ကျွန်တော့်နှလုံးသားသည် ကျေးဇူးတင်စိတ်နှင့် ပြည့်လျှံနေ
ဂျွန်ဝင်းပြောပြသည်
ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို တက်ရောက်ဖို့ ကျွန်တော်ခဏခဏငြင်းခဲ့တယ်! ဗိုက်နာလိုက်တာ ဒါမှမဟုတ် ခေါင်းကိုက်လိုက်တာ—တစ်ခုခုဟန်ဆောင်ပြီး အစည်းအဝေးတက်ရောက်ဖို့ ကျွန်တော်ရှောင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အမေရဲ့အလျှော့မပေးမှုဟာ ခုနရောဂါတွေကို ချက်ချင်းလက်ငင်းပဲ အမြဲတမ်းပျောက်သွားစေပါတယ်။ နောက်ဆုံးတော့ဘုရားသခင့်နှုတ်ကပါဌ်တော်အကြောင်းကို သက်ကြီးအဖော်တစ်ဦးနဲ့အမေတို့ ဆွေးနွေးတာတွေ နားထောင်ရင်း အမေနဲ့အတူ ဘုရားသခင့်နိုင်ငံတော်ခန်းမကိုနှစ်မိုင်လမ်းလျှောက်သွားရတော့တာပဲ။
အဲ့ဒီအရာတွေက ကျွန်တော့်ကို တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်– မိဘတွေဟာ ဘုရားသခင့်ရှေ့ ဖြောင့်မတ်တဲ့အရာတွေအတွက် မေတ္တာပါစွာနဲ့ ခိုင်မာမှုကို ဘယ်တော့မှမရပ်ဆိုင်းသင့်ဘူး။ (သု. ၂၉:၁၅၊ ၁၇) သူတို့ဟာ “အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်” ဆိုတဲ့ မြင့်မြတ်တဲ့ပညတ်ချက်ကို ဘယ်တော့မှမမေ့သင့်ဘူး။ (ဟေဗြဲ ၁၀:၂၅) ကျွန်တော့်ဘဝကို ပြန်လည်သုံးသပ်လိုက်တဲ့အခါမှာ ကျွန်တော့်အတွက် အကောင်းဆုံးပြုလုပ်ပေးခဲ့တဲ့အမေ့ကို ကျေးဇူးတင်လိုက်တာ!
ပုံနမူနာကောင်းများအတွက် ကျေးဇူးတင်ရှိ
ကျွန်တော့်အဖေဟာ ယုံကြည်သူမဟုတ်ပေမဲ့ အမေဟာ အဲ့ဒီအချိန်တုန်းက ကျမ်းစာကျောင်းသားလို့သိထားကြတဲ့ ယေဟောဝါသက်သေတစ်ဦးဖြစ်လာတဲ့အခါမှာ အမေ့ရဲ့ယုံကြည်ချက်ကို ခွင့်ပြုခဲ့တယ်။ ၁၉၁၃ ခုနှစ်မှာ ကင်းမျှော်စင်အသင်းပထမဆုံးဥက္ကဋ္ဌ ချားလ်စ် တီ. ရပ်စယ်လ်ရဲ့ “သေဆုံးခြင်း၏အခြားတစ်ဖက်တွင်” ဟောပြောချက်ကို အမေသွားရောက်နားထောင်ခဲ့တယ်။ ဒါပေမဲ့ အမေဟာ နောက်ကျသွားတဲ့အတွက် ထိုင်ခုံလွတ်တစ်လုံးမှမရှိတော့ဘူး။ ဒါကြောင့် စင်မြင့်အနားမှာ တခြားနောက်ကျသူတွေနဲ့အတူ အမေ့ကို ပါစတာရပ်စယ်လ်နဲ့အနီးကပ်ဆုံး ထိုင်ခိုင်းတယ်။ အဲ့ဒီဟောပြောချက်ဟာ အမေ့ကို နက်နက်ရှိုင်းရှိုင်းထိမိပါတယ်။ နောက်တစ်နေ့ ဒေသန္တရသတင်းစာထဲမှာ အဲ့ဒီဟောပြောချက်ကို ဖော်ပြခဲ့ပါတယ်။ အမေဟာ တစ်စောင်သိမ်းထားပြီး ထပ်တလဲလဲဖတ်ရှုခဲ့တယ်။
အစည်းအဝေးပြီးသွားတဲ့အခါ အမေက စာရွက်တစ်ရွက်ထဲမှာ သူ့နာမည်ရေးပေးလိုက်ပြီး မကြာခင်မှာ ကျမ်းစာကျောင်းသားတစ်ဦး အမေနဲ့လာဆက်သွယ်ပါတယ်။ မကြာခင်ပဲ ကျွန်တော်တို့ရဲ့နေရင်းမြို့ဖြစ်တဲ့ အင်္ဂလန်နိုင်ငံက ဂလော့စတာမှာ အမေဟာ ကျမ်းစာဝေစာတွေကို တစ်အိမ်မှတစ်အိမ်လိုက်ဝေစပြုလာတယ်။ ကျွန်တော့်အစ်မနှစ်ယောက်နဲ့ကျွန်တော်တို့ သိပ်ငယ်သေးတဲ့အချိန်ကစပြီး အမေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။
စိတ်ထက်သန်တဲ့ကျမ်းစာကျောင်းသား ဟယ်ရီ ဖရန့်စစ္စ ဂလော့စတာကို ရောက်လာတဲ့အခါ သူ့ကို အမေကဝမ်းပန်းတသာကြိုဆိုခဲ့တယ်။ မကြာခင် သူဟာ ကျွန်တော့်ကို ကိုယ်တိုင်ကိုယ်ကျစိတ်ဝင်စားမှုပြခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်ဟာ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးဖြစ်လာရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ သူ့အားပေးမှုပဲဖြစ်ပါတယ်။ ညီအစ်ကိုဖရန့်စစ္စရဲ့ပုံနမူနာက ကျွန်တော့်ကို အရေးကြီးတဲ့သင်ခန်းစာတစ်ခုသင်ပေးခဲ့ပါတယ်– အသက်အရွယ်ကြီးသူတွေဟာ ငယ်ရွယ်သူတွေကို အားပေးဖို့နည်းလမ်းတွေ အမြဲတမ်းရှာဖွေနေသင့်တယ်။
ကျွန်တော့်အမေ ကျမ်းစာကျောင်းသားဖြစ်လာတဲ့အချိန်မှာ ဂလော့စတာမှာရှိတဲ့တခြားသူတွေလည်း ကျမ်းစာကျောင်းသားတွေဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အသင်းတော်မှာရှိတဲ့အကြီးအကဲအချို့ ကိုယ့်ကိုကိုယ်အထင်ကြီးလာကြတယ်၊ ဟိုအချိန်က အသင်းတော်ကို အတန်းအစားဝင်များလို့ခေါ်ပြီး အဲ့ဒီသူတွေဟာ စပြီးပုဂ္ဂိုလ်စွဲတွေဖြစ်လာခဲ့ကြတယ်။ အစည်းအဝေးတစ်ခုမှာ အချို့သူတွေက အကြီးအကဲတချို့ကိုထောက်ခံဖို့ အမေ့ကို နောက်ကနေလက်တို့ပြီး လက်ညှိုးထောင်ခိုင်းပါတယ်။ ဒါပေမဲ့ သူတို့ဟာ သင့်တော်လျောက်ပတ်တဲ့ပုံနမူနာ မပြခဲ့ဘူးဆိုတာကိုသိခဲ့တဲ့အတွက် ခြိမ်းခြောက်မှုတွေကို အမေငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒီအချိန်၊ ၁၉၂၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ လူတွေအများကြီးထွက်သွားကြပြီး သမ္မာတရားလမ်းပေါ်မှာ ဆက်မလျှောက်ကြတော့ပါဘူး။ (၂ ပေတရု ၂:၂) ဒါပေမဲ့ အမေဟာ အဖွဲ့အစည်းကို သစ္စာစောင့်သိစွာထောက်ခံခြင်းကနေ ဘယ်တော့မှသွေဖည်မသွားခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်အတွက် ပုံနမူနာကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
သမ္မာတရားဘက်မှာ ကျွန်တော်ရဲ့ရပ်တည်မှု
ဒီလိုနဲ့ ၁၉၃၉၊ ဇွန်လမှာ ကျွန်တော့်အသက် ၁၈ နှစ်ရောက်တဲ့အခါ ဆဲဗင်မြစ်မှာ နှစ်ခြင်းခံခဲ့ပါတယ်။ အဲ့ဒီတုန်းက အသံပိုင်းဆိုင်ရာအမှုထမ်းအဖြစ်လည်း ကျွန်တော့်ကိုခန့်အပ်ပါတယ်။ “ဘာသာတရားသည် ထောင်ချောက်တစ်ခုနှင့် မသမာနည်းဖြင့်စီးပွားရှာမှုတစ်ခုဖြစ်သည်” ဆိုတဲ့သတင်းတရားကို လူများတဲ့နေရာမှာ အကျယ်ကြီးဖွင့်ဖို့အတွက် ဟိုတုန်းကဓာတ်စက်အကြီးကြီးကို ကျွန်တော်တို့အသုံးပြုခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ အလေးပေးထုတ်ဖော်ချက်ကတော့ ခရစ်ယာန်ဘောင်ရဲ့ အရေခြုံမှုနဲ့မှားယွင်းတဲ့သွန်သင်မှုတွေဖြစ်တယ်။
တစ်ခါတုန်းက တစ်ဖက်မှာ “[ခရစ်ယာန်] ဘာသာတရားသည် ထောင်ချောက်တစ်ခုနှင့် မသမာနည်းဖြင့်စီးပွားရှာမှုတစ်ခုဖြစ်သည်” လို့ရေးထားပြီး နောက်တစ်ဖက်မှာတော့ “ဘုရားသခင်နှင့် ခရစ်တော်ဘုရင်ထံ အမှုဆောင်ကြ” လို့ရေးထားတဲ့ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီးစီတန်းလှည့်လည်သွားတဲ့နေရာမှာ ကျွန်တော်ဟာ ရှေ့ဆုံးကဖြစ်တယ်။ လူထုဟောပြောချက်ကို ကြော်ငြာထားတဲ့ပိုစတာကြီးကို ဘေးတစ်ဖက်တစ်ချက်မှာချိတ်ဆွဲထားတဲ့ မြင်းပေါက်ကလေးက နောက်ကနေလိုက်ပါလာတယ်။ တကယ့်ဘာသာတရားကိုင်းရှိုင်းတဲ့ ဂလော့စတာမြို့မှာ စီတန်းလှည့်လည်မှုဟာ တကယ့်မြင်ကွင်းဖြစ်ခဲ့မှာပါပဲ!
အိမ်မှာ ငွေရေးကြေးရေးအခက်အခဲတွေရှိနေတဲ့ကြားက အမေဟာကျွန်တော့်ကို ရှေ့ဆောင်တစ်ဦးဖြစ်လာအောင် အားပေးခဲ့ပါတယ်။ ဒါနဲ့ ဒုတိယကမ္ဘာစစ်စဖြစ်တဲ့ ၁၉၃၉ စက်တင်ဘာလမှာ ဝါရစ်ခ်ရှီးယားခရိုင်ရဲ့မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ လီမင်တန်ကို ကျွန်တော်ရဲ့ပထမဆုံးရှေ့ဆောင်တာဝန်နဲ့ရောက်ခဲ့တယ်။ ဒီမြို့မှာ အငြိမ်းစားဓမ္မဆရာအတော်များများရှိခဲ့တယ်။
ကျွန်တော်တို့ရဲ့တစ်အိမ်မှတစ်အိမ်ဓမ္မအမှုမှာ အဲ့ဒီအချိန်က ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းဥက္ကဋ္ဌဖြစ်တဲ့ ဂျိုးဇက် အက်ဖ် ရပ်သဖော့ဒ်ရဲ့ဟောပြောချက်ကို ဖွင့်ပြဖို့အတွက် ဓာတ်စက်အသေးစားကို ကျွန်တော်တို့အသုံးပြုခဲ့ကြတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ ဓာတ်စက်အကြီး (လူအုပ်ကြီးအတွက် အသုံးပြုနိုင်သည့်အရာ) ကသိပ်လေးတဲ့အတွက် ကလေးတွန်းလှည်းနဲ့ သယ်ယူရပါတယ်။ ဗာဗုလုန်ဘာသာကို ဖော်ထုတ်တဲ့သတင်းတရားကြောင့် တစ်ခါတလေ ဓမ္မဆရာတွေဟာ သူတို့နယ်မြေကနေ ထွက်သွားခိုင်းတဲ့အထိ ကျွန်တော်တို့ကို ဒေါသထွက်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ဓာတ်မကျခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့အလုပ်ကို ယေဟောဝါကောင်းချီးပေးတဲ့အတွက် ဒီနေ့ဆိုရင် သက်သေခံတစ်ရာကျော်ရှိတဲ့ အသင်းတော်တစ်ခုကို လီမင်တန်မှာတွေ့နိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြင်းအထန်ဖြစ်နေတဲ့ ၁၉၄၁ ခုနှစ်မှာ ဟက်ဗားဖက်စ်ဝက်စ်၊ ကားမားသန်နဲ့ ရက်စ်ဆမ်ရဲ့မြို့တွေမှာ ရှေ့ဆောင်လုပ်ခဲ့ရတဲ့ ဝေလနယ်ကို ကျွန်တော်ပြောင်းရွှေ့ခဲ့ရပါတယ်။ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးအနေနဲ့ကျွန်တော်ဟာ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ လူတွေဟာ ကျွန်တော်တို့ရဲ့ ကြားနေဝါဒကို သဘောမပေါက်ခဲ့ကြဘူး။ ဒါကြောင့် ကျွန်တော့်အဖော်နဲ့ကျွန်တော့်ကို သူလျှိုတွေ ဒါမှမဟုတ် သူလျှိုကိုအားပေးတဲ့သူတွေလို့ စွပ်စွဲကြတယ်။ တစ်ညမှာ ရဲတွေက ကျွန်တော်တို့ရဲ့ကားနောက်တွဲအိမ်ကို ဝိုင်းထားလိုက်တယ်။ ကျောက်မီးသွေးကော်တဲ့အလုပ်ကနေ ပြန်ရောက်ရုံရှိသေးတဲ့ ကျွန်တော့်အဖော်က အပြင်ဘက်မှာ ဘယ်သူတွေလဲဆိုပြီး ခေါင်းပြူကြည့်လိုက်တယ်။ သူရဲ့မျက်နှာမှာ ကျောက်မီးသွေးအမှုန့်တွေပေနေတော့ ရဲတွေအတွက် စစ်တိုက်ထွက်မဲ့ကွန်မန်တိုတစ်ဦးရဲ့ပုံပေါက်နေတယ်။ ဒါကို ဖြေရှင်းလိုက်ရသေးတယ်!
ကျွန်တော်တို့ရဲ့တာဝန်ထမ်းဆောင်တဲ့အခါမှာ ကောင်းချီးအလျှံပယ်ခံစားရပါတယ်။ ကားမားသန်မှာ ကျွန်တော်တို့ရှိနေတုန်း လန်ဒန်ဌာနခွဲရုံးက ဂျွန်ဘား (အခု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး) ကကျွန်တော်တို့ဆီ လာလည်ပတ်အားပေးခဲ့ပါတယ်။ အဲ့ဒီအချိန်က ကားမားသန်မှာ ကြေညာသူနှစ်ဦးပဲရှိသေးတယ်; အခုတော့ အယောက်တစ်ရာကျော်ရှိပါပြီ။ အခုဆိုရင် ရက်စ်ဆမ်မှာလည်း အသင်းတော်သုံးခုရှိနေပြီ။ မကြာခင်က ဟက်ဗားဖက်ဝက်စ်မှာ သိပ်ကောင်းတဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို အပ်နှံရတဲ့အခွင့်ထူးကို ကျွန်တော်ရခဲ့တယ်။—၁ ကောရိန္သု ၃:၆။
ကျွန်တော်ရဲ့ခရစ်ယာန်ဓမ္မအမှုအတွက် ကျေးဇူးတင်ရှိ
ကျွန်တော်တို့ ဝေလနယ်တောင်ပိုင်း စွမ်းစီးမှာရှိနေတဲ့အချိန်မှာ ကျွန်တော့်အဖော် ဒန် ရန်ဒီလ်ဟာ စစ်မှုဆိုင်ရာကင်းလွတ်ခွင့်မရရှိခဲ့ပါဘူး။ တခြားတိုင်းပြည်တွေမှာရှိတဲ့ ခရစ်ယာန်ချင်းတွေကို ဆန့်ကျင်တဲ့စစ်ပွဲမှာ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်ကြည်လင်လင်နဲ့ မပါဝင်နိုင်ဘူးလို့ ရှင်းပြတဲ့ကြားက ထောင်ချခံခဲ့ရတယ်။ (ဟေရှာယ ၂:၂-၄; ယောဟန် ၁၃:၃၄၊ ၃၅) အိမ်နီးနားချင်းတွေကို သက်သေခံရာလည်းရောက်၊ သူ့ကိုလည်းအားပေးတဲ့အနေနဲ့ ကျွန်တော်က ထောင်အနီးမှာ ဓာတ်စက်ကြီးကိုထားပြီး ကျမ်းစာဟောပြောချက်တွေကို ဖွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒေသခံအမျိုးသမီးတွေက မကြိုက်ကြတဲ့အတွက် ငွေကောက်ခံကာ စစ်သားတွေကိုပေးပြီး ကျွန်တော်နဲ့ကျွန်တော့်အဖော်ကို ရိုက်ခိုင်းတယ်။ ကျွန်တော်တို့ဟာ အကာအကွယ်ရဖို့ ဘုရားသခင့်နိုင်ငံတော်ခန်းမကို အမြန်နိုင်ဆုံးပြေးခဲ့ကြတယ်—ကျွန်တော်က ဓာတ်စက်ကြီးကိုလည်း ကလေးတွန်းလှည်းပေါ်တင်ပြီး တွန်းရင်းပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အဲ့ဒီကိုရောက်တော့ ခန်းမကသော့ခတ်ထားတယ်! အချိန်မီ ရဲရဲ့ကြားဝင်မှုကြောင့်သာ အပြင်းအထန်ရိုက်နှက်ခြင်းကနေ ကျွန်တော်တို့လွတ်မြောက်ခဲ့ရတယ်။
ဒီဖြစ်ရပ်က နောက်ဆုံးမှာ လူသိရှင်ကြားဖြစ်လာခဲ့တယ်။ နောက်ပိုင်းတစ်ချိန် စွမ်းစီးအနီး ကျေးလက်ဒေသမှာ ကျွန်တော်ဟောပြောနေတုန်း လူတစ်ယောက်က ကျွန်တော့်ကို အားရပါးရဒီလိုပြောပါတယ်– “ခရစ်ယာန်ဘာသာဆိုတာ သူ့ရဲ့ယုံကြည်ချက်တွေကို ရဲရဲဝံ့ဝံ့ဟောပြောပြီး ကွယ်ကာမှုအတွက် ပြေးခဲ့တဲ့ စွမ်းစီးကလူငယ်လေးလို တိုက်ခိုက်မှုကို ခုခံကာကွယ်ခြင်းပါပဲ။” အဲ့ဒီလူငယ်လေးဟာ ကျွန်တော်ပဲဆိုတာ သူသိလိုက်တဲ့အခါကျတော့ အရမ်းကိုအံ့သြသွားတယ်!
စစ်ပွဲဖြစ်နေတဲ့နှစ်တွေမှာ ရှေ့ဆောင်လုပ်ရတာ မလွယ်ကူလှပါဘူး။ ကျွန်တော်တို့ဆီမှာ လောကပစ္စည်းဥစ္စာများများစားစားမရှိကြပေမဲ့ ရှိတာလေးနဲ့ရောင့်ရဲပျော်ရွှင်ကြပါတယ်။ ဝိညာဉ်အစာကို အမြဲတမ်းအချိန်မှန်မှန်ရရှိကြတယ်။ ဖျားနာနေတဲ့အချိန်ကလွဲပြီး အစည်းအဝေးကို ဘယ်တော့မှမပျက်ကွက်ခဲ့ပါဘူး။ စက်ဘီးဟောင်းတစ်စီးကိုဝယ်ခဲ့ပြီး စက်ဘီးပေါ်တင်ထားတဲ့ ခြင်းတောင်းကြီးထဲမှာ ကျမ်းစာစာအုပ်စာတမ်းသာမက ဓာတ်စက်တစ်ခုကိုပါ သယ်သွားတယ်။ တစ်ခါတလေ စက်ဘီးနဲ့ တစ်နေ့ကို မိုင် ၅၀ သွားရတာ! ခုနစ်နှစ်လောက်ရှေ့ဆောင်လုပ်ခဲ့ပြီး အဲ့ဒီနေ့တွေကို တမ်းတမ်းတတသတိရမိတယ်။
၁၉၄၆ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့နောက် မိမိတို့နိုင်ငံအသီးသီးမှာ ဗေသလလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေရဲ့ အဓိကကျတဲ့နေရာအဆောက်အဦမှာ အလုပ်လုပ်ဖို့ဖိတ်ခေါ်ခံခဲ့ရတယ်။ ဟိုးတုန်းက ကျွန်တော်တို့ရဲ့ဗေသလက လန်ဒန်တဘားနေကလ်နဲ့ဘေးချင်းကပ်ဖြစ်တဲ့ အမှတ် ၃၄ ခရေဗန် တဲရစ်မှာ ရှိခဲ့တယ်။ အင်္ဂလန်မှာ ဦးဆုံးသက်သေခံဖြစ်လာတဲ့သူလို့ယူဆရတဲ့ တန်မ်ဟာဒ်ရဲ့သမီး အဲလစ်ဟာဒ်တို့လို အသက်ကြီးတဲ့သူတွေနဲ့ပေါင်းသင်းရတာ ပျော်စရာကောင်းခဲ့ပါတယ်။
သစ္စာရှိအဖော်တစ်ဦးကိုရရှိ
အက်တီးနဲ့လက်ထပ်ဖို့ ဗေသလကနေ ၁၉၅၆ ခုနှစ်မှာထွက်ခဲ့ပါတယ်။ ရှေ့ဆောင်ဖြစ်တဲ့အက်တီးဟာ ဟိုးတုန်းက လန်ဒန်မှာနေထိုင်ခဲ့တဲ့သူ့အစ်မဆီကို နယ်သာလန်ကနေအလည်လာတဲ့အချိန်မှာ ကျွန်တော်နဲ့ သိကျွမ်းခွင့်ရရှိခဲ့တယ်။ စစ်ပွဲအပြီးလောက်မှာ အက်တီးဟာ နယ်သာလန်တောင်ဘက် တဲလ်ဘာ့ဂ်မြို့ရဲ့ ကူးသန်းရောင်းဝယ်မှုကောလိပ်မှာ လက်နှိပ်စက်နဲ့လက်ရေးတိုကို သင်ကြားပို့ချပေးခဲ့ပါတယ်။ တစ်နေ့မှာ အခြားဆရာတစ်ဦးက အက်တီးကိုဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်ဖို့ဆိုင်ကယ်နဲ့လိုက်ပို့ပေးခဲ့တယ်။ သူဟာ ရိုမန်ကက်သလစ်ဖြစ်တယ်။ သူတို့အိမ်ရောက်တဲ့အခါ အက်တီးရဲ့ပရိုတက်စတင့်မိဘတွေနဲ့ ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ပိုပြီးရင်းနှီးလာတဲ့အခါမှာ အဲ့ဒီဆရာဟာ သူတို့အိမ်ကို မကြာခဏလာလည်တတ်တဲ့ဧည့်သည်တစ်ယောက် ဖြစ်လာပါတယ်။
စစ်ပွဲပြီးဆုံးသွားပြီးမကြာခင်မှာ အဲ့ဒီဆရာဟာ အက်တီးရဲ့အိမ်ကိုရောက်လာပြီး “ကျွန်တော် သမ္မာတရားတွေ့ပြီ!” လို့အော်ပြောလိုက်တယ်။
“မင်းရိုမန်ကက်သလစ်ဖြစ်တုန်းက သမ္မာတရားရထားပြီဆိုပြီး မင်းပြောခဲ့တယ်လို့ ငါထင်တယ်!” ဆိုပြီး အက်တီးရဲ့အဖေက မေးခဲ့တယ်။
“မဟုတ်ပါဘူး!” “သမ္မာတရားရှိတာ ယေဟောဝါသက်သေတွေပဲ!” လို့သူက အားတက်သရောပြန်ဖြေခဲ့တယ်။
အဲ့ဒီညနေနဲ့နောက်ညနေတွေမှာ အင်တိုက်အားတိုက်ကျမ်းစာဆွေးနွေးပွဲနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ အက်တီးဟာ ရှေ့ဆောင်တစ်ဦးဖြစ်လာပါတယ်။ နယ်သာလန်မှာဆိုရင် ချာ့ချ်ကလာတဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုကိုလည်း သူမရဲ့ခရစ်ယာန်ဓမ္မအမှုမှာကြုံတွေ့ခဲ့ရတယ်။ တစ်အိမ်မှတစ်အိမ်သွားတဲ့အခါ သူမစကားပြောတာကို အနှောင့်အယှက်ပေးဖို့ ကလေးတွေကို ခရစ်ယာန်ဓမ္မဆရာတွေကမြှောက်ပေးခဲ့တယ်။ တစ်ခါတုန်းကဆိုရင် သူမရဲ့စက်ဘီးကို သူတို့ဖျက်ဆီးလိုက်ကြတယ်။ အရင်သူမဆီက စာအုပ်ကလေးယူထားတဲ့ စက်ဘီးပြင်သမားဆီကို သူမစက်ဘီးသွားပေးခဲ့တယ်။ သူမက မျက်ရည်စက်လက်နဲ့ “ကလေးတွေလုပ်ထားတာကြည့်ပါအုံး!” လို့ပြောတယ်။
“ကဲ၊ ကဲ၊ စိတ်မပျက်နဲ့၊ မင်းဟာ ကောင်းတဲ့အလုပ်လုပ်နေတာပဲ။ မင်းစက်ဘီးကို အလကားပြင်ပေးမယ်” လို့သူမကို ကြင်ကြင်နာနာပြောပြီး ပြင်ပေးခဲ့တယ်။
ဓမ္မဆရာတွေက သူတို့ရဲ့လူတွေနဲ့ ကျမ်းစာသင်အံမှုမစခင်အချိန်အထိ သူတို့လူတွေကို ဂရုစိုက်ခြင်းမရှိတာ အက်တီးတွေ့ခဲ့ရတယ်။ နောက်ပိုင်းမှာ ခရစ်ယာန်ဓမ္မဆရာတွေ၊ ဆရာမတွေက ကျမ်းစာနဲ့ယေဟောဝါအပေါ် လူတွေရဲ့ယုံကြည်ချက်ကို ပျက်စီးအောင်လုပ်လာကြတယ်။ အဲ့ဒီလိုလုပ်ကြပေမဲ့ သူမဟာ အကျိုးဖြစ်ထွန်းတဲ့ကျမ်းစာသင်အံမှုများစွာနဲ့ ပျော်ရွှင်ခဲ့ရပါတယ်။
အတူတကွလျှောက်လှမ်းရတဲ့ဘဝအတွက် ကျေးဇူးတင်ရှိ
ကျွန်တော်တို့လက်ထပ်ပြီးတဲ့နောက် အင်္ဂလန်နိုင်ငံမှာ နယ်လှည့်လုပ်ငန်းလုပ်ဖို့ အက်တီးနဲ့ကျွန်တော့်ကို တာဝန်ပေးခဲ့ပါတယ်။ ဝိညာဉ်ရေးအရ အားပေးဖို့ အသင်းတော်တွေဆီ ငါးနှစ်နီးပါး လည်ပတ်ခဲ့တယ်။ အဲ့ဒီနောက် နယူးယောက်၊ ဘရွတ်ကလင်ရှိ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာကျင်းပတဲ့ ၃၆ ကြိမ်မြောက် ဂိလဒ်သင်တန်းတက်ရောက်ဖို့ ဖိတ်ကြားချက်ကို ကျွန်တော်တို့ရရှိခဲ့တယ်။ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလမှာ ပြီးဆုံးသွားတဲ့ဆယ်လသင်တန်းဟာ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးတွေမှာ အလုပ်လုပ်ကိုင်တတ်ဖို့၊ လူတွေကိုလေ့ကျင့်ပေးဖို့ အထူးသဖြင့်ရည်ရွယ်ပါတယ်။ ကျွန်တော်ခရီးထွက်နေတုန်း အက်တီးဟာ အင်္ဂလန်နိုင်ငံ လန်ဒန်ဗေသလမှာနေရစ်ခဲ့တယ်။ ကျွန်တော်ကျောင်းဆင်းတဲ့အခါမှာ ကျွန်တော်တို့နှစ်ယောက်စလုံးကို အဲ့ဒီမှာအလုပ်လုပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။
နောက်ထပ် ၁၆ နှစ်အထိ အသင်းတော်ရေးရာအပါအဝင် ကိစ္စရပ်တွေကိုကိုင်တွယ်ရတဲ့ ဝန်ဆောင်ဌာနမှာ ကျွန်တော်အလုပ်လုပ်ခဲ့ရတယ်။ အဲ့ဒါနဲ့ ၁၉၇၈ ခုနှစ်၊ ဗေသလအိမ်ကြီးကြပ်မှူး ပရိုက်စ် ယူဇာကွယ်လွန်သွားတဲ့အခါ သူ့နေရာမှာ ကျွန်တော့်ကို ခန့်အပ်ခဲ့ပါတယ်။ အခုဆို ၂၆၀ ကျော်ရှိ တိုးပွားလာတဲ့ဗေသလမိသားစုဝင်တွေရဲ့ ကောင်းကျိုးအတွက် တာဝန်ယူရတာဟာ ဒီနှစ်ပေါင်းများစွာတစ်လျှောက်မှာ တကယ့်ကိုအကျိုးကျေးဇူးဖြစ်ထွန်းတဲ့ တာဝန်တစ်ရပ်ဖြစ်တယ်။
၁၉၇၁ ခုနှစ်မှာ အသက် ၈၅ နှစ်အရွယ်ရှိ ကျွန်တော်ချစ်လှစွာသော အမေဟာ ကွယ်လွန်ခဲ့ပါတယ်။ အသုဘအတွက် ဂလော့စတာကို အက်တီးနဲ့ကျွန်တော်တို့ပြန်လာခဲ့ပါတယ်။ အဲ့ဒီမှာ အမေယုံကြည်တဲ့ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ကို ညီအစ်ကိုတစ်ဦးက ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးသွားတယ်။ (ဖိလိပ္ပိ ၃:၁၄) အသက်အရွယ်ကြီးတဲ့အမေကို ကျွန်တော့်အစ်မ ဒေါရစ်နဲ့ကရေစ်တို့က မေတ္တာနဲ့ကြည့်ရှုစောင့်ရှောက်ကြတဲ့အတွက် အက်တီးနဲ့ကျွန်တော်ဟာ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ဆက်လက်လုပ်ကိုင်နိုင်လို့ ကျေးဇူးတင်ရှိပါတယ်။
အက်တီးနဲ့ကျွန်တော်ဟာ မိဘတွေအကြောင်း၊ သူတို့က ကျွန်တော်တို့ကို ချစ်ခြင်းမေတ္တာနဲ့တစ်ဖုံ၊ ခိုင်မာမှုနဲ့တစ်မျိုး ပြုစုပျိုးထောင်ပေးခဲ့တာတွေကို ကျွန်တော်တို့ ခဏခဏစဉ်းစားကြပါတယ်။ ကျွန်တော်တို့အပေါ် ကျေးဇူးကြီးလှပါတယ်! ကျွန်တော့်အမေဟာ အထူးသဖြင့် ကျွန်တော်နဲ့ကျွန်တော့်ညီအစ်မတွေအတွက် သိပ်ကိုကောင်းမွန်တဲ့ပုံနမူနာချမှတ်ပေးခဲ့တဲ့အပြင် ယေဟောဝါနဲ့ကိုယ်တော့်အဖွဲ့အစည်းကိုလေးမြတ်ဖို့ပါ ကျွန်တော်တို့ကို တည်ဆောက်ပေးခဲ့တယ်။
ကျွန်တော်တို့ရဲ့ကောင်းကင်ခမည်းတော်ယေဟောဝါရဲ့ လုပ်ငန်းတော်မှာနေ့ရက်သစ်တိုင်းကို တွေးတောစဉ်းစားလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ ကျေးဇူးတင်စိတ်တွေပြည့်လျှံလို့နေပါတယ်။ ကိုယ်တော်ဟာ အလွန့်အလွန်ကောင်းမြတ်တဲ့ ချစ်ခြင်းမေတ္တာရှင်ဘုရားသခင်ပါပဲ! ကျွန်တော်တို့ရဲ့သဘောထားက ဆာလံဆရာရဲ့ဒီစကားအတိုင်းပဲ ဖြစ်ပါတယ်– “အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကိုချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက်နာမတော်ကိုကောင်းချီးပေးပါမည်။ ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းချီးပေးပါမည်။ နာမတော်ကိုကမ္ဘာအဆက်ဆက်ချီးမွမ်းပါမည်။”—ဆာလံ ၁၄၅:၁၊ ၂။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီးအက်တီးနဲ့အတူ