အမှန်တရားသည် ဘဝအသက်တာများ ကို ပြောင်းလဲစေ
ယနေ့ များစွာသောသူတို့၏ဘဝသည် ခက်ခဲရုံမျှမက မျှော်လင့်ချက်မဲ့နေသည့်တိုင် ဖြစ်နေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ ထိုသို့သောသူများအနေနှင့် ပျော်ရွှင်မှုကို တွေ့ရှိနိုင်ပါမည်လော။ အချို့သူတို့မှာ ရာဇဝတ်ကောင်များဖြစ်ပြီး လူလူချင်းကို နှိပ်စက်ကလူပြုကြ၏။ ဤသူတို့သည် လူ့ဘောင်၏ ရိုးသားဖြောင့်မတ်သူများ ဖြစ်လာနိုင်ဦးမည်လော။ ဤမေးခွန်းနှစ်ခုစလုံး၏အဖြေမှာ ဖြစ်နိုင်ပါသည်ဖြစ်၏။ လူတို့သည် ပြောင်းလဲနိုင်ပါသည်။ ဘဝများကို ပြုပြင်နိုင်ပါသည်။ မည်သို့ပြုပြင်ပြောင်းလဲနိုင်ကြောင်းကို တမန်တော်ပေါလုက ဤသို့ရေးသားခဲ့၏– “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသိနိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။”—ရောမ ၁၂:၂။
“စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာ” ဟူသည့်ဖော်ပြချက်က အထက်ပါစကားကို ပေါလုမရေးသားမီအနှစ် ၂၀ ကျော်အချိန်က မိမိ၏တပည့်တော်များအား ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပြန်သတိရစေပေမည်။ ယေရှုက “သမ္မာ [“အမှန်၊” ကဘ] တရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွတ်လိမ့်မည်” ဟုမိန့်ကြားခဲ့၏။ (ယောဟန် ၈:၃၂) “သမ္မာတရား” ဟုယေရှုဆိုရာတွင် ကျွန်ုပ်တို့အတွက်သမ္မာကျမ်းစာ၌ သိုမှီးထားသော ဘုရားသခင်မှုတ်သွင်းသည့်အချက်အလက်များ—အထူးသဖြင့် ဘုရားသခင့်အလိုတော်နှင့်ပတ်သက်သော အချက်အလက်များ—ကိုဆိုလိုနေခြင်းဖြစ်၏။ (ယောဟန် ၁၇:၁၇) ကျမ်းစာသမ္မာတရားသည် လူတို့ကိုအမှန်ပင် လွတ်မြောက်စေပါသလော။ ဘုရားသခင့်အလိုတော်နှင့်အညီနေထိုင်ခြင်းသည် ဘဝကိုအမှန်ပင် ပြုပြင်ပြောင်းလဲပေးပါသလော။ အမှန်ပင်ပြောင်းလဲစေပါသည်။ ဥပမာအချို့ကို သုံးသပ်ကြည့်ကြပါစို့။
ဘဝတွင်ရည်ရွယ်ချက်တစ်ခုရှိစေ
မကြာသေးမီက ဂျီဘရော်လ်တာမြို့ရှိ မွိုင်စက်စ်ဆိုသူမှာ အလွန်စိတ်ညစ်နေသူတစ်ဦးဖြစ်သည်။ သူကဤသို့ပြောပြသည်– “ကျွန်တော်ဟာ အရက်သမားတစ်ယောက်ဖြစ်ခဲ့ပြီး လမ်းပေါ်မှာပဲအိပ်တယ်။ လမ်းပျောက်နေသလိုပဲ ကျွန်တော်ခံစားရတယ်။ ကျွန်တော့်ကို သက်ညှာဖို့နဲ့ နောက်ထပ်တစ်ရက်ဆက်ပြီးမခံစားပါရစေနဲ့ဆိုပြီး ဘုရားသခင်ဆီ ကျွန်တော်ညတိုင်းဆုတောင်းတယ်။ ကျွန်တော့်မှာ အလုပ်အကိုင်မရှိ၊ မိသားစုမရှိ၊ အကူအညီပေးမယ့်သူမရှိနဲ့ ဘာမှအသုံးမကျတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင် ဘာကြောင့်ဒီလောကထဲရောက်လာရတာလဲ။ ဘာကြောင့်ကျွန်တော်ဆက်အသက်ရှင်နေရတာလဲ ဆိုပြီးဘုရားသခင်ကိုမေးရင်းနဲ့ငိုမိတယ်။” ထို့နောက် တစ်စုံတစ်ခုဖြစ်ပျက်လာလေသည်။
မွိုင်စက်စ်က ဤသို့ဆက်ပြောပြသည်– “ရိုဘာတိုလို့ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက်နဲ့တွေ့တဲ့အခါ ကျွန်တော့်ဆုတောင်းသံကို ဘုရားသခင်နားညောင်းတယ်ဆိုတာသိလိုက်တယ်။ ရိုဘာတိုကကျွန်တော့်ကို သမ္မာကျမ်းစာတစ်အုပ်နဲ့ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းaဆိုတဲ့ ကျမ်းစာလေ့လာရာမှာ အထောက်အကူပြု စာအုပ်တစ်အုပ်ပေးတယ်။ နေ့တိုင်းလိုလို ညညကျွန်တော်အိပ်တဲ့ ခုံတန်းရှည်ပေါ်မှာ သမ္မာကျမ်းစာကို အတူတူလေ့လာကြတယ်။ တစ်လလောက်ကြာပြီးတဲ့နောက် ရိုဘာတိုက ယေဟောဝါသက်သေတွေရဲ့ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ကျင်းပတဲ့အစည်းအဝေးတစ်ခုကို ကျွန်တော့်ကိုခေါ်သွားတယ်။ သိပ်မကြာခင် ကျမ်းစာသမ္မာတရားက ကျွန်တော့်ရဲ့အမြင်သဘောထားကို လုံးလုံးပြောင်းလဲလိုက်ပါတယ်။ အရင်လိုလမ်းပေါ်မှာမအိပ်တော့ဘဲ အရက်နဲ့ဆေးလိပ်လည်းဖြတ်လိုက်တယ်။ ကျွန်တော့်ဘဝပြောင်းလဲသွားပြီး ပျော်နေပါပြီ။ မကြာခင် နှစ်ခြင်းခံပြီး ကိုယ်တော်ရဲ့သက်သေတစ်ဦးအဖြစ် ယေဟောဝါကိုအမှုထမ်းမယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။”
အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုပါတကား! လူတို့မျှော်လင့်ချက်ကင်းမဲ့ရသည့်အကြောင်းရင်းမှာ အသိပညာနည်းပါးခြင်းကြောင့် ဖြစ်လေ့ရှိသည်။ သူတို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏ အံ့ချီးဖွယ်ရည်ရွယ်ချက်များအကြောင်းကို မသိရှိကြချေ။ မွိုင်စက်စ်၏ဖြစ်ရပ်တွင် ထိုအသိပညာကိုသူရရှိသည့်အခါ ယင်းက သူ၏ဘဝပုံစံကိုပြောင်းလဲရန် သူ့ကိုခွန်အားသတ္တိပေးခဲ့သည်။ မွိုင်စက်စ်၏အဖြစ်အပျက်တွင် ဆာလံဆရာ၏ အောက်ပါဆုတောင်းချက်ကို ဘုရားသခင်နားညောင်းတော်မူခဲ့သည်– “အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့လည်းကောင်း၊ တဲတော်သို့လည်းကောင်း အကျွန်ုပ်ကိုပို့ဆောင်ပါစေသော။”—ဆာလံ ၄၃:၃။
ဘီးလစ်ဇ်နိုင်ငံမှ ဒယ်နီယယ်ဆိုသူမှာ အလားတူတွေ့ကြုံခဲ့ရသည်။ ဒယ်နီယယ်သည် လမ်းပေါ်၌မအိပ်ပါ—သူ့မှာ ဂုဏ်ရှိသောအလုပ်တစ်ခုရှိထားသည်။ သို့သော် သူသည် နှစ်ပေါင်း ၂၀ တိုင်တိုင် မူးယစ်ဆေးနှင့်အရက်စွဲခြင်းဖြင့် လုံးချာလိုက်နေရာမှ အကျင့်ပျက်သွားလေတော့သည်။ ကက်သလစ်တစ်ဦးအဖြစ်ကြီးပြင်းလာသော်လည်း ဘဝအဓိပ္ပာယ်ကိုရှာမတွေ့နိုင်ဘဲ ဒယ်နီယယ်သည် ဘုရားသခင်ရှိကြောင်းကို သံသယဖြစ်မိသည်။ အခြားချာ့ချ်များသို့သွား၍ အကူအညီရှာခဲ့သော်လည်း ချာ့ချ်သွားဖော်မိတ်ဆွေများနှင့် သူ့မိတ်ဆွေဓမ္မဆရာအချို့ပင် မူးယစ်ဆေးများနှင့် အရက်ကိုအလွဲသုံးသူများဖြစ်ကြကြောင်း သူတွေ့ရှိခဲ့ရသည်။ ထိုအတောအတွင်း သူ့ဇနီးကသူ့ကိုကွာရှင်းမည့်ဆဲဆဲဖြစ်သည်။
ကြံရာမရဖြစ်သည့်အဆုံး၌ ဒယ်နီယယ်သည် အကျင့်ပြုပြင်ရေးဌာနတစ်ခုတွင် ကိုယ်တိုင်စာရင်းပေးသွင်းလေသည်။ သို့ရာတွင် ၎င်းဌာနမှလွတ်လာပြီးနောက် အကူအညီမရရှိပါက မကြာမီဆေးပြန်စွဲမည်ကို သူသိထားသည်။ သို့သော် အဘယ်အကူအညီမျိုးနည်း။ အကျင့်ပြုပြင်ရေးဌာနမှ ထွက်လာပြီးနှစ်ရက်အကြာ ၁၉၉၆၊ မေလတွင် ဒယ်နီယယ်သည် ယေဟောဝါသက်သေတစ်ဦးထံ ချဉ်းကပ်၍ “ကျေးဇူးပြုပြီး ကျွန်တော့်ကိုကျမ်းစာသင်ပေးပါဗျာ” ဟူ၍အပူတပြင်းတောင်းဆိုလိုက်ရာ သူ့ကိုအံ့အားသင့်စေခဲ့သည်။ သက်သေခံသည် ဒယ်နီယယ်နှင့် တစ်ပတ်လျှင်နှစ်ကြိမ် ကျမ်းစာလေ့လာရန်စီစဉ်ပြီး မကြာမီ ဒယ်နီယယ်သည် သူ့အသက်တာကို ဘုရားသခင့်အလိုတော်နှင့်အညီ ပြုပြင်ပြောင်းလဲကာ မိမိ၏မိတ်ဆွေဟောင်းများနေရာတွင် မူးယစ်ဆေးနှင့် အရက်ကိုအလွဲမသုံးဘဲ အကျင့်ယိုယွင်းခြင်းကို ရှောင်ကြဉ်ကြသော ခရစ်ယာန်မိတ်ဆွေများနှင့် အစားထိုးလိုက်လေသည်။ ထိုသို့ဖြင့် “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏” ဟူသော ကျမ်းစာအဆိုမှန်ကန်ကြောင်း ဒယ်နီယယ်သိရှိလာပါသည်။ (သု. ၁၃:၂၀) မကြာမီ သူက “ကြည်လင်တဲ့အတွင်းလှုံ့ဆော်စိတ်ရှိတယ်ဆိုတာဟာ ဘာလဲဆိုတာကို ကျွန်တော့်ဘဝမှာ အခုမှပထမဦးဆုံးအကြိမ်သိရှိလိုက်ရတယ်” ဟူ၍ပြောပြသည်။ ဒယ်နီယယ်၏ဘဝလည်း ပြောင်းလဲလာလေသည်။
ပွာတီရီကိုမှ အခြားအမျိုးသားတစ်ဦးသည် မှတ်သားလောက်ဖွယ် ပြောင်းလဲသွားခဲ့သည်။ သူသည် ထောင်ကျနေပြီး လူအတော်များများကိုသတ်ခဲ့သောကြောင့် သူ့ကိုအလွန်အန္တရာယ်ရှိသူအဖြစ် ယူမှတ်ထားကြသည်။ ကျမ်းစာသမ္မာတရားက သူ့ကိုပြောင်းလဲစေနိုင်ပါသလော။ ပြောင်းလဲစေနိုင်ပါသည်။ ယေဟောဝါသက်သေတစ်ဦးသည် သူ့ကို ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းအချို့ပေးနိုင်ခဲ့ပြီး နောက်ထပ်ပေးဖို့ သူချက်ချင်းတောင်းဆိုလိုက်သည်။ သူနှင့်ကျမ်းစာသင်အံမှုစတင်လိုက်ပြီး ကျမ်းစာသမ္မာတရားက သူ့နှလုံးကိုထိမိလာကာ သူ၏ပြောင်းလဲမှုများသည် အားလုံးရှေ့ထင်ရှားလာလေသည်။ သူ့ပြောင်းလဲမှု၏ ဦးဦးဆုံးအထောက်အထားများထဲမှတစ်ခုမှာ သူ၏ဆံပင်ရှည်ကိုညှပ်ပစ်ပြီး ဖွာလန်ကြဲကျနေသည့်မုတ်ဆိတ်မွေးကို ရိတ်ပစ်လိုက်သည့်အချိန်ဖြစ်သည်။။
အမှန်နောင်တရပြီး မိမိတို့၏ဘဝပုံစံကိုပြောင်းလဲသည့် အပြစ်ပြုသူများကို ဘုရားသခင်ခွင့်လွှတ်တော်မူကြောင်း သမ္မာကျမ်းစာကဆိုသည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ . . . အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် . . . ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။” (၁ ကောရိန္သု ၆:၉၊ ၁၁) အထက်ပါစကားများက ထိုသူကိုနှစ်သိမ့်မှုဖြစ်စေသကဲ့သို့ တမန်တော် ၂၄:၁၅ မှ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဟူသောစကားများကလည်း သူ့ကိုနှစ်သိမ့်မှုပေးခဲ့မည်မှာမလွဲပေ။ သူကဤသို့ပြောပြသည်– “ကျွန်တော်အသက်ချွေယူခဲ့တဲ့သူတွေဆီမှာ ခွင့်လွှတ်မှုတောင်းနိုင်ဖို့ သေလွန်သူတွေရှင်ပြန်ထမြောက်လာမယ့်အချိန်မှာ ကျွန်တော်ရှိနေချင်ပါတယ်။”
မိသားစုအသစ်တစ်ခု
တစ်နေ့တွင် အာဂျင်တီးနားနိုင်ငံမှ လူးဝစ္စအမည်ရှိ ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဧဝံဂေလိဟောပြောသူတစ်ဦးသည် ကြေကွဲဖွယ်နောက်ကြောင်းရှိသူ လူငယ်တစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ မွေးစအရွယ်တွင် မိဘများ၏စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး လူမှုဝန်ထမ်းအဆောက်အအုံအမျိုးမျိုးတွင် နေခဲ့ရသည်။ သူ့အသက် ၂၀ ခန့်ရောက်သည့်အချိန်တွင် သူ့မိခင်နေထိုင်သည့်နေရာကိုသိရှိလာပြီး သူမနှင့်မလှမ်းမကမ်းတွင်နေထိုင်ဖို့ သူဆုံးဖြတ်ခဲ့ပါသည်။ သူသည် အလုပ်ကြိုးစားလုပ်ကိုင်၍ ငွေများစွာစုဆောင်းမိသောအခါ သူ့မိခင်နေထိုင်ရာမြို့သို့ သွားလေသည်။ သူမနှင့်နေခွင့်ပြုပြီးနောက် သူ့ငွေပြတ်သွားချိန်တွင် သူ့ကိုထွက်သွားခိုင်းခဲ့သည်။ ဤသို့ငြင်းပယ်ခံရခြင်းက သူ့ကိုယ်သူသတ်သေချင်စိတ် ဖြစ်ပေါ်စေခဲ့ပါသည်။
သို့သော် လူးဝစ္စသည် ကျမ်းစာသမ္မာတရားကို ဤလူငယ်အားဝေမျှပေးနိုင်ခဲ့သည်။ အဆိုပါသမ္မာတရားတွင် “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူ၏” ဟူသောအာမခံချက်လည်း ပါဝင်သည်။ (ဆာလံ ၂၇:၁၀) မည်သည့်အခါမျှ သူ့ကိုစွန့်ပစ်မည်မဟုတ်သော ကောင်းကင်ခမည်းတော်တစ်ပါးကို ရရှိထားကြောင်း ထိုလူငယ်သိလာပါသည်။ ယခုသူသည် မိသားစုအသစ်တစ်ခုဖြစ်သော ယေဟောဝါ၏မိသားစုဝင်ဖြစ်ရသည့်အတွက် ပျော်ရွှင်နေပါသည်။
ထိုနိုင်ငံမှအခြားသူတစ်ဦးက ကင်းမျှော်စင်မဂ္ဂဇင်းကို သူကြိုက်နှစ်သက်ကြောင်း ယေဟောဝါသက်သေတစ်ဦးကိုပြောပြခဲ့သည်။ အဘယ်ကြောင့်နည်း။ ယင်းသည် သူ၏အိမ်ထောင်ရေးကို ခိုင်မြဲစေခဲ့သောကြောင့်ပင်ဖြစ်သည်။ တစ်နေ့ ထိုသူအလုပ်မှအပြန်တွင် “ကွာရှင်းခြင်း” ဟူသည့်ခေါင်းစဉ်ကို စာလုံးကြီးနှင့်ရေးထားသော ကင်းမျှော်စင် မဂ္ဂဇင်းတစ်စောင်ကို အမှိုက်ပုံးထဲ၌တွေ့ရှိခဲ့ပုံရသည်။ သူ့အိမ်ထောင်ရေး၌ အဖုအထစ်ဝင်လာရာ သူနှင့်သူ့ဇနီးတို့သည် တရားဝင်ခွဲနေဖို့ တရားစွဲထားကြသောကြောင့် ထိုမဂ္ဂဇင်းကိုကောက်ယူပြီး စတင်ဖတ်လေသည်။ ယင်းကို အိမ်သို့ပြန်ယူသွားပြီး သူ့ဇနီးနှင့်အတူဖတ်ကြည့်သည်။ မောင်နှံစုံသည် မဂ္ဂဇင်းထဲမှ သမ္မာကျမ်းစာအခြေပြုအကြံဉာဏ်ကို လက်တွေ့အသုံးပြုရန်ကြိုးစားကြသည်။ (ဧဖက် ၅:၂၁–၆:၄) မကြာမီ သူတို့၏ဆက်ဆံရေးသည် တိုးတက်ကောင်းမွန်လာသည်။ ခွဲခွာရန် အမှုဆိုင်ရာ ဆောင်ရွက်ချက်များကို သူတို့ရုပ်သိမ်းလိုက်ကြပြီး ယခုစည်းလုံးမှုရှိသည့် အိမ်ထောင်သည်စုံတွဲအဖြစ် သမ္မာကျမ်းစာကိုလေ့လာလျက်ရှိကြသည်။
ယူရူဂွေးနိုင်ငံမှ လူးဝစ္စအမည်ရှိ အခြားအမျိုးသားတစ်ဦးသည် မပျော်ရွှင်နိုင်ပေ။ သူ့ဘဝကိုကမောက်ကမဖြစ်စေသောအရာအချို့မှာ မူးယစ်ဆေးဝါးစွဲခြင်း၊ နတ်ဝိဇ္ဇာအတတ်၊ အရုပ်ကိုးကွယ်မှုနှင့် အရက်သေစာအလွဲသုံးစားမှုတို့ဖြစ်သည်။ နောက်ဆုံး လူးဝစ္စသည် လုံးဝစိတ်ရှုပ်ထွေးသွားပြီး ဘုရားသခင်မဲ့ဝါဒီတစ်ဦးဖြစ်လာတော့သည်။ မိတ်ဆွေတစ်ဦးက သူ့ကိုအသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော[လိပ်] ဟူသည့်စာအုပ်ကိုပေးခဲ့သည်။b သို့ဖြင့် ယေဟောဝါသက်သေများနှင့် ခေတ္တမျှအဆက်အသွယ်ရရှိခဲ့သော်လည်း မကြာမီ လူးဝစ္စသည် အရက်နှင့်မူးယစ်ဆေးများကို ပြန်လည်သုံးစွဲလေသည်။ အကြီးအကျယ်စိတ်ဝေဒနာခံစားရသည့်တစ်ချိန်တွင် သူသည် အမှိုက်ကျင်းတစ်ခု၌ ထိုင်မိလျက်သားဖြစ်နေသည်ကိုတွေ့ရှိရပြီး ဘုရားသခင့်နာမတော်ကို အသေအချာမသိသောကြောင့် “ယေရှုခရစ်၏ခမည်းတော်” ထံသူဆုတောင်းခဲ့သည်။
သူလောကထဲရောက်လာရသည့် အကြောင်းရင်းတစ်ခုခုရှိမည်ဆိုလျှင် မိမိကိုဖော်ပြပေးဖို့ ဘုရားသခင်ထံ ဆုတောင်းမိသည်။ လူးဝစ္စကဤသို့ပြောပြသည်– “နောက်တစ်ရက်ကျတော့ အသိတစ်ယောက်က သူမသုံးတော့တဲ့စာအုပ်တစ်အုပ်ကို ကျွန်တော့်ကိုပေးတယ်။ ခေါင်းစဉ်ကကော။ ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ![လိပ်]c ဖြစ်တယ်။” ထိုစာအုပ်က သူ့မေးခွန်းကိုဖြေဆိုရန် အထောက်အကူပြုသည်။ ဘုရားသခင်အားမည်သို့ကိုးကွယ်ရမည်ကို ပြသပေးမည့်ဘာသာတရားကို ရှာဖွေရာတွင် မိမိကိုကူညီပေးဖို့ လူးဝစ္စဆုတောင်းပြန်သည်။ အံ့အားသင့်စရာပင်! တံခါးခေါင်းလောင်းမြည်လာပြီး အပြင်တွင် ယေဟောဝါသက်သေနှစ်ဦးရပ်နေကြသည်။ လူးဝစ္စသည် သူတို့နှင့်ချက်ချင်း သမ္မာကျမ်းစာကို စတင်လေ့လာတော့သည်။ အလျင်အမြန်တိုးတက်လာပြီး ယခုသူသည် နှစ်ခြင်းခံပြီးသော သက်သေခံတစ်ဦးဖြစ်ရသည့်အတွက် ကောင်းချီးခံစားရသည်ဟု သူခံစားရသည်။ သန့်ရှင်းသောအသက်တာနှင့် သူနေထိုင်ပြီး လူ့ဘဝရည်ရွယ်ချက်ကို ရှာဖွေရာတွင် အခြားသူများကိုလည်း အကူအညီပေးလျက်ရှိသည်။ “[ဆုတောင်းချက်] ကိုနားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်” ဟူသောဆာလံ ၆၅:၂ ပါစကားများသည် သူ့အတွက်မှန်ကန်လှသည်။
ဖိလစ်ပိုင်နိုင်ငံမှ အယ်လဲန်သည် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ သူသည် “နောင်လာနောက်သားများ တန်းတူနေထိုင်နိုင်ရန်အတွက် အစိုးရကိုဖြုတ်ချဖို့” ရည်ရွယ်သည့်အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သို့သော် တစ်နေ့တွင် သူသည်ယေဟောဝါသက်သေများနှင့် ဆက်သွယ်မိကာ သမ္မာကျမ်းစာမှ လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို သိရှိလာပါသည်။ ထိုရည်ရွယ်ချက်တွင် ဤမှုတ်သွင်းခံကတိတော်လည်း ပါဝင်သည်– “ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁) အယ်လဲန်က ဤသို့ပြောပြသည်– “ကျွန်တော်တို့ရဲ့လှုပ်ရှားမှုဟာ သမ္မာကျမ်းစာထဲမှာ အရင်ကတည်းက ကတိပြုထားတဲ့အရာအတွက် ကြိုးပမ်းနေခြင်းပဲဖြစ်တယ်ဆိုတာ သိပ်မကြာခင် ကျွန်တော်သိလာတယ်။ ဘုရားသခင့်နိုင်ငံတော်က ကျွန်တော်တို့စိတ်အားထက်သန်စွာ လိုလားတောင့်တနေတဲ့အရာအားလုံးကို ပြုလုပ်ပေးပါလိမ့်မယ်။” ယခုအယ်လဲန်သည် ဘုရားသခင့်နိုင်ငံတော်ကိုထောက်ခံပြီး ကျမ်းစာသမ္မာတရားကို အခြားသူများယုံကြည်လာရန် ကူညီပေးလျက်ရှိသည်။
မှန်ပါသည်၊ ဘုရားသခင့်စကားတော်၊ ကျမ်းစာ၏သမ္မာတရားကို လူတို့လိုက်နာကြသည့်အခါ သူတို့အသက်တာ ပြောင်းလဲသွားပါသည်။ အမှန်မှာ အရှင်လတ်လတ်ကပ်ကျော်မည့် လူသားအားလုံးတို့သည် ဘုရားသခင့်အလိုတော်နှင့်အညီ နေထိုင်ကြမည့်အချိန်ရောက်လာပါလိမ့်မည်။ ယင်းသည် အကြီးအကျယ်ပြောင်းလဲမှု ဖြစ်မည်ပါတကား! ထိုအခါ ဤပရောဖက်ပြုချက်ပြည့်စုံလာပါလိမ့်မည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည်ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။”—ဟေရှာယ ၁၁:၉။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။
b နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည်။
c နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည်။