆိုထားခြင်းမရှိပါ။ အမှန်မှာ “ရဗ္ဗိ” ဟူသောဝေါဟာရကို ဟေဗြဲကျမ်းစောင်များတွင် လုံးဝမတွေ့ရပါ။ သို့ဆိုလျှင် ဂျူးများက မောရှေကို ဤပုံဤနည်းဖြင့် မည်သို့ခေါ်စမှတ်ပြုခဲ့ကြသနည်း။

ဟေဗြဲကျမ်းစောင်များအရ ပညတ်တော်ကို သွန်သင်ရှင်းပြရေးအတွက် တာဝန်နှင့်အခွင့်အာဏာကို လေဝိအနွယ် ယဇ်ပုရောဟိတ်များဖြစ်သော အာရုန်၏သားစဉ်မြေးဆက်များအား ပေးအပ်ထားသည်။ (ဝတ်ပြုရာ ၁၀:၈-၁၁; တရားဟောရာ ၂၄:၈; မာလခိ ၂:၇) သို့သော် ဘီ.စီ.အီး. ဒုတိယရာစုတွင် ယုဒဘာသာတရားအတွင်း တိတ်တဆိတ်ပြောင်းလဲမှု စတင်ခဲ့ရာ ထိုအချိန်မှစ၍ ဂျူးတို့၏သဘောထားထဲတွင် အရိုးစွဲသွားသည်။

အဆိုပါဝိညာဉ်ရေးဆိုင်ရာ အသွင်ပြောင်းမှုနှင့်စပ်လျဉ်း၍ ဒယ်နီယယ် ဂျာရ်မီ စေးလ်ဗားက ယုဒဘာသာတရား၏သမိုင်း စာအုပ်တွင် ဤသို့ရေးသားသည်– “[ထို] အချိန်တွင် ယဇ်ပုရောဟိတ်မဟုတ်သော ကျမ်းတတ်များနှင့် ကျမ်းပညာရှင်များသည် တိုရာ [မောရှေပညတ်] အနက်ပြန်ခွင့်ရထားသည့် ယဇ်ပုရောဟိတ်တရားဝင်အခွင့်အာဏာကို စတင်စောဒကတက်ခဲ့ကြသည်။ ယဇ်ပုရောဟိတ်များသည် ဗိမာန်တော်အမှုထမ်းများအဖြစ် လိုအပ်ကြောင်း လူတိုင်းသဘောတူကြသော်လည်း တိုရာနှင့်ပတ်သက်သည့် ကိစ္စတွင် အဆုံးသတ်အခွင့်အာဏာကို မည်သည့်အကြောင်းကြောင့် သူတို့အပိုင်စီးထားရပါသနည်း။” ဤယဇ်ပုရောဟိတ်အတန်းအစား၏ အခွင့်အာဏာကို စောဒကတက် သွေးထိုးလှုံ့ဆော်သူများကား မည်သူများနည်း။ ဖာရိရှဲများဟုခေါ်သည့် ယုဒဘာသာတရားအတွင်းရှိ အုပ်စုသစ်တစ်ခုဖြစ်သည်။ စေးလ်ဗား ဤသို့ဆက်ပြောသည်– “ဖာရိရှဲများသည် [ယဇ်ပုရောဟိတ်မျိုးရိုးမှ] မွေးဖွားလာခြင်းပေါ်တွင် မူတည်၍ဖြစ်လာခြင်းမဟုတ်ဘဲ အထူးကျောင်းပညာအရည်အချင်းအခြေအနေပေါ်တွင် မူတည်၍ဖြစ်လာကြသည်၊ သို့နှင့်သူတို့သည် ဘာသာရေးခေါင်းဆောင်ပိုင်းတွင် ဂျူးအတန်းအစားသစ်တစ်ရပ်ကို ဖြစ်ပေါ်လာစေသည်။”

စီ.အီး. ပထမရာစုသို့ရောက်သောအခါ အဆိုပါဖာရိရှဲအထူးပညာသင်ကျောင်းမှ ဘွဲ့ရများသည် ဂျူးပညတ်၏ ဆရာသမားများ သို့မဟုတ် သခင်များအဖြစ် ထင်ရှားလာကြသည်။ ရိုသေလေးစားသည့်သဘောဖြင့် အခြားဂျူးများက သူတို့အား ဟေဗြဲစကားတွင် ရဗ္ဗိဟုခေါ်သည့် “ကျွန်ုပ်၏ဆရာ” သို့တည်းမဟုတ် “ကျွန်ုပ်၏သခင်” အဖြစ် ခေါ်စမှတ်ပြုလာကြသည်။

ဂျူးသမိုင်းတွင် အကြီးမြတ်ဆုံးဆရာအဖြစ် ယူမှတ်ခံရသူဖြစ်သော မောရှေအတွက် ဤဘွဲ့နာမသစ်ကို အသုံးပြုခြင်းထက် ပို၍ခိုင်လုံသောဘွဲ့နာမကို ပေးအပ်စရာမရှိနိုင်တော့ပါ။ ယင်း၏အကျိုးဆက်အဖြစ် ဖာရိရှဲခေါင်းဆောင်မှု ဩဇာအာဏာတိုးပွားလာပြီး တစ်ချိန်တည်းတွင် ယဇ်ပုရောဟိတ်အုပ်စု၏ အရေးပါမှုမှေးမှိန်လာတော့သည်။ သို့နှင့် မောရှေသေဆုံးပြီးနောက် အနှစ် ၁,၅၀၀ ကျော်သောအခါ သူ့အား “ရဗ္ဗိ” ဟူ၍ တစ်ကျော့ပြန်ကင်ပွန်းတပ်ကြသည်။

ထိုသခင်ကို တုပခြင်း

“ရဗ္ဗိ” (“ကျွန်ုပ်၏သခင်”) ဟူသောအသုံးအနှုန်းကို လူအုပ်စုများက မိမိအလွန်လေးစားသည့် အခြားဆရာသမားများကို ရည်ညွှန်းရန် တစ်ခါတစ်ရံအသုံးပြုကြသော်လည်း ဤဝေါဟာရသည် ဖာရိရှဲများအလယ်တွင် ထင်ပေါ်ကျော်ကြားသည့် ဆရာသမားများဖြစ်သော “ကဝိများ” အတွက်အသုံးပြုလေ့ရှိသည်။ စီ.အီး. ၇၀ တွင် ဗိမာန်တော်ပျက်စီးသွားခြင်းကြောင့် ယဇ်ပုရောဟိတ်အဖွဲ့၏ အခွင့်အာဏာဆုံးခန်းတိုင်သွားရာ ဖာရိရှဲရဗ္ဗိများသည် ယုဒဘာသာတွင် ပြိုင်ဘက်ကင်းသောခေါင်းဆောင်များဖြစ်လာကြသည်။ သူတို့ရရှိထားသော ပြိုင်ဘက်မရှိရာထူးများက ရဗ္ဗိကဝိများပေါ်တွင် ဗဟိုပြုသည့် ဂိုဏ်းဂဏတစ်မျိုး ပေါ်ထွက်ရေးကို တွန်းအားပေးခဲ့သည်။

ဤစီ.အီး ပထမရာစု၏ အလှည့်အပြောင်းကာလကို ဆွေးနွေးရာတွင် ပါမောက္ခဒေါ့ဗ် ဇလေ့တ်နစ်ခ်က ဤသို့မှတ်ချက်ချသည်– “‘ကဝိများကို မျက်ခြည်မပြတ်ဂရုစိုက်ခြင်း’ သည် တိုရာကိုလေ့လာခြင်းထက် သာ၍အရေးပါလာသည်။” ဂျူးကျမ်းပညာရှင် ဂျေးကပ် နွိုင်စနာက ဤသို့ထပ်၍ရှင်းပြသည်– “အဆိုပါ ‘ကဝိများထံတပည့်ခံခြင်း’ သည် မိမိကိုယ်ကို ရဗ္ဗိတစ်ယောက် ဖြစ်စေသောကျောင်းသားတစ်ဦးဖြစ်သည်။ ‘တိုရာ’ ကို သင်ချင်သောကြောင့် သူဤသို့လုပ်ဆောင်ရခြင်းဖြစ်သည်။ . . .တိုရာကို ပညတ်တော်မှ လေ့လာခြင်းမဟုတ်ဘဲ သက်ရှိထင်ရှားလျက်ရှိသော ကဝိများ၏ နေထိုင်ကျင့်ကြံပုံများကိုရုပ်လုံးဖော်ထားသည့် ပညတ်ကိုကြည့်ကာ လေ့လာသင်ယူခြင်းဖြစ်သည်။ သူတို့သည် ထိုပညတ်ကို အပြောအားဖြင့်သာမကဘဲ အလုပ်အားဖြင့်ပါ သွန်သင်ပေးကြသည်။”

တယ်လ်မုဒ်ကျမ်းပညာတတ် အေဒင် စတန်းစဲလ်တ်ဇ်က ယင်းကိုထောက်ခံကာ ဤသို့ရေးသားသည်– “ကဝိများကိုယ်တိုင်ပြောသည့် စကားမှာ ‘ကဝိတို့၏ ထွေရာလေးပါးပြောခြင်းများ၊ အပြောင်အပြက်ပြောဆိုခြင်းများ သို့မဟုတ် အမှတ်တမဲ့ပြောလိုက်သောစကားများတို့ကို လေ့လာသင့်သည်’” ဟု ဆိုသည်။ ဤသို့လေ့လာခြင်းသည် မည်သည့်အတိုင်းအတာအထိ အကျုံးဝင်ပါသနည်း။ စတန်းစဲလ်တ်ဇ်က ဤသို့မှတ်ချက်ပြုသည်– “ယင်းနှင့်ပတ်သက်၍ လွန်ကဲသောနမူနာတစ်ခုမှာ မိမိဆရာကြီးနှင့် သူ့ဇနီးတို့ ပလူးနေကြပုံကို သိရှိတွေ့မြင်ရန် ဆရာကြီး၏အိပ်ရာအောက်တွင် သွားပုန်းအောင်းနေခြင်းနှင့်ပတ်သက်၍ အရေးယူခံရသော တပည့်တစ်ယောက်အကြောင်းဖြစ်သည်။ သူ၏စပ်စုရခြင်းအကြောင်းကို မေးမြန်းသည့်အခါ အဆိုပါတပည့်ငယ်က ‘ဒါဟာ တိုရာပဲလေ၊ လေ့လာထိုက်တယ်’ ဟုပြန်ဖြေသည်။ ၎င်းမှာ ရဗ္ဗိများနှင့် ကျောင်းသားများက ကျိုးကြောင်းညီညွတ်သည်ဟု ခံယူထားသော ချဉ်းကပ်နည်းဖြစ်သည်။”

တိုရာထက် ရဗ္ဗိကို ပို၍အလေးထားခြင်း—ရဗ္ဗိမှတစ်ဆင့် တိုရာကို လေ့လာခြင်း—ကြောင့် စီ.အီး ပထမရာစု အစောပိုင်းမှစ၍ ရဗ္ဗိ-အရှေ့တိုင်းဘာသာတရားတစ်ခုဖြစ်လာသည်။ လူတစ်ဦးသည် မှုတ်သွင်းခံနှုတ်ကပါဌ်တော်မှတစ်ဆင့် ဘုရားသခင်ထံ မချဉ်းကပ်ဘဲ လူ့စံနမူနာရှင် သခင်ဖြစ်သော ရဗ္ဗိထံမှတစ်ဆင့် ချဉ်းကပ်ကြသည်။ သို့နှင့် ဖြစ်ရိုးဖြစ်စဉ်အတိုင်း မှုတ်သွင်းခံကျမ်းစောင်ကို အလေးထားရာမှ အဆိုပါရဗ္ဗိများသွန်သင်ပို့ချသည့် နှုတ်တိုက်ပညတ်နှင့် ထုံးတမ်းစဉ်လာများကို အလေးထားလာကြတော့သည်။ ထိုအချိန်မှစ၍ တယ်လ်မုဒ်ကဲ့သို့သော ဂျူးစာပေများတွင် ဘုရားသခင်အကြောင်း ကြေညာချက်များထက် ရဗ္ဗိတို့နှင့်ပတ်သက်သည့် ဆွေးနွေးခန်းများ၊ ပုံတိုပတ်စများ၊ ပြုမူကျင့်ကြံပုံတို့ကို အသားပေးဖော်ပြကြသည်။

ခေတ်ကာလတစ်လျှောက်ရှိ ရဗ္ဗိများ

အကြီးအကျယ်သြဇာအာဏာလွှမ်းမိုးကြီးစိုးခဲ့ကြသော်လည်း အစောပိုင်းရဗ္ဗိများသည် သူတို့၏ဘာသာရေးလုပ်ငန်းမှ စီးပွားမရှာခဲ့ကြပါ။ Encyclopaedia Judaica က ဤသို့ဖော်ပြသည်– “တယ်လ်မုဒ်နှင့်ဆိုင်သော ရဗ္ဗိသည် . . . ယခုခေတ်တွင် အဆိုပါဘွဲ့ကိုခံယူထားသူများနှင့် လုံးဝကွာခြားသည်။ တယ်လ်မုဒ်နှင့်ဆိုင်သော ရဗ္ဗိသည် ကျမ်းစာနှင့်နှုတ်တိုက်ပညတ်ကို အနက်ပြန်သူ၊ အသေးစိတ်ရှင်းပြသူဖြစ်ပြီး အမြဲတမ်းဆိုရမလောက်ပင် အသက်မွေးမှုအတွက် လုပ်ငန်းတစ်ခုရှိထားသည်။ အလယ်ခေတ်အတွင်းမှစ၍သာ ရဗ္ဗိသည် . . . ဆရာ၊ ဟောပြောသူနှင့် ဂျူးလူထု သို့မဟုတ် ဂျူးရပ်ကွက်၏ ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်ဖြစ်လာခြင်းဖြစ်သည်။”

ရဗ္ဗိများက သူတို့၏ရာထူးကို လခစားလုပ်ငန်းအဖြစ် စတင်ပြောင်းလဲလိုက်သောအခါ အချို့သူများက ယင်းကို အပြစ်တင်ဆန့်ကျင်ကြသည်။ ဆရာဝန်တစ်ဦးအဖြစ် အသက်မွေးသော ၁၂ ရာစုအတွင်း၌ နာမည်ကျော် ရဗ္ဗိတစ်ဦးဖြစ်သည့် မိုင်မောန်နဒီးဇ်သည် အဆိုပါရဗ္ဗိများကို ပြင်းပြင်းထန်ထန်အပြစ်တင်ခဲ့သည်။ “[သူတို့သည်] မိမိတို့အတွက် လူတစ်ဦးချင်းနှင့် ရပ်ကွက်များမှာ ငွေကြေးကောက်ခံဖို့ စီစဉ်ကြပြီး ကဝိများ၊ ကျမ်းပညာရှင်များနှင့် တိုရာလေ့လာနေသူများအား [ငွေကြေးအရ] ထောက်ပံ့ရန် တာဝန်ရှိပြီး သင့်တော်ကြောင်း မိုက်မဲသည့်သဘောထားဖြင့် လူများအား အတွေးဝင်စေခဲ့ကြသည်။ သို့ဖြင့် သူတို့၏တိုရာသည် သူတို့၏အသက်မွေးဝမ်းကျောင်းဖြစ်ခဲ့သည်။ သို့သော် ယင်းတို့အားလုံး မှားသည်။ တိုရာတွင်သော်လည်းကောင်း၊ ကဝိများ၏အဆိုအမိန့်များတွင်သော်လည်းကောင်း ယင်းကို ထောက်ခံသည့် စကားလုံး တစ်လုံးမျှမပါပါ။” (မစ်ရှ်န ဋီကာ၊ အဗော့ ၄:၅) သို့ရာတွင် မိုင်မောန်နဒီးဇ်၏ ရှုတ်ချပြောဆိုချက်ကို နောင်လာ ရဗ္ဗိမျိုးဆက်တို့ မလိုက်နာခဲ့ကြပါ။

ယုဒဘာသာတရားသည် ယနေ့ခေတ်သို့ရောက်လာသောအခါ ပြုပြင်ပြောင်းလဲရေးယုံကြည်ချက်ဂိုဏ်း၊ မူဟောင်းယုံကြည်ချက်ဂိုဏ်းနှင့် အများသဘောကျယုံကြည်ချက်လိုက်သည့် ဂိုဏ်းများအဖြစ် ကွဲသွားသည်။ လူများစွာအတွက် ဂျူးဘာသာရေးယုံကြည်ချက်နှင့် ကျင့်ဝတ်တို့သည် အခြားအရေးကိစ္စများနှင့်စာလျှင် ဒုတိယတန်းစားဖြစ်လာသည်။ ရလဒ်အနေနှင့် ရဗ္ဗိရာထူးသည် မှေးမှိန်ယုတ်လျော့သွားတော့သည်။ ရဗ္ဗိသည် အဓိကအားဖြင့် လူများ၏ တရားဝင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မိမိအုပ်စု၏အဖွဲ့ဝင်များအတွက် ငွေကြေးပေးရသည့် ကြေးစားဆရာ၊ သွန်သင်သူအဖြစ် ပြုမူသည်။ သို့သော် အများကြိုက်အလွန်လိုက်သော ဟာစီဒစ်ခ်အုပ်စုများအလယ်တွင် သခင်နှင့် စံနမူနာရှင်များအဖြစ် ရဗ္ဗိဆိုင်ရာယူဆချက်သည် ပို၍ပင်ပြောင်းလဲသွားသေးသည်။

ဟာစီဒစ်ခ် ကာဘက်-လူဘာဗစ်ချ် လှုပ်ရှားမှုအကြောင်း မိမိ၏စာအုပ်တွင်ရေးသားထားသည့် အက်ဒ်ဝဒ် ဟော့ဖ်မန်၏ မှတ်ချက်များကို သတိပြုပါ– “လူမျိုးဆက်တိုင်းတွင် ဇက်ဒစ်ခ် [ဖြောင့်မတ်သူ] ဟူသော ဂျူးခေါင်းဆောင်တစ်ဦးတည်းရှိကြောင်းကိုလည်း အစောပိုင်း ဟာစီဒင်များက အလေးပေးဖော်ပြပြီး ထိုသူသည် သူ့ခေတ်သူ့အခါ၏ ‘မောရှေ’ ဖြစ်ရာ၊ ထိုသူ၏ပညာသင်စရိတ်နှင့် လေးစားခံရမှုသည် အခြားသူများနှင့်မတူပါ။ သူ၏ဘာသာရေးထက်သန်လွန်းမှုကြောင့် ဟာစီဒင်အုပ်စုတိုင်းက မိမိတို့၏ရယ်ဗာ [“ရဗ္ဗိ” အတွက် ယက်ဒစ်ရှ် လိုအခေါ်] သည် အနန္တတန်ခိုးရှင်၏ ပညတ်ဥပဒေများကိုပင် ဩဇာညောင်းနိုင်သည်ဟု ယူဆကြသည်။ သူသည် မိမိ၏ထုတ်ဖော်ဟောပြောချက်များအားဖြင့်သာမက လူသားချင်းသနားကြင်နာမှုကို မြှင့်တင်ပေးပြီး ဘုရားသခင်ဆီသို့ရောက်သောလမ်းကို မသိမသာညွှန်ပြပေးကြောင်း အမြင်ခံရသည့် သူ၏နေထိုင်ကျင့်ကြံပုံ (ဖော်ပြထားသည့်အတိုင်းဆိုလျှင် ‘မိမိ၏ရှူးဖိနပ်ကြိုးချည်ပုံကအစ’) ကပါ စံနမူနာရှင်အဖြစ် ရိုသေလေးစားခံရခြင်းဖြစ်သည်။”

“သင်တို့မူကား ရဗ္ဗိအခေါ်မခံကြနှင့်”

ခရစ်ယာန်ဘာသာတရားကို တည်ထောင်ခဲ့သော ပထမရာစုဂျူးလူမျိုး ယေရှုသည် ရဗ္ဗိများ၏ဖာရိရှဲအယူအဆက ယုဒဘာသာတရားကို စတင်ပခုံးချင်းယှဉ်လာသည့်အချိန်တွင် အသက်ရှင်ခဲ့သည်။ သူသည် ဖာရိရှဲတစ်ဦးသော်လည်းကောင်း၊ ၎င်းတို့၏အထူးပညာသင်ကျောင်းများတွင် လေ့ကျင့်ခံခဲ့ဖူးသူသော်လည်းကောင်း မဟုတ်ခဲ့ပါ။ သို့သော် သူသည်လည်း ရဗ္ဗိဟု အခေါ်ခံရသည်။—မာကု ၉:၅; ယောဟန် ၁:၃၈; ၃:၂။

ယုဒဘာသာတရားတွင် ရဗ္ဗိတို့လိုက်လျှောက်သော လမ်းစဉ်ကို ရှုတ်ချကာ ယေရှုက “ကျမ်းတတ်ဆရာတို့နှင့် ဖာရိရှဲတို့သည် မောရှေ၏ဖထိုင်ပေါ်တွင် ထိုင်သူများဖြစ်သည်။ ပွဲလမ်းသဘင်များ၊ ဓမ္မာရုံများတွင် မြင့်မြတ်သောနေရာကိုလည်းကောင်း၊ ဈေးများတွင် နှုတ်ဆက်ခံခြင်းနှင့် ရဗ္ဗိဟုလူတို့ခေါ်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။ သင်တို့မူကား ရဗ္ဗိအခေါ်မခံကြနှင့်။ ဆရာတစ်ပါးတည်းရှိလျက် သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏” ဟုမိန့်တော်မူခဲ့သည်။—မဿဲ ၂၃:၂၊ ၆-၈၊ သမ။

ယေရှုသည် ယုဒဘာသာတရားအတွင်း တိုးပွားလာနေသည့် ဓမ္မဆရာ-လူဝတ်ကြောင်အတန်းအစားကို သတိပေးခဲ့သည်။ ကိုယ်တော်သည် လူတို့အတွက် မသင့်တော်သောအဆိုပါ ထင်ပေါ်လိုမှုကို ပြစ်တင်ရှုတ်ချတော်မူခဲ့သည်။ “ဆရာတစ်ပါးတည်းရှိ” ကြောင်း ကိုယ်တော် ရဲရင့်စွာကြေညာခဲ့သည်။ ထိုသူကား မည်သူနည်း။

“ထာဝရဘုရားတွေ့ဆိုင်သိကျွမ်းတော်မူ” ပြီး ကဝိများကိုယ်တိုင်က “ကျွန်ုပ်တို့၏ရဗ္ဗိ” ဟု အခေါ်ခံရသူမောရှေသည် မစုံလင်သော လူသားတစ်ဦးဖြစ်သည်။ သူသည်ပင် အမှားများပြုလုပ်ခဲ့သည်။ (တရားဟောရာ ၃၂:၄၈-၅၁; ၃၄:၁၀၊ သမ; ဒေသနာ ၇:၂၀) မောရှေကို အကောင်းဆုံးနမူနာရှင်အဖြစ် ထုတ်ဖော်တော်မူမည့်အစား ယေဟောဝါက သူ့အား ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့အမျိုးသားချင်းတို့ထဲ၌ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အဖို့ငါပေါ်ထွန်းစေ၍ ထိုပရောဖက်နှုတ်၌ ငါ့စကားကိုငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အားဆင့်ဆိုရလိမ့်မည်။ ထိုပရောဖက်သည် ငါ့အခွင့်နှင့်ဟောပြောသော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲနေအံ့၊ ထိုသူကို ငါစစ်ကြောမည်။”—တရားဟောရာ ၁၈:၁၈၊ ၁၉။

ဤစကားများသည် မေရှိယဖြစ်သော ယေရှုတွင် ပြည့်စုံကြောင်း ကျမ်းစာပရောဖက်ပြုချက်များက ပြသသည်။a ယေရှုသည် မောရှေ “နှင့်တူသော” သူဖြစ်ရုံမက; မောရှေထက်သာ၍ ကြီးမြတ်သောသူလည်းဖြစ်သည်။ (ဟေဗြဲ ၃:၁-၃) ယေရှုသည် စုံလင်သောလူသားတစ်ဦးအဖြစ် မွေးဖွားလာပြီး မောရှေနှင့်မတူဘဲ “အပြစ်နှင့် ကင်းလွတ်တော်မူ” လျက် ဘုရားသခင့်အမှုတော်ကို ဆောင်ခဲ့ကြောင်း ကျမ်းစာက ဖော်ပြသည်။—ဟေဗြဲ ၄:၁၅။

စံနမူနာရှင်၏နောက်သို့ လိုက်ကြလော့

ရဗ္ဗိတစ်ဦး၏ အပြုအမူ၊ အပြောအဆိုတိုင်းကို အားသွန်ခွန်စိုက်လေ့လာခြင်းသည် ဂျူးများကို ဘုရားသခင်နှင့်သာ၍မနီးကပ်စေခဲ့ပါ။ မစုံလင်သောလူသားတစ်ဦးသည် သစ္စာရှိမှုနှင့်ပတ်သက်သည့် စံနမူနာရှင်တစ်ဦးဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့သည် သူ၏အပြုအမူတိုင်းကို လေ့လာပြီးတုပပါမူ သူ၏အမှားများ၊ မစုံမလင်ချို့တဲ့မှုများအပြင် သူ၏ကောင်းသောအရည်အသွေးများကိုပါ တုပမိပေလိမ့်မည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်ထက် ဖန်ဆင်းခံရသူကို မလျော်မကန်ဂုဏ်ပြုခြင်း ဖြစ်သွားမည်။—ရောမ ၁:၂၅။

ယေဟောဝါသည် လူသားတို့အတွက် စံနမူရှင်တစ်ပါးကို စီစဉ်ပေးတော်မူခဲ့သည်။ ကျမ်းစာအရ ယေရှုသည် လူသားဘဝမတိုင်မီအသက်တာ ရှိခဲ့သည်။ အမှန်မှာ ကိုယ်တော်အား “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦး” ဟု ခေါ်ထားသည်။ (ကောလောသဲ ၁:၁၅) ဘုရားသခင်၏ “လုပ်သားချုပ်၊” အဖြစ် ကောင်းကင်တွင် ပြောမပြနိုင်သည့် နှစ်ထောင်ပေါင်းများစွာကြာ အမှုဆောင်လာခဲ့သော ယေရှုသည် ယေဟောဝါကို ကျွန်ုပ်တို့သိလာစေဖို့ အကူအညီပေးရန် အကောင်းဆုံးအနေအထားတွင် ရှိတော်မူသည်။—သု. ၈:၂၂-၃၀၊ ကဘ; ယောဟန် ၁၄:၉၊ ၁၀။

ထို့ကြောင့် ပေတရုက “ခရစ်တော်လည်း သင်တို့အဖို့ ဒုက္ခခံတော်မူလျက် ခြေရာတော်များ၌ လျှောက်လိုက်ကြစေရန် ပုံစံထားတော်မူခဲ့” သည် ရေးနိုင်ခဲ့သည်။ (၁ ပေတရု ၂:၂၁၊ သမ) တမန်တော်ပေါလုက “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြ” ရန် ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။ သူက “ကိုယ်တော်၌ ဉာဏ်ပညာ၊ အသိပညာအမျိုးမျိုးသည် သိုက်သဖွယ် ကွယ်ဝှက်သည်” ဟုလည်း ရှင်းပြသည်။ (ဟေဗြဲ ၁၂:၂; ကောလောသဲ ၂:၃၊ သမ) အခြားမည်သည့်လူသားမျှ—မောရှေသော်လည်းကောင်း၊ ရဗ္ဗိကဝိတစ်ဦးဦးသော်လည်းကောင်း—ဤကဲ့သို့သော အာရုံစိုက်မှုမျိုး မခံထိုက်ပါလေ။ အနီးကပ်တုပခံသင့်သူမှာ ယေရှုသာလျှင်ဖြစ်သည်။ အထူးသဖြင့် ခေတ်သစ်သဘောထားအမြင်အရ ဘုရားသခင့်ကျေးကျွန်များတွင် ရဗ္ဗိကဲ့သို့သော ဘွဲ့နာမမျိုး ရှိဖို့မလိုဘဲ၊ ရဗ္ဗိဟုအခေါ်ခံထိုက်သူမှာ ယေရှုသာလျှင်ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ယေရှုသည် ကတိထားတော်မူရာ မေရှိယဖြစ်ကြောင်း အထောက်အထားနှင့်ပတ်သက်သည့် ထပ်ဆင့်အချက်အလက်များအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း နယူးယောက်မြို့မှ ထုတ်ဝေသော စစ်မဲ့ကမ္ဘာတစ်ခု တစ်နေ့နေ့ဖြစ်လာမည်လော ဘရိုရှာ [လိပ်] စာမျက်နှာ ၂၄-၃၀ တွင် ရှု။

[Picture Credit Line on page 28]

© Brian Hendler 1995. All Rights Reserved

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ