ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၆/၁၅ စာ. ၃၀-၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နှင့် ကဲသာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကဲသာ၏ဥစ္စာကို ကဲသာအား ဆပ်ပေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ကဲသာဘုရင်၏အယူတော်ကို ခံပါမည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၆/၁၅ စာ. ၃၀-၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ရာဇဝတ်သားတို့ကို သေဒဏ်ပေးခြင်းအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။

ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိတို့၏ကိုယ်ပိုင်အတွေ့အကြုံ သို့မဟုတ် ဘဝအခြေအနေအပေါ်မူတည်၍ ကိုယ်ပိုင်အယူအဆ အမျိုးမျိုးရှိမည်မှာ အမှန်ပင်။ သို့တိုင် ယေဟောဝါသက်သေများအနေနှင့် လူအများရပ်တည်သော နိုင်ငံရေးကိစ္စတွင် ကျွန်ုပ်တို့ကြားနေရမည်ဖြစ်သော်လည်း သေဒဏ်ပေးခြင်းနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ သဘောထားနှင့်ညီညွတ်ရန် ကြိုးစားသင့်သည်။

လိုရင်းပြောရလျှင် ဘုရားသခင်က သေဒဏ်ချမှတ်ခြင်းကို မှားသည်ဟု မိမိ၏နှုတ်ကပါဌ်တော်၌ ဖော်ပြမထားပါ။

လူ့သမိုင်းအစောပိုင်းက ကမ္ဘာဦးအခန်းကြီး ၉ တွင် ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း ယင်းကိစ္စကို ယေဟောဝါမည်သို့သဘောထားကြောင်း ဖော်ပြခဲ့သည်။ ထိုအဖြစ်အပျက်ကား လူ့အိမ်ထောင်စုတစ်စုလုံး၏ ဘိုးဘေးများဖြစ်လာသူ နောဧနှင့် သူ၏မိသားစုတို့နှင့်ပတ်သက်သည်။ သူတို့သည် သင်္ဘောထဲမှ ထွက်လာပြီးနောက် တိရစ္ဆာန်များကို စားနိုင်သည်—ဆိုလိုသည်ကား ယင်းတို့ကိုသတ်ပြီး၊ အသွေးသွန်းပြီးနောက်စားနိုင်သည်—ဟုဘုရားသခင်မိန့်မှာတော်မူခဲ့သည်။ ထို့နောက် ကမ္ဘာဦး ၉:၅၊ ၆ တွင်ဘုရားသခင်က ဤသို့မိန့်တော်မူသည်– “သင်တို့အသက်တည်းဟူသော သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကိုသွန်း၏၊ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။” သို့ဖြစ်သောကြောင့် ယေဟောဝါသည် လူသတ်သမားများ၏ ကိစ္စနှင့်ပတ်သက်လျှင် သေဒဏ်စီရင်ခွင့်ကို ပေးထားတော်မူသည်။

ဘုရားသခင်သည် ဣသရေလလူမျိုးကို မိမိ၏လူမျိုးအဖြစ် ဆက်ဆံနေတော်မူစဉ် ဘုရားသခင့်ပညတ်ကို ချိုးဖောက်သည့် အခြားကြီးလေးသောပြစ်မှုများအတွက် သေဒဏ်စီရင်ခဲ့သည်။ တောလည်ရာ ၁၅:၃၀ တွင် ဤသို့အကြမ်းဖျင်းဆိုသည်– ‘ဣသရေလအမျိုးသားဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ၊ ထာဝရဘုရားကို ရဲရင့်စွာပြစ်မှားလျှင် မရိုသေရာသို့ရောက်သည်ဖြစ်၍ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။’

သို့သော် ခရစ်ယာန်အသင်းတော်ကို တည်ထောင်ပြီးနောက်ကော အသို့နည်း။ ယေဟောဝါသည် လူ့အစိုးရများတည်ရှိရန် ခွင့်ပြုထားတော်မူပြီး ယင်းတို့ကို အထက်အာဏာပိုင်များအဖြစ် ခေါ်ဆိုတော်မူကြောင်း ကျွန်ုပ်တို့သိကြသည်။ အမှန်မှာ၊ ဤအစိုးရအာဏာစက်များကို နာခံမှုရှိရန် ခရစ်ယာန်များအား တိုက်တွန်းပြီးနောက် ၎င်းတို့သည် “သင်၏အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကိုကျင့်လျှင် ကြောက်ခြင်းရှိစေလော့။ အကြောင်းမူကား၊ မင်းသည် အချည်းနှီးဓားကို ဆောင်သည်မဟုတ်။ မကောင်းသော အကျင့်ကိုကျင့်သော သူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏အစေခံဖြစ်” ကြောင်း သမ္မာကျမ်းစာကဆိုသည်။—ရောမ ၁၃:၁-၄။

သို့ဖြစ်လျှင် အစိုးရများသည် ကြီးလေးသောရာဇဝတ်မှု ကျူးလွန်သူများကို သတ်ပိုင်ခွင့်ရှိသည်ဟု ဆိုနေခြင်းလော။ ၁ ပေတရု ၄:၁၅ မှစကားများအရ မှန်သည်ဟု ကျွန်ုပ်တို့ကောက်ချက်ချနိုင်ပါသည်။ ၎င်းကျမ်းပိုဒ်တွင် တမန်တော်က ညီအစ်ကိုများအား “လူအသက်ကို သတ်သောအပြစ်၊ သူ့ဥစ္စာကို ခိုးသောအပြစ်၊ ဒုစရိုက်ကို ပြုသောအပြစ်၊ သူတစ်ပါးအမှု၌ ရောနှောသောအပြစ်ရှိ၍ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်” ဟုတိုက်တွန်းခဲ့သည်။ “လူအသက်ကိုသတ်သောအပြစ် . . . ရှိ၍ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်” ဟုဆိုသည်ကို သင်သတိပြုမိသလော။ အစိုးရများသည် လူသတ်သမားတစ်ဦးကို သူ၏ရာဇဝတ်မှုအတွက် အပြစ်ဒဏ်မပေးသင့်ဟု ပေတရု ဆိုနေခြင်းမဟုတ်ပါ။ ယင်းသို့ဆိုမည့်အစား လူသတ်သမားသည် ထိုက်သင့်လျော်ကန်သော အပြစ်ဒဏ်စီရင်ချက်ကို ခံထိုက်သည်ဟု သူတင်ပြနေခြင်းဖြစ်သည်။ ထိုတွင် သေဒဏ်စီရင်ခြင်း ပါဝင်နိုင်ပါသလော။

ပါဝင်နိုင်ပါသည်။ ဤသို့ဖြစ်ကြောင်း တမန်တော်အခန်းကြီး ၂၅ ၌တွေ့ ရှိရသော ပေါလု၏စကားက ရှင်းလင်းစေပါသည်။ ဂျူးလူမျိုးများက ပေါလုသည် သူတို့၏ပညတ်ကိုချိုးဖောက်သည်ဟုဆိုကာ သူ့ကိုစွပ်စွဲခဲ့ကြသည်။ စစ်သူကြီးက ဖမ်းချုပ်ထားသော မိမိ၏အကျဉ်းသားပေါလုကို ရောမမြို့ဝန်မင်းထံ စေလွှတ်ခဲ့စဉ် “အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သောအပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ သူတို့တရားနှင့်စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏” ဟုရေး၍ပေးလိုက်ကြောင်း တမန်တော် ၂၃:၂၉ တွင်ဖော်ပြထားသည်။ နှစ်နှစ်ကြာပြီးနောက် ပေါလုသည် မြို့ဝန်မင်းဖေတ္တုရှေ့ ရောက်ခဲ့သည်။ တမန်တော် ၂၅:၈ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ပေါလုကလည်း၊ အကျွန်ုပ်သည် ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကို မပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကို ပြောလေ၏။” သို့သော် ယခု သေဒဏ်ပေးသည့်အထိ အပြစ်စီရင်ခြင်းအကြောင်း သူမည်သို့ဆိုသည်ကို သတိပြုပါ။ တမန်တော် ၂၅:၁၀၊ ၁၁ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်–

“ပေါလုကလည်း ‘ကဲသာဘုရင်၏ တရားပလ္လင်ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ်အမှုကို စီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူသည်အတိုင်း အကျွန်ုပ်သည် ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။ အကျွန်ုပ်ပြစ်မှား၍ သေထိုက်သောအပြစ်ကို ပြုမိသည်မှန်လျှင် သေဘေးကို အကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစ်စုံတစ်ခုမျှမမှန်လျှင် သူတို့လက်သို့ အကျွန်ုပ်ကို အဘယ်သူမျှ မစွန့်မအပ်ရပါ။ ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်’ ဟုလျှောက်ဆို၏။”

ကဲသာသည် အပြစ်ပြုသူများကို သေဒဏ်ပေးသည်အထိ ဒဏ်စီရင်ခွင့်ရှိကြောင်းကို ဥပဒေအရခန့်အပ်ထားသော အခွင့်အာဏာရှိသူများရှေ့တွင် ပေါလုဝန်ခံခဲ့သည်။ သူသည် အပြစ်ရှိမည်ဆိုလျှင် အပြစ်ဒဏ်ခံခြင်းကို မငြင်းဆိုပါ။ ထို့ပြင် ကဲသာသည် လူ့အသက်သတ်သူများကိုသာ သေဒဏ်စီရင်ပိုင်ခွင့်ရှိသည်ဟု သူမပြောပါ။

ရောမတရားရေးစနစ်သည် မစုံလင်သကဲ့သို့ ယနေ့ လူ့တရားရုံးစနစ်တို့သည်လည်း မစုံလင်ကြသည်မှာ မငြင်းသာပေ။ ထိုစဉ်ကလည်းကောင်း၊ ယနေ့တွင်လည်းကောင်း အချို့သောအပြစ်မရှိသူများသည် ပြစ်ဒဏ်စီရင်ခံခဲ့ရပြီ။ ယေရှုနှင့်ပတ်သက်၍ ပိလတ်မင်းကပင် “သေထိုက်သောအပြစ်တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။ ထို့ကြောင့် သူ့ကိုငါဆုံးမ၍လွှတ်မည်” ဟုဆိုခဲ့သည်။ အစိုးရအာဏာပိုင်ကပင် ယေရှု၌အပြစ်မရှိကြောင်း ဝန်ခံခဲ့သော်လည်း ကိုယ်တော်သည် အပြစ်မရှိဘဲ အသတ်ခံခဲ့ရ၏။—လုကာ ၂၃:၂၂-၂၅။

သို့သော် ဤမတရားမှုများကြောင့် သေဒဏ်စီရင်ခြင်းသည် အခြေခံမူအရ လူ့ကျင့်ဝတ်နှင့်မညီဟူ၍ ပေါလုသော်လည်းကောင်း၊ ပေတရုသော်လည်းကောင်း အငြင်းမပွားခဲ့ကြပါ။ သို့အစား ထိုကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်၏သဘောတော်က ကဲသာ၏အထက်အာဏာပိုင်များရှိသ၍ကာလပတ်လုံး သူတို့သည် ‘မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို ရာဇဝတ်ပေးရန် ဓားကိုဆောင်သည်’ ဟူ၍ဖြစ်သည်။ ထိုတွင် သေဒဏ်စီရင်ခြင်းအတွက် ဓားကိုဆောင်သည့်သဘောလည်း ပါဝင်သည်။ သို့သော် လူအသက်သတ်သူများကို ဤလောက၏အစိုးရများက သေဒဏ်စီရင်ထိုက်၊ မထိုက်ဟူသော အငြင်းပွားတတ်ကြသည့်မေးခွန်းနှင့် ပတ်သက်လာသည့်အခါ စစ်မှန်သောခရစ်ယာန်များသည် သတိရှိရှိဖြင့် ကြားနေဝါဒကို ကျင့်သုံးကြသည်။ သူတို့သည် ခရစ်ယာန်ဘောင်ဓမ္မဆရာများနှင့်မတူဘဲ ဤအကြောင်းကို လုံးဝအငြင်းအခုံမလုပ်ကြပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ