ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁/၁ စာ. ၂၆-၂၉
  • ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြစို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြစို့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော်ကိုသန့်ရှင်းစွာထားခြင်း
  • မရှောင်လွဲနိုင်သော အကျိုးဆက်များ
  • ဆက်ကပ်အပ်နှံပြီးသားခရစ်ယာန်တစ်ဦးအပြစ်ပြုသည့်အခါ
  • ကလေးဗလက္ကာရပြုသူတစ်ဦးကော မည်သို့နည်း
  • အားနည်းခြင်း၊ ဆိုးညစ်ခြင်းနှင့် နောင်တတို့ကို ပိုင်းခြားသတ်မှတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါသည်ကြွယ်ဝစွာခွင့်လွှတ်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါ၏ဆုံးမတော်မူခြင်းကို အမြဲလက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သန့်ရှင်းသောဝိညာဉ်တော်ကိုသင် ပြစ်မှားမိပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁/၁ စာ. ၂၆-၂၉

ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြစို့

ယေဟောဝါသည် သန့်ရှင်းသောဘုရားသခင်ဖြစ်တော်မူသည်။ ရှေးအချိန်က ကိုယ်တော်သည် “ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား” ဖြစ်တော်မူ၍ ဣသရေလလူမျိုးကိုလည်း သန့်ရှင်းဖို့နှင့် အစွန်းအထင်းမရှိဖို့ ကိုယ်တော်တောင်းဆိုတော်မူသည်။ (ဆာလံ ၈၉:၁၈) ကိုယ်တော်သည် မိမိရွေးချယ်ထားသောလူမျိုးကို ဤသို့မိန့်တော်မူခဲ့သည်– “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်သန့်ရှင်းခြင်းရှိရကြမည်။” (ဝတ်ပြုရာ ၁၁:၄၅) ‘ယေဟောဝါ၏ တောင်တော်ပေါ်သို့တက်’ လိုသူမည်သူမဆို “သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံး” ရှိရမည်။ (ဆာလံ ၂၄:၃၊ ၄) ယင်းက အပြစ်ရှိသည့်လုပ်ရပ်များကို ရှောင်ကြဉ်ရုံမျှသာမကပါ။ “ဒုစရိုက်ကိုမုန်း” သောသဘောကိုဆိုလိုသည်။—သု. ၈:၁၃။

ယေဟောဝါရှင်သည် ဣသရေလလူမျိုးများ မှားယွင်းမှုကိုခွဲခြားသိမြင်ရန်နှင့် ရှောင်ကြဉ်ဖို့အတွက် ချစ်ခြင်းမေတ္တာရှေ့ထားကာ ပညတ်များကိုအသေးစိတ် ချမှတ်ခဲ့သည်။ (ရောမ ၇:၇၊ ၁၂) ဤပညတ်များတွင် အကျင့်စာရိတ္တနှင့်ပတ်သက်၍ တင်းကျပ်သောလမ်းညွှန်ချက်များပါဝင်သည်။ သူ့အိမ်ရာပြစ်မှားခြင်း၊ လိင်တူဆက်ဆံခြင်း၊ သွေးသားနီးစပ်သူချင်း ကာမဆက်ဆံခြင်းနှင့် တိရစ္ဆာန်နှင့်စပ်ယှက်ခြင်းအားလုံးတို့သည် ဝိညာဉ်ရေးကိုညစ်ညမ်းစေသော မသန့်ရှင်းသည့်အရာများအဖြစ် ဖော်ပြထားသည်။ (ဝတ်ပြုရာ ၁၈:၂၃; ၂၀:၁၀-၁၇) ဤကဲ့သို့ ယုတ်ညံ့သောအပြုအမူများပြုကျင့်သူများသည် ဣသရေလအမျိုးမှပယ်ရှင်းခံရသည်။

ဘိသိက်ခံခရစ်ယာန်အသင်းတော်သည် “ဘုရားသခင်၏ဣသရေလအမျိုး” ဖြစ်လာသောအခါ သူတို့အတွက် အလားတူစာရိတ္တစံနှုန်းများကို ချမှတ်ပေးခဲ့သည်။ (ဂလာတိ ၆:၁၆) ခရစ်ယာန်များလည်း “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာ” ကြရမည်။ (ရောမ ၁၂:၉) ဣသရေလလူမျိုးကို ယေဟောဝါမိန့်တော်မူခဲ့သည့် ဤစကားများသည် သူတို့နှင့်လည်းသက်ဆိုင်သည်– “ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်းသန့်ရှင်းခြင်းရှိကြလော့။” (၁ ပေတရု ၁:၁၅၊ ၁၆) မတရားမေထုန်၊ သူ့အိမ်ရာပြစ်မှားခြင်း၊ လိင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့်စပ်ယှက်ခြင်းနှင့် သွေးသားနီးစပ်သူချင်း ကာမဆက်ဆံခြင်းကဲ့သို့သော မသန့်ရှင်းသည့်အကျင့်များနှင့် ခရစ်ယာန်အသင်းတော်ကို ညစ်ညူးစေရန်မဟုတ်ပါ။ ယင်းသို့သောအကျင့်များကို စွန့်ဖို့ငြင်းဆိုသူများသည် ဘုရားသခင့်နိုင်ငံတော်မှဖယ်ရှားခံရမည်။ (ရောမ ၁:၂၆၊ ၂၇; ၂:၂၂; ၁ ကောရိန္သု ၆:၉၊ ၁၀; ဟေဗြဲ ၁၃:၄) ဤ “နောက်ဆုံးနေ့ရက်ကာလ” ၌အလားတူစံနှုန်းများသည် “အခြားသိုး” နှင့်လည်းသက်ဆိုင်သည်။ (၂ တိမောသေ ၃:၁၊ သမ; ယောဟန် ၁၀:၁၆) ရလဒ်အနေနှင့်၊ ဘိသိက်ခံခရစ်ယာန်များနှင့် အခြားသိုးတို့ဖြင့်ဖွဲ့စည်းထားသော သန့်ရှင်း၍ ကျန်းခံ့သည့်လူမျိုးတော်သည် ယေဟောဝါသက်သေများအဖြစ် သူတို့ဘုရားသခင်၏နာမတော်ကို ခံယူနိုင်ကြသည်။—ဟေရှာယ ၄၃:၁၀။

အသင်းတော်ကိုသန့်ရှင်းစွာထားခြင်း

ယင်းနှင့်ဆန့်ကျင်လျက်၊ ဤလောကသည် စာရိတ္တယိုယွင်းခြင်းအားလုံးကို လျစ်လျူရှုခွင့်လွှတ်ထားသည်။ စစ်မှန်သောခရစ်ယာန်များသည် လောကနှင့်ခြားနားသော်လည်း ယခုယေဟောဝါကိုဝတ်ပြုနေသူအများစုမှာ တစ်ချိန်ကလောကတွင်ရှိခဲ့သည်ကို မမေ့သင့်ပါ။ ကျွန်ုပ်တို့၏သန့်ရှင်းသောဘုရားသခင်ကိုမသိမီက အများစုမှာ “ကာမဂုဏ်၌လွန်ကျူးညစ်ညူး” ခြင်းတွင်ပျော်မွေ့ ခြင်းဖြစ်သည့် အပြစ်ပါသည့်အသွေးအသားဆန္ဒများနှင့် စိတ်ကူးစိတ်သန်းများကို မလိုက်လျောဖို့အကြောင်းမမြင်ခဲ့ကြပါ။ (၁ ပေတရု ၄:၄) တမန်တော်ပေါလုသည် ယုတ်ညံ့သောလူမျိုးတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအကျင့်များကို ဖော်ပြပြီးနောက် ဤသို့ဆိုခဲ့သည်– “အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြ” ပြီ။ သို့သော်လည်း သူဤသို့ဆက်ပြောသည်– “ယခုတွင်သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။”—၁ ကောရိန္သု ၆:၁၁။

ယင်းသည် မည်မျှနှစ်သိမ့်မှုဖြစ်စေသည့်အချက်ပါတကား! လူတစ်ဦးသည် ယခင်တစ်ချိန်က မည်သည့်အရာကိုပြုလုပ်ခဲ့စေကာမူ ခရစ်တော်နှင့်ပတ်သက်သောဘုန်းအသရေရှိ ဧဝံဂေလိတရားက သူ၏နှလုံးကို အကျိုးသက်ရောက်မှုရှိသောအခါ သူပြောင်းလဲသွားသည်။ သူသည် ယုံကြည်ခြင်းကိုတင်ပြ၍ မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံသည်။ ထိုအချိန်မှစ၍ သူသည်စာရိတ္တရေးအရ စင်ကြယ်သောအသက်တာဖြင့်နေထိုင်လျက် ဘုရားသခင်၏မျက်မှောက်တော်တွင် ဆေးကြောသန့်ရှင်းခြင်းခံရသည်။ (ဟေဗြဲ ၉:၁၄) ယခင်က သူကျူးလွန်ခဲ့သည့်အပြစ်များကို ခွင့်လွှတ်ခြင်းခံရပြီး သူသည် ‘ရှေ့၌ရှိသောအရာတို့ကိုလှမ်းကမ်း’နိုင်သည်။a—ဖိလိပ္ပိ ၃:၁၃၊ ၁၄; ရောမ ၄:၇၊ ၈။

လူသတ်မှုနှင့် သူ့မယားပြစ်မှားခြင်းအတွက် နောင်တရသူဒါဝိဒ်ကို ယေဟောဝါခွင့်လွှတ်ခဲ့ပြီး စာရိတ္တယိုယွင်းသောအရုပ်ကိုးကွယ်ခြင်းနှင့် အလွန်အကျွံသွေးသွန်းခြင်းအပြစ်များအတွက် နောင်တရသူမနာရှေကို ကိုယ်တော်ခွင့်လွှတ်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၂:၉၊ ၁၃; ၂ ရာဇဝင်ချုပ် ၃၃:၂-၆၊ ၁၀-၁၃) နောင်တယူပြီး ကိုယ်တော်ကိုစိတ်ရင်းမှန်နှင့် နှိမ့်ချစွာချဉ်းကပ်မည်ဆိုလျှင် ကျွန်ုပ်တို့ကိုလည်း ကိုယ်တော်ခွင့်လွှတ်ဖို့အသင့်ရှိခြင်းကို ကျွန်ုပ်တို့အမှန်ပင် ကျေးဇူးတင်နိုင်ပါသည်။ သို့သော် ဒါဝိဒ်နှင့်မနာရှေတို့ကို ယေဟောဝါခွင့်လွှတ်ခဲ့သော်လည်း၊ ဤလူနှစ်ဦး—နှင့်အတူ ဣသရေလလူမျိုးတို့သည်—သူတို့၏အပြစ်ရှိသည့်လုပ်ရပ်များ၏ အကျိုးဆက်များကိုခံခဲ့ရကြသည်။ (၂ ဓမ္မရာဇဝင် ၁၂:၁၁၊ ၁၂; ယေရမိ ၁၅:၃-၅) အလားတူစွာ နောင်တရသောအပြစ်ပြုသူများကို ယေဟောဝါခွင့်လွှတ်သော်လည်း သူတို့လုပ်ရပ်များ၏ ရှောင်လွဲ၍မရနိုင်သော အကျိုးဆက်များရှိနိုင်သည်။

မရှောင်လွဲနိုင်သော အကျိုးဆက်များ

ဥပမာအနေနှင့်၊ လူတစ်ဦးသည် စာရိတ္တယိုယွင်းသော အပျော်ကြူးသည့်ဘဝနှင့်နေထိုင်ခဲ့၍ အေအိုင်ဒီအက်စ် ရရှိပြီးနောက် သမ္မာတရားကိုလက်ခံကာ ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းခံသည့်အထိ သူ၏ဘဝကိုပြောင်းလဲလာမည်။ ယခုသူသည် ဘုရားသခင်နှင့်ဆက်ဆံရေးရှိ၍ အနာဂတ်အတွက် အံ့ချီးဖွယ်မျှော်လင့်ချက်ရှိသော ဝိညာဉ်ရေးအရ သန့်ရှင်းသည့်ခရစ်ယာန်တစ်ဦးဖြစ်နေသော်လည်း သူ၌ အေအိုင်ဒီအက်စ် ရှိနေဦးမည်ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသော်လည်း ရှောင်လွဲ၍မရနိုင်သော ယခင်အကျင့်၏ အကျိုးဆက်ဖြစ်သည့်ရောဂါကြောင့် နောက်ဆုံး၌သူသေဆုံးသွားမည်။ အချို့ခရစ်ယာန်များအဖို့ ယခင်ကအလွန်ဆိုးသောစာရိတ္တယိုယွင်းခြင်း၏ အကျိုးဆက်များသည်အခြားနည်းများဖြင့် ဆက်ရှိနေနိုင်သည်။ နှစ်ခြင်းခံပြီးနှစ်များတစ်လျှောက် ဤအစီအစဉ်စနစ်၌ ကျန်ရှိနေသေးသည့်အသက်တာတွင် ယခင်ကစာရိတ္တယိုယွင်းသည့်ဘဝပုံစံကိုပြန်လှည့်ဖို့ သူတို့၏သွေးသားတိုက်တွန်းမှုကို တွန်းလှန်ရပေမည်။ များစွာသောသူတို့သည် ယေဟောဝါ၏ဝိညာဉ်တော်အကူအညီဖြင့် တွန်းလှန်ရာတွင်အောင်မြင်ခဲ့ကြသည်။ သို့သော် သူတို့သည် အမြဲရင်ဆိုင်တိုက်ခိုက်နေရမည်။—ဂလာတိ ၅:၁၆၊ ၁၇။

ယင်းကဲ့သို့သောသူများသည် သူတို့၏ဆန္ဒများကိုထိန်းချုပ်နေသမျှ ကာလပတ်လုံး အပြစ်မကျူးလွန်ပါ။ သို့ရာတွင် သူတို့သည် အမျိုးသားများဖြစ်ပါက ပြင်းပြသောသွေးသားလှုံ့ဆော်မှုနှင့် တိုက်လှန်နေသေးသ၍ အသင်းတော်မှတာဝန်ကိုမ ‘တောင့်တ’ ဖို့ပညာရှိစွာ ဆုံးဖြတ်ချက်ချနိုင်သည်။ (၁ တိမောသေ ၃:၁) အဘယ့်ကြောင့်နည်း။ အသင်းတော်သည် အကြီးအကဲများအား ယုံကြည်အားထားကြကြောင်း သူတို့သိထားသောကြောင့်ဖြစ်သည်။ (ဟေရှာယ ၃၂:၁၊ ၂; ဟေဗြဲ ၁၃:၁၇) အကြီးအကဲတို့သည် ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခြင်းခံရပြီး အလွန်သိမ်မွေ့သည့်အခြေအနေများကိုင်တွယ်ရသည်ကို သူတို့သဘောပေါက်ကြသည်။ မသန့်ရှင်းသည့် သွေးသားဆန္ဒများကိုအမြဲတိုက်လှန်နေရသူတစ်ဦးအနေဖြင့် ဤကဲ့သို့သောတာဝန်ရှိအနေအထားကို တောင့်တခြင်းသည် မေတ္တာနှင့်ပညာရှိရာမရောက်သကဲ့သို့ အကျိုးသင့်အကြောင်းသင့်လည်းမဖြစ်ပါ။—သု. ၁၄:၁၆; ယောဟန် ၁၅:၁၂၊ ၁၃; ရောမ ၁၂:၁။

နှစ်ခြင်းမခံမီက ကလေးဗလက္ကာရပြုခဲ့သူတစ်ဦးအတွက် အခြားအကျိုးဆက်ရှိပေမည်။ သူသည်သမ္မာတရားကိုသင်ယူသောအခါ နောင်တရ၍ ပြောင်းလဲလာပြီး အသင်းတော်ထဲသို့ ထိုကြမ်းကြုတ်သောအပြစ်ကို ယူဆောင်မလာပါ။ ထို့နောက်တွင် သူသည်ကောင်းစွာတိုးတက်နေပြီး သူ၏မှားယွင်းသောလှုံ့ဆော်မှုများကို လုံးဝအောင်မြင်ကျော်လွှား၍ အသင်းတော်ထဲတွင်တာဝန်ရှိအနေအထားကို ‘တောင့်တ’ သည်အထိပင် တိုးတက်လာမည်။ သို့သော်၊ သူသည် ပတ်ဝန်းကျင်တွင် ယခင်က ကလေးဗလက္ကာရပြုသူအဖြစ် နာမည်ပျက်ကိုဖျောက်ဖျက်ဖို့ ကြိုးစားနေရဆဲဆိုလျှင် အသို့နည်း။ သူသည် “အပြစ်ဆိုဖွယ်မရှိသူ၊ . . . အသင်းတော်အပရှိ လူတို့၏ရိုသေလေးစားမှုကိုခံရသောသူ၊ . . . အပြစ်တစ်စုံတစ်ရာမျှမတွေ့ရ” သူဖြစ်မည်လော။ (၁ တိမောသေ ၃:၁-၇၊ ၁၀; တိတု ၁:၇၊ သတင်းကောင်း) ဖြစ်မည်မဟုတ်ပါ။ ထို့ကြောင့် သူသည်အသင်းတော်အခွင့်အရေးများအတွက် အရည်အချင်းမပြည့်မီပါ။

ဆက်ကပ်အပ်နှံပြီးသားခရစ်ယာန်တစ်ဦးအပြစ်ပြုသည့်အခါ

ကျွန်ုပ်တို့သည်အားနည်းသူများဖြစ်၍ နှစ်ခြင်းခံပြီးနောက်၌ပင် အပြစ်ပြုနိုင်သည်ကို ယေဟောဝါသိတော်မူသည်။ တမန်တော်ပေါလုသည် မိမိခေတ်ရှိသူများထံ ဤသို့ရေးသားခဲ့သည်– “ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အားငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။ ထိုသခင်သည် ငါတို့အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏။” (၁ ယောဟန် ၂:၁၊ ၂) မှန်ပါသည်၊ အပြစ်ပြုမိသည့် နှစ်ခြင်းခံပြီးသားခရစ်ယာန်များသည်—စစ်မှန်သောနောင်တယူပြီး မှားယွင်းသောလမ်းစဉ်ကိုစွန့်ပယ်မည်ဆိုလျှင်ယေရှု၏ပူဇော်သကာအားဖြင့် ယေဟောဝါခွင့်လွှတ်တော်မူမည်။

ယင်းသို့သောနမူနာတစ်ခုကို ပထမရာစုရှိကောရိန္သုအသင်းတော်၌ တွေ့ ကြုံခဲ့သည်။ ထိုတည်ထောင်ခါစအသင်းတော်တွင် သွေးနီးစပ်သူချင်းမတရားမေထုန်ပြုသည့်အမှုတစ်ခုကို တမန်တော်ပေါလုကြားခဲ့ရပြီး အပြစ်ကျူးလွန်သူကို နှင်ထုတ်ဖို့ သူညွှန်ကြားခဲ့သည်။ နောက်ပိုင်းတွင် အပြစ်ကျူးလွန်သူသည်နောင်တရလာသောအခါ သူ့အားပြန်လက်ခံဖို့ အသင်းတော်ကိုပေါလုတိုက်တွန်းခဲ့သည်။ (၁ ကောရိန္သု ၅:၁၊ ၁၃; ၂ ကောရိန္သု ၂:၅-၉) သို့ဖြင့်၊ အပြစ်ဖြေနိုင်စွမ်းသော ယေဟောဝါ၏ချစ်ခင်ကြင်နာမှုနှင့် တန်ဖိုးကြီးမားသော ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် ထိုသူသည် မိမိအပြစ်မှသန့်စင်ခံရသည်။ ယနေ့လည်း အလားတူအဖြစ်အပျက်မျိုး ဖြစ်နိုင်သည်။ တစ်ဖန်၊ ကြီးလေးသောအပြစ်တစ်ခုကျူးလွန်သည့် နှစ်ခြင်းခံပြီးသူတစ်ဦးသည် နောင်တယူပြီး ယေဟောဝါမျက်မှောက်တော်တွင် ခွင့်လွှတ်ခြင်းခံရသည့်တိုင်အောင် သူ့အပြစ်၏အကျိုးဆက်များသည် ဆက်ဖြစ်ပေါ်နေဆဲဖြစ်မည်။—သု. ၁၀:၁၆၊ ၁၇; ဂလာတိ ၆:၇။

ဥပမာအနေနှင့်၊ နှစ်ခြင်းခံပြီးသောမိန်းကလေးတစ်ဦးသည် မတရားမေထုန်ကိုကျူးလွန်မိပါက သူမ၏လုပ်ရပ်အတွက်ယူကျုံးမရဖြစ်ပြီး နောက်ဆုံးအသင်းတော်၏အကူအညီဖြင့် ဝိညာဏကျန်းမာရေးပြန်ရရှိလာမည်။ သို့သော် သူမ၏စာရိတ္တယိုယွင်းမှုကြောင့် ကိုယ်ဝန်ရှိလာခဲ့လျှင် အသို့နည်း။ ထိုအခါ သူမဘဝတစ်ခုလုံးကို သူမပြုလုပ်ခဲ့သည့်အရာက မလွဲမရှောင်သာအောင်ပြောင်းလဲခဲ့ပြီ။ သူ့အိမ်ရာပြစ်မှားခြင်းကို ကျူးလွန်သူတစ်ဦးသည် နောင်တရပြီး နှင်ထုတ်ခြင်းမခံရဘဲရှိကောင်းရှိမည်။ သို့သော် သူ၏အပြစ်မရှိသောအိမ်ထောင်ဖက်သည် သူ့အားကွာရှင်းဖို့ ကျမ်းစာအကြောင်းပြချက်ရှိ၍ ကွာရှင်းရန်ဆုံးဖြတ်နိုင်သည်။ (မဿဲ ၁၉:၉) အကယ်၍ သူမထိုသို့ပြုခဲ့လျှင် သူသည်ယေဟောဝါ၏ခွင့်လွှတ်ခြင်းခံရသော်လည်း သူ့အပြစ်၏စိတ်မချမ်းမြေ့ဖွယ်အကျိုးဆက်များဖြင့် ဆက်အသက်ရှင်ကျန်ခဲ့ပေမည်။—၁ ယောဟန် ၁:၉။

အခြားမိန်းမတစ်ဦးကိုယူဖို့အတွက် မိမိဇနီးကိုမေတ္တာကင်းမဲ့စွာဖြင့် ကွာရှင်းသူတစ်ဦးကော မည်သို့နည်း။ နောက်ဆုံး၌ သူသည်နောင်တယူ၍ အသင်းတော်ထဲတွင် ပြန်လက်ခံခြင်းခံရကောင်းခံရမည်။ နှစ်များကုန်လွန်လာသည်နှင့်အမျှ သူသည် တိုးတက်လာပြီး “စုံလင်သောအဖြစ်သို့တက်” လာပေမည်။ (ဟေဗြဲ ၆:၁) သို့ရာတွင် သူ၏ပထမဇနီးသည် အိမ်ထောင်ဖက်မရှိသ၍ကာလပတ်လုံး သူသည် အသင်းတော်၌တာဝန်ရှိအနေအထားကိုယူဖို့ အရည်အချင်းပြည့်မည်မဟုတ်ပါ။ ကျမ်းစာအခြေခံမူအရ မိမိ၏ပထမဇနီးကိုကွာရှင်းခွင့်မရှိသောကြောင့် သူသည် “မယားတစ်ယောက်တည်းရှိသောသူ” မဖြစ်ပါ။—၁ တိမောသေ ၃:၂၊ ၁၂။

ဤအချက်များသည် ခရစ်ယာန်တစ်ဦးအနေနှင့် ဆိုးညစ်သောအမှုကိုစက်ဆုပ်ရွံရှာခြင်းကို ပြုစုပျိုးထောင်သင့်သည့် ခိုင်လုံသောအချက်များမဟုတ်ပေလော။

ကလေးဗလက္ကာရပြုသူတစ်ဦးကော မည်သို့နည်း

နှစ်ခြင်းခံပြီးသားခရစ်ယာန်လူကြီးတစ်ဦးသည် ကလေးငယ်တစ်ဦးကို လိင်ဆိုင်ရာဗလက္ကာရပြုလျှင် အသို့နည်း။ အပြစ်ပြုသူသည် ယေဟောဝါကသူ့အားဘယ်သောအခါမျှ ခွင့်မလွှတ်နိုင်သည့်အထိ ဆိုးသွမ်းသလော။ ထိုသို့ မဟုတ်ပါ။ ယေရှုက “သန့်ရှင်းသောဝိညာဉ်တော်ကိုကဲ့ရဲ့” သောသူသည် ခွင့်လွှတ်ခြင်းမခံရဟုဆိုခဲ့သည်။ ထို့ပြင် သမ္မာတရားကိုသိပြီးမှ စိတ်လိုကိုယ်လျောက်အပြစ် ပြုကျင့် သောသူအတွက် အပြစ်ဖြေစရာမရှိကြောင်း တမန်တော်ပေါလုပြောခဲ့သည်။ (လုကာ ၁၂:၁၀; ဟေဗြဲ ၁၀:၂၆၊ ၂၇) သို့ရာတွင် ကလေးငယ်တစ်ဦးကို လိင်ဆိုင်ရာမတော်မတရားပြုကျင့်သူ ခရစ်ယာန်လူကြီးတစ်ဦးသည်—သွေးသားနီးစပ်သည်ဖြစ်စေ မနီးသည်ဖြစ်စေ—ခွင့်လွှတ်ခြင်းမရနိုင်ဟု ကျမ်းစာတွင်မည်သည့်နေရာ၌မျှ မဖော်ပြထားပေ။ အမှန်အားဖြင့်၊ သူ၏နှလုံးထဲမှစိတ်ရင်းမှန်နှင့် နောင်တရပြီး မိမိအကျင့်များကိုပြောင်းလဲပါက သူ့အပြစ်များကိုဆေးကြောသန့်ရှင်းခံရနိုင်သည်။ သို့သော်လည်း သူပျိုးထောင်ခဲ့သည့် မှားယွင်းသောသွေးသားလှုံ့ဆော်မှုများကို ဆက်လက်တွန်းလှန်နေရဆဲဖြစ်မည်။ (ဧဖက် ၁:၇) ထို့အပြင် ရှောင်လွဲ၍မရနိုင်သော အကျိုးဆက်များလည်းရှိပေမည်။

မိမိနေထိုင်သည့်နိုင်ငံ၏ တရားဥပဒေပေါ်မူတည်၍ ဗလက္ကာရပြုသူသည်ထိုက်တန်သောထောင်ဒဏ်ကျခံဖို့ သို့မဟုတ် အစိုးရဥပဒေများကို ရင်ဆိုင်ရဖို့အကြောင်းရှိပေမည်။ ယင်းမှ အသင်းတော်သည်သူ့အားကာကွယ်မည်မဟုတ်ပါ။ ထို့အပြင်၊ ယခုအချိန်မှစ၍ဂရုစိုက်ရမည့် ကြီးလေးသောအားနည်းချက်ကို သူဖော်ပြလာပြီ။ သူသည် နောင်တရပုံရှိလျှင် ဝိညာဉ်ရေး၌တိုးတက်အောင်ကြိုးစားဖို့၊ လယ်ကွင်းလုပ်ငန်းတော်၌ပါဝင်ဖို့နှင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးတွင် သွန်သင်မှုမပေးရသည့်အပိုင်းမှပါဝင်ဖို့ပင် အားပေးခံရပေမည်။ ယင်းက သူသည်အသင်းတော်၌ တာဝန်ရှိအနေအထားကိုရရှိမည်ဟု မဆိုလိုပါ။ ယင်းနှင့်ပတ်သက်၍ မည်သည့်ကျမ်းစာရှင်းပြချက်ရှိသနည်း။

တစ်ခုမှာ၊ အကြီးအကဲတစ်ဦးသည် “ကာမဂုဏ်ကိုချုပ်တည်း” သောသူဖြစ်ရမည်။ (တိတု ၁:၈) ကျွန်ုပ်တို့တစ်စုံတစ်ဦးမျှ စုံလင်သောချုပ်တည်းခြင်း မရှိနိုင်ကြသည်မှာ မှန်ပါသည်။ (ရောမ ၇:၂၁-၂၅) သို့သော်လည်း ကလေးငယ်ကိုလိင်ဆိုင်ရာမတော်မတရားပြုကျင့်သည့် နှစ်ခြင်းခံပြီးသောခရစ်ယာန်လူကြီးတစ်ဦးသည် သဘာဝနှင့်မညီသောသွေးသားအားနည်းမှုတစ်ခုကို ဖော်ပြသည်။ ဤကဲ့သို့သောလူတစ်ဦးသည် အခြားကလေးများကိုဆက်၍ဗလက္ကာရပြုနိုင်ကြောင်း အတွေ့အကြုံကဖော်ပြသည်။ ကလေးဗလက္ကာရပြုသူတိုင်း အပြစ်ကိုနောက်ထပ်ပြန်လုပ်သူမဟုတ်သော်လည်း အများစုမှာပြန်လုပ်ကြသည်။ မည်သူသည် ကလေးငယ်များကိုထပ်မံ၍ ဗလက္ကာရပြုရန်အလားအလာရှိမရှိကိုခွဲခြားရန် အသင်းတော်သည်နှလုံးများကိုမသိမြင်နိုင်ပါ။ (ယေရမိ ၁၇:၉) ထို့ကြောင့် တိမောသေထံသို့ပေါလု၏ဆုံးမစကားသည် ကလေးငယ်များကိုနှောင့်ယှက်သည့် နှစ်ခြင်းခံပြီးသောလူကြီးများကိစ္စနှင့် အထူးသက်ဆိုင်သည်– “အဘယ်သူ၏အပေါ်၌ လက်ကိုအလျင်တဆောမတင်နှင့်။ သူတစ်ပါးအပြစ်၌ မဆက်ဆံနှင့်။” (၁ တိမောသေ ၅:၂၂) ကျွန်ုပ်တို့၏ကလေးများ အကာအကွယ်ရရန်အတွက်၊ ကလေးတစ်ဦးကိုဗလက္ကာရပြုခဲ့သူအဖြစ် သိထားသောလူတစ်ဦးသည် အသင်းတော်ထဲ၌တာဝန်ရှိအနေအထားအတွက် အရည်အချင်းမပြည့်မီပါ။ ထို့ပြင် သူသည် ရှေ့ဆောင်တစ်ဦး သို့မဟုတ် အခြားအထူး အချိန်ပြည့်လုပ်ငန်းတော်တစ်ခုခုတွင် မပါဝင်နိုင်ပေ။—ထွက်မြောက်ရာ ၂၁:၂၈၊ ၂၉၊ ပါမူနှင့်နှိုင်းယှဉ်။

‘တချို့က တခြားအပြစ်မျိုးကိုကျူးလွန်ပြီး အတိအလင်းနောင်တရပေမဲ့ နောက်ပိုင်းမှာ အဲဒီအပြစ်ကိုပြန်လုပ်မိတာပဲမဟုတ်လား’ ဟုအချို့ကမေးပေမည်။ ယင်းသို့ဖြစ်ခဲ့သည်မှာ မှန်ပါသည်၊ သို့သော် အခြားစဉ်းစားစရာအချက်များရှိပါသည်။ ဥပမာအနေနှင့်၊ လူတစ်ဦးတစ်ယောက်သည် အခြားပုဂ္ဂိုလ်တစ်ဦးကို စာရိတ္တယိုယွင်းဖို့သွေးဆောင်ပါက ထိုပုဂ္ဂိုလ်သည် သူ သို့မဟုတ် သူမ၏သွေးဆောင်မှုကို တွန်းလှန်နိုင်စွမ်းရှိသည်။ ကလေးသူငယ်များကိုမူ လှည့်စားရန်၊ တွေဝေသွားစေရန် သို့မဟုတ် ကြောက်လန့်စေရန် သာ၍လွယ်ကူသည်။ သမ္မာကျမ်းစာက ကလေးသူငယ်၏ ဉာဏ်ပညာနည်းပါးမှုကိုဖော်ပြထားသည်။ (သု. ၂၂:၁၅; ၁ ကောရိန္သု ၁၃:၁၁) ယေရှုသည် ကလေးငယ်များကို နှိမ့်ချ၍အပြစ်ကင်းသည့် နမူနာအဖြစ်အသုံးပြုခဲ့သည်။ (မဿဲ ၁၈:၄; လုကာ ၁၈:၁၆၊ ၁၇) ကလေးငယ်တစ်ဦး၏ အပြစ်ကင်းခြင်းတွင် အတွေ့အကြုံလုံးဝနည်းပါးခြင်း ပါဝင်သည်။ ကလေးငယ်အများစုမှာ ပွင့်လင်း၍ နှစ်သက်ခံလိုကြရာ သူတို့သိပြီးယုံကြည်စိတ်ချသော အကြံသမား၏မတော်မတရားပြုခြင်းကို အလွယ်တကူခံရကြရှာသည်။ ထို့ကြောင့် အသင်းတော်သည် ကလေးငယ်များကိုကာကွယ်ဖို့ ယေဟောဝါရှေ့တွင်တာဝန်ရှိသည်။

ကောင်းစွာလေ့ကျင့်ခံရသောကလေးများသည် သူတို့၏မိဘများ၊ အကြီးအကဲများနှင့် အခြားလူကြီးများကို နာခံဖို့နှင့်လေးစားဖို့ သိနားလည်ထားကြသည်။ (ဧဖက် ၆:၁၊ ၂; ၁ တိမောသေ ၅:၁၊ ၂; ဟေဗြဲ ၁၃:၇) ဤအခွင့်အာဏာရှိသည့်ပုဂ္ဂိုလ်တစ်ဦးသည် လိင်ဆိုင်ရာအပြုအမူကိုလက်ခံဖို့ သူ သို့မဟုတ် သူမကိုသွေးဆောင်ဖြားယောင်းခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်းဖြင့် ထိုကလေး၏ရိုးသားသော ယုံကြည်အားထားမှုကိုအလွဲသုံးစားပြုပါက ယင်းသည် ထိတ်လန့်ဖွယ်ကောင်းသည့်ဖောက်ပြန်မှုဖြစ်ပေမည်။ ဤကဲ့သို့ လိင်ဆိုင်ရာဗလက္ကာရပြုခြင်းခံခဲ့ရသောသူတို့သည် ရရှိခဲ့သည့်စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းနိုင်ဖို့အတွက် နှစ်ပေါင်းများစွာကြိုးစားအားထုတ်ရလေ့ရှိသည်။ ထို့ကြောင့် ကလေးဗလက္ကာရပြုသူတစ်ဦးသည် အသင်းတော်၏ပြင်းထန်သော ဆုံးမပဲ့ပြင်မှုနှင့် ကန့်သတ်မှုများကိုခံရလေ့ရှိသည်။ အသင်းတော်၌ သူ၏တာဝန်ရှိအနေအထားကို လက်လွတ်ရခြင်းကို စိုးရိမ်သည်ထက် အသင်းတော်သန့်ရှင်းစင်ကြယ်မှုအတွက် သာ၍စိုးရိမ်သင့်သည်။—၁ ကောရိန္သု ၅:၆; ၂ ပေတရု ၃:၁၄။

ကလေးဗလက္ကာရပြုသူတစ်ဦးသည် စစ်မှန်သောနောင်တရလျှင် ကျမ်းစာမူများကိုလိုက်လျှောက်ခြင်းဆိုင်ရာဉာဏ်ပညာကို အသိအမှတ်ပြုပါလိမ့်မည်။ ဆိုးညစ်မှုကိုစက်ဆုပ်ရွံရှာရန် အမှန်သိနားလည်လာပါက သူပြုလုပ်ခဲ့သည့်အရာကို စက်ဆုပ်ရွံရှာပြီး အပြစ်ကိုပြန်၍မလုပ်မိဖို့ ကြိုးစားတိုက်လှန်ပါလိမ့်မည်။ (သု. ၈:၁၃; ရောမ ၁၂:၉) ထိုမျှမက သူ့ကဲ့သို့နောင်တရသောအပြစ်သားတစ်ဦးအနေနှင့် ကျွန်ုပ်တို့၏သန့်ရှင်းသောဘုရားသခင်ကို ဆက်လက်ဝတ်ပြုကိုးကွယ်နိုင်ပြီး မြေကြီးပေါ်ထာဝစဉ်နေထိုင်ရမည့် “ဖြောင့်မတ်သောသူတို့” တွင်အပါအဝင်ဖြစ်ရန် မျှော်လင့်နိုင်ခြင်းဟူသည့် ကိုယ်တော်၏ကြီးမားသောမေတ္တာတော်အတွက် ယေဟောဝါကိုသူအမှန်ပင်ကျေးဇူးတင်ပေမည်။—သု. ၂:၂၁။

[စာမျက်နှာ ၂၈ ပါ အကျဉ်းဖော်ပြချက်]

နောင်တရသောအပြစ်သားများကို ယေဟောဝါခွင့်လွှတ်သော်လည်း သူတို့အပြုအမူ၏ ရှောင်လွဲ၍မရသောအကျိုးဆက်များ ရှိပေမည်

[အောက်ခြေမှတ်ချက်များ]

a မေ ၁၊ ၁၉၉၆ ခုနှစ်ထုတ် ကင်းမျှော်စင် မှ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ