“အလွန်တောင့်တမျှော်လင့်လျက်” စောင့်နေခြင်း
“ဖန်ဆင်းတော်မူသောအရာများသည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက်စောင့်နေကြ၏။”—ရောမ ၈:၁၉၊ သမ္မာ။
၁။ ယနေ့ခရစ်ယာန်များ၏အခြေအနေနှင့် ပထမရာစုရှိခရစ်ယာန်များ၏အခြေအနေသည် အဘယ်နည်းဖြင့်ဆင်တူသနည်း။
ယနေ့ စစ်မှန်သောခရစ်ယာန်များ၏အခြေအနေသည် ပထမရာစုခရစ်ယာန်များ၏အခြေအနေနှင့်ဆင်တူ၏။ မေရှိယပေါ်ထွန်းချိန်ကိုခွဲခြားသိမြင်ရန် ထိုခေတ်ရှိခရစ်ယာန်များအား ပရောဖက်ပြုချက်တစ်ခုကထောက်ကူခဲ့သည်။ (ဒံယေလ ၉:၂၄-၂၆) ထိုပရောဖက်ပြုချက်က ယေရုရှလင်မြို့ပျက်စီးမည့်အကြောင်း ကြိုဟောထားသော်လည်း ထိုမြို့ပျက်စီးမည့်အချိန်ကိုမူ ခရစ်ယာန်များအား ကြိုတင်သိရှိစေနိုင်သည့် အချက်များမပါရှိခဲ့ချေ။ (ဒံယေလ ၉:၂၆ခ၊ ၂၇) အလားတူစွာ ပရောဖက်ပြုချက်တစ်ခုသည် ၁၉ ရာစုရှိ စိတ်ရင်းမှန်သော ကျမ်းစာကျောင်းသားများကို စောင့်မျှော်နေစေခဲ့သည်။ ဒံယေလ ၄:၂၅ ပါ “ခုနစ်ကာလ” နှင့် “တစ်ပါးအမျိုးသားတို့ . . . အချိန်ကာလ” ကိုဆက်စပ်ခြင်းအားဖြင့် ခရစ်တော်သည် ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်အာဏာရရှိလိမ့်မည်ဟု မှန်းဆနိုင်ခဲ့ကြသည်။ (လုကာ ၂၁:၂၄; ယေဇကျေလ ၂၁:၂၅-၂၇) ဒံယေလကျမ်းတွင် ပရောဖက်ပြုချက်များစွာပါရှိသော်လည်း ယင်းတို့အနက်တစ်ခုမျှ စာတန့်စနစ်တစ်ခုလုံးပျက်စီးမည့်အချိန်ကို မျက်မှောက်ခေတ်ကျမ်းစာကျောင်းသားများ တိကျစွာတွက်ချက်နိုင်ရန် အထောက်အကူမပြုပါ။ (ဒံယေလ ၂:၃၁-၄၄; ၈:၂၃-၂၅; ၁၁:၃၆၊ ၄၄၊ ၄၅) သို့ရာတွင် ကျွန်ုပ်တို့သည် ‘ဆုံးခန်းကာလ’ တွင်အသက်ရှင်နေကြသောကြောင့် ထိုအမှုသည် မကြာခင်ဖြစ်ပျက်တော့မည်ဖြစ်သည်။—ဒံယေလ ၁၂:၄။a
ခရစ်တော်ရောက်ရှိနေခြင်းအတွင်း သတိရှိခြင်း
၂၊ ၃။ (က) ဘုရင်အာဏာဖြင့် ခရစ်တော်ရောက်ရှိနေခြင်းကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း အဘယ်အချက်ကအဓိကသက်သေထူသနည်း။ (ခ) ခရစ်ယာန်များသည် ယေရှုခရစ်ရောက်ရှိနေခြင်းအတွင်း သတိနှင့်ဆက်စောင့်နေရမည်ဖြစ်ကြောင်း အဘယ်အချက်ကပြသနည်း။
၂ မှန်ပါသည်၊ ၁၉၁၄ ခုနှစ်တွင် ခရစ်တော်သည် [ဘုရားသခင့်] နိုင်ငံတော်အာဏာအပ်နှင်းမခံရမီ ပရောဖက်ပြုချက်တစ်ခုက ခရစ်ယာန်များကိုမျှော်တလင့်လင့်ရှိစေခဲ့သည်။ သို့သော် ခရစ်တော်ပေးခဲ့သော မိမိရောက်ရှိနေခြင်းနှင့် အစီအစဉ်စနစ်ဆုံးခန်းဆိုင်ရာ “နိမိတ်” တွင်ဖြစ်ရပ်မှန်များပါဝင်သည်။ ယင်းတို့အနက်အများစုကို ကိုယ်တော်ရောက်ရှိခြင်းစတင်ပြီးနောက်တွေ့ရမည်ဖြစ်သည်။ ထိုအဖြစ်အပျက်များ—စစ်၊ အစာခေါင်းပါးမှု၊ မြေငလျင်၊ ရောဂါ၊ တိုးပွားနေသောမတရားမှု၊ ခရစ်ယာန်များကိုနှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာချီဟောပြောခြင်းတို့—က ယနေ့ ကျွန်ုပ်တို့သည် ဘုရင့်အာဏာဖြင့် ခရစ်တော်ရောက်ရှိနေခြင်းကာလတွင် အသက်ရှင်နေကြကြောင်းကို အဓိကသက်သေထူသည်။—မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၁၀၊ ၁၁။
၃ သို့တိုင် တပည့်တော်များအတွက် ယေရှု၏ခွဲခွာခါနီးနှုတ်ဆက်စကားသံသည် “စောင့်နေကြလော့၊ နိုးနိုးကြားကြားရှိကြလော့။ . . . သတိနှင့်စောင့်နေကြလော့” ဟူ၍ဖြစ်ခဲ့သည်။ (မာကု ၁၃:၃၃၊ ၃၇၊ သတင်းကောင်း; လုကာ ၂၁:၃၆) သတိရှိနေရန် ဤတိုက်တွန်းချက်၏ရှေ့နောက်စကားများကို အသေအချာဖတ်ရှုပါက ခရစ်တော်သည် မိမိစတင်ရောက်ရှိနေခြင်း၏နိမိတ်ကို သတိနှင့်စောင့်နေရန်အဓိကပြောနေခြင်းမဟုတ်ကြောင်း ဖော်ပြသည်။ ယင်းအစား မိမိရောက်ရှိနေခြင်းအတွင်း သတိနှင့်စောင့်နေရန် စစ်မှန်သောတပည့်တော်များကို မိန့်မှာနေခြင်းဖြစ်သည်။ အဘယ်အရာအတွက် စစ်မှန်သောခရစ်ယာန်များ သတိနှင့်စောင့်နေကြရမည်နည်း။
၄။ ယေရှုပေးခဲ့သောနိမိတ်အားဖြင့် အဘယ်အရာကိုသိရှိရမည်နည်း။
၄ ‘ထိုအမှုအရာ [ဂျူးစနစ်ပျက်စီးခြင်းသို့ ဦးတည်သည့်ဖြစ်ရပ်များ] တို့သည် အဘယ်အချိန်တွင်ဖြစ်ပြီး ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း’ ဟူသောမေးခွန်းကိုဖြေဆိုရာ၌ ယေရှုသည် မဟာပရောဖက်ပြုချက်ကိုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၄:၃၊ ကဘ) ကြိုဟောထားသောနိမိတ်သည် ခရစ်တော်ရောက်ရှိနေခြင်းကိုသာမက လက်ရှိစနစ်ဆိုး၏ဆုံးခန်းသို့ဦးတည်စေသည့် အဖြစ်အပျက်များကိုလည်း ဖော်ပြပေမည်။
၅။ ဝိညာဉ်ရေးအရရောက်ရှိနေစဉ် ကိုယ်တော် “ကြွလာ” ရလိမ့်ဦးမည်ဖြစ်ကြောင်း ယေရှုမည်သို့ဖော်ပြခဲ့သနည်း။
၅ ယေရှုက ကိုယ်တော့် “ရောက်ရှိနေခြင်း” (ဂရိ၊ ပါရိုစီးယား) အတွင်း ဘုန်းတန်ခိုးဖြင့်ကြွလာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ “ကြွလာခြင်း” (ဂရိဝေါဟာရအဲရ်ခိုမိုင်၏ပုံစံများကဖော်ပြ) နှင့်ပတ်သက်၍ ကိုယ်တော်ဤသို့ဖော်ပြသည်– “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည်ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ . . . သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ ပုံသက်သေတစ်ခုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကိုသင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသား [ခရစ်တော်] သည် တံခါးဝတိုင်အောင်အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ . . . သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ . . . ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။”—မဿဲ ၂၄:၃၀၊ ၃၂၊ ၃၃၊ ၄၂၊ ၄၄။
ယေရှုခရစ် အဘယ်ကြောင့်ကြွလာသနည်း
၆။ “မဟာဗာဗုလုန်” ပျက်စီးခြင်းသည် မည်သို့ဖြစ်လာမည်နည်း။
၆ ၁၉၁၄ ခုနှစ်မှစ၍ ယေရှုခရစ်သည် ဘုရင်အဖြစ်ရောက်ရှိနေပြီဖြစ်သော်လည်း ဆိုးညစ်သူများကိုစီရင်ချက်မချမီ လူ့အဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီကို တရားစီရင်ရဦးမည်ဖြစ်သည်။ (၂ ကောရိန္သု ၅:၁၀ နှိုင်းယှဉ်။) ယေဟောဝါသည် ကမ္ဘာ့မှောက်မှားသောဘာသာရေးအင်ပါယာ “မဟာဗာဗုလုန်” ကိုဖျက်ဆီးဖို့ နိုင်ငံရေးခေါင်းဆောင်များ၏စိတ်ထဲ မကြာမီစိတ်ကူးပေါ်စေလိမ့်မည်။ (ဗျာဒိတ် ၁၇:၄၊ ၅၊ ၁၆၊ ၁၇) ယေရှုခရစ်သည် “ဒုစရိုက်လူ”—“မဟာဗာဗုလုန်” ၏ထင်ရှားသောအစိတ်အပိုင်းဖြစ်သည့် ခရစ်ယာန်ဘောင်၏ဖောက်ပြန်သောဓမ္မဆရာများ—ကို ဖျက်ဆီးလိမ့်မည်ဟု တမန်တော်ပေါလုက အတိအကျဖော်ပြခဲ့သည်။ ပေါလု ဤသို့ရေးခဲ့သည်– “ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့်ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။”—၂ သက်သာလောနိတ် ၂:၃၊ ၈။
၇။ လူသားသည် မိမိဘုန်းဖြင့်ကြွလာသောအခါ အဘယ်စီရင်ချက်ကို ချမည်နည်း။
၇ မဝေးတော့သောအနာဂတ်၌ ခရစ်တော်သည် ကမ္ဘာပေါ်ရှိဆဲ ညီတော်များနှင့်ဆက်ဆံပုံပေါ်မူတည်၍ လူမျိုးတို့ကို တရားစီရင်ပါလိမ့်မည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံနှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍၊ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ လူအပေါင်းတို့ကို အသီးအခြားခွဲ၍၊ သိုးတို့ကိုလက်ယာတော်ဘက်၊ ဆိတ်တို့ကိုလက်ဝဲတော်ဘက်၌ထားတော်မူလတ္တံ့။ ထိုအခါ . . . [သိုးများ] အား . . . မင်းကြီးက ‘ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသောငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ’ . . . [ဆိတ်] တို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားကြလတ္တံ့။”—မဿဲ ၂၅:၃၁-၄၆။
၈။ ဘုရားတရားမဲ့သူများအပေါ်စီရင်ချက်ချရန် ခရစ်တော်ကြွလာခြင်းကို ပေါလုမည်သို့ဖော်ပြသနည်း။
၈ သိုးနှင့်ဆိတ်ပုံပမာတွင် ဖော်ပြထားသကဲ့သို့ ယေရှုသည် ဘုရားတရားမဲ့သူအားလုံးကို နောက်ဆုံးစီရင်ချက်ချသည်။ “သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ . . . ငါတို့နှင့်အတူချမ်းသာခြင်းကို . . . ပေး . . . တော်မူလိမ့်မည်။ ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော်ကိုထင်ရှားခြင်း . . . ခံအံ့သောငှာကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသောဘုန်းတော်နှင့်လည်းကောင်းကွာ၍၊ ထာဝရပျက်စီးခြင်းတည်းဟူသောအပြစ်ဒဏ်ကို ခံရကြလတ္တံ့” ဟုဆင်းရဲခံနေရသောယုံကြည်သူချင်းများအား စိတ်ချစေခဲ့သည်။ (၂ သက်သာလောနိတ် ၁:၇-၁၀) မကြာမီ ဤစိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များဖြစ်မည်ဖြစ်ရာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကိုတင်ပြကာ ခရစ်တော်ကြွလာခြင်းကို အလွန်တောင့်တလျက်သတိနှင့်စောင့်မနေသင့်ပေလော။
ခရစ်တော်ပေါ်ထွန်းချိန်ကို အလွန်တောင့်တ မျှော်လင့်နေခြင်း
၉၊ ၁၀။ ကမ္ဘာပေါ်ရှိနေကြဆဲဖြစ်သော ဘိသိက်ခံများသည် ယေရှုခရစ်၏ပေါ်ထွန်းခြင်းကို အဘယ်ကြောင့်အလွန်တောင့်တကြရသနည်း။
၉ ‘ကောင်းကင်ဘုံမှ သခင်ယေရှု၏ပေါ်ထွန်းခြင်း’ သည်ဆိုးသွမ်းသူတို့ကိုဖျက်ဆီးဖို့သာမက ဖြောင့်မတ်သောသူများကိုဆုချဖို့လည်းဖြစ်သည်။ ကမ္ဘာပေါ်ရှိနေကြဆဲ ခရစ်တော်၏ဘိသိက်ခံညီတော်အကြွင်းအကျန်သည် ခရစ်တော်၏ပေါ်ထွန်းချိန်မတိုင်မီအထိ ဆင်းရဲခြင်းခံရဦးမည်ဖြစ်သော်လည်း သူတို့၏ဘုန်းအသရေရှိကောင်းကင်မျှော်လင့်ချက်၌ ဝမ်းမြောက်နေကြသည်။ ဘိသိက်ခံခရစ်ယာန်များထံ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် ခရစ်တော်၏ဆင်းရဲခြင်းကိုဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။”—၁ ပေတရု ၄:၁၃။
၁၀ ဘိသိက်ခံများသည် ခရစ်တော်က ‘သူတို့ကို အထံတော်၌စည်းဝေး’ စေသည်အထိ သစ္စာရှိရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ဤသို့အားဖြင့် သူတို့ယုံကြည်ခြင်း၏ “စစ်ကြောခံအရည်အသွေး” သည် “ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလိုငှာဖြစ်မည်အကြောင်း” တည်း။ (၂ သက်သာလောနိတ် ၂:၁; ၁ ပေတရု ၁:၇) အဆိုပါသစ္စာရှိဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့်ပတ်သက်၍ ဤသို့ဆိုနိုင်သည်– “ခရစ်တော်၏သက်သေကို သင်တို့တွင်တည်စေသည်ရှိသော် . . . သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ပေါ်ထွန်းတော်မူခြင်းကို မျှော်လင့်၍နေစဉ်၊ ဆုတော်တစ်စုံတစ်ခုမျှမလျော့ဘဲ စုံလင်လျက်ရှိကြ၏။”—၁ ကောရိန္သု ၁:၄-၇။
၁၁။ ယေရှုခရစ်၏ပေါ်ထွန်းခြင်းကိုစောင့်နေကြစဉ် ဘိသိက်ခံခရစ်ယာန်များသည် အဘယ်အရာကိုလုပ်ဆောင်ကြသနည်း။
၁၁ ဘိသိက်ခံအကြွင်းအကျန်သည် “ငါတို့အား ပေါ်ထွန်းလတ္တံ့သောဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏” ဟုရေးသားခဲ့သူပေါလု၏သဘောထားမျိုးရှိကြသည်။ (ရောမ ၈:၁၈) သူတို့၏ယုံကြည်ခြင်းကို အချိန်တွက်ချက်မှုများဖြင့် ထောက်မပေးစရာမလိုချေ။ သူတို့သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေကြရာ သူတို့၏အပေါင်းအဖော် “အခြားသိုးများ” အတွက်ပုံသက်သေကောင်းတင်ပြကြသည်။ (ယောဟန် ၁၀:၁၆) ဤစနစ်ဆိုး၏ဆုံးခန်းနီးပြီဖြစ်ကြောင်း ဘိသိက်ခံခရစ်ယာန်များသိထားကြရာ ပေတရု၏ဤတိုက်တွန်းချက်ကို လိုက်နာကြ၏– “သင်တို့စိတ်နှလုံးကိုခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင်မျှော်လင့်ကြလော့။”—၁ ပေတရု ၁:၁၃။
‘ဖန်ဆင်းတော်မူရာများ၏ တောင့်တမျှော်လင့်ခြင်း’
၁၂၊ ၁၃။ ဖန်ဆင်းတော်မူရာလူသားသည် “အနိစ္စနိုင်ငံသို့” မည်သို့လိုက်ကြပြီး အခြားသိုးများသည် အဘယ်အရာကိုတောင့်တကြသနည်း။
၁၂ အခြားသိုးများလည်း တောင့်တမျှော်လင့်နေဖို့ အကြောင်းတစ်စုံတစ်ရာရှိသလော။ အမှန်တကယ်ပင်ရှိသည်။ ယေဟောဝါ၏ဝိညာဉ်တော်ဖွား “သားများ” နှင့် ကောင်းကင်နိုင်ငံတွင် ‘ခရစ်တော်နှင့်အတူအမွေခံ’ မည့်သူများအဖြစ် မွေးစားခံရသူများ၏ ဘုန်းအသရေရှိမျှော်လင့်ချက်အကြောင်းပြောပြီးနောက် ပေါလုက ဤသို့ဆက်ဆိုသည်– “ဖန်ဆင်းတော်မူသောအရာများသည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက်စောင့်နေကြ၏။ အကြောင်းမူကား ထိုအရာများသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်ကြသည်မဟုတ်။ ဘုရားသခင်သားတို့၏ ဘုန်းဖြစ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့လိုက်စေတော်မူသောအရှင်၏အလိုတော်ကြောင့်သာ လိုက်ရကြ၏။”—ရောမ ၈:၁၄-၂၁၊ သမ္မာ; ၂ တိမောသေ ၂:၁၀-၁၂။
၁၃ အာဒံ၏အပြစ်ကြောင့် သူ၏သားစဉ်မြေးဆက်အားလုံးသည် အပြစ်နှင့်သေခြင်း၏အနှောင်အဖွဲ့ဖြင့်မွေးဖွားခဲ့ကြကာ “အနိစ္စနိုင်ငံသို့လိုက်” ခဲ့ကြရသည်။ သူတို့သည် ထိုအနှောင်အဖွဲ့မှကိုယ်ကိုကိုယ်လွတ်မြောက်စေရန် မတတ်နိုင်ခဲ့ကြချေ။ (ဆာလံ ၄၉:၇; ရောမ ၅:၁၂၊ ၂၁) အခြားသိုးများသည် “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို” မည်မျှဝင်စားလိုကြမည်တကား! သို့သော် ထိုသို့မဖြစ်မီ ယေဟောဝါ၏ကာလအချိန်ဥတုများအတိုင်း တစ်စုံတစ်ရာသောအရာများဖြစ်ပျက်ရမည်။
၁၄။ “ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်း” တွင်အဘယ်အရာပါဝင်ပြီး၊ မည်သို့ “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှကယ်လွှတ်” ခြင်းခံရမည်နည်း။
၁၄ “ဘုရားသခင့်သား” များဖြစ်သော ဘိသိက်ခံအကြွင်းအကျန်သည် ဦးဆုံး ‘ပေါ်ထွန်း’ ရမည်။ ယင်းတွင် အဘယ်အရာပါဝင်မည်နည်း။ ဘုရားသခင်သတ်မှတ်ထားချိန်တိုင်လေသော် ဘိသိက်ခံများသည်နောက်ဆုံး “တံဆိပ်ခတ်ခြင်းခံ” ခဲ့ကြရပြီး ခရစ်တော်နှင့်အတူအုပ်စိုးရန်ဘုန်းဝင်စားခဲ့ကြကြောင်း အခြားသိုးများသိမြင်လာပါလိမ့်မည်။ (ဗျာဒိတ် ၇:၂-၄) စာတန့်စနစ်ဆိုးကိုဖျက်ဆီးရာတွင် ခရစ်တော်နှင့်အတူပါဝင်ကြသောအခါတွင်လည်း ရှင်ပြန်ထမြောက်သော “ဘုရားသခင့်သား” များသည် ‘ပေါ်ထွန်း’ ကြပါလိမ့်မည်။ (ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၉:၁၄၊ ၁၅) ထို့နောက် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုအတွင်း “ဖန်ဆင်းတော်မူသောအရာ” လူသားများအား ယေရှု၏ရွေးဖိုးပူဇော်သကာအကျိုးကျေးဇူးများကို ဝေငှပေးကမ်းရန်အတွက် ယဇ်ပုရောဟိတ်များအဖြစ် ထပ်ဆင့် ‘ပေါ်ထွန်း’ ကြပါလိမ့်မည်။ ယင်းကြောင့် လူသားများသည် “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှကယ်လွှတ်” ခံရပြီး နောက်ဆုံး၌ “ဘုရားသခင့်သားတို့၏ဘုန်းဖြစ်သောလွတ်ခြင်းချမ်းသာ” ကိုဝင်စားကြမည်ဖြစ်သည်။ (ရောမ ၈:၂၁; ဗျာဒိတ် ၂၀:၅; ၂၂:၁၊ ၂) ဤထူးမြတ်သောအလားအလာများရှိနေရာ အခြားသိုးများသည် “ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက်စောင့်နေ” ကြခြင်းကိုအံ့သြစရာရှိပါမည်လော။—ရောမ ၈:၁၉။
ယေဟောဝါ၏စိတ်ရှည်ခြင်းသည် ကယ်တင်ခြင်းရရှိစေ
၁၅။ အဖြစ်အပျက်များကို ယေဟောဝါဖြစ်ပျက်စေချိန်နှင့်ပတ်သက်၍ အဘယ်အရာကို ကျွန်ုပ်တို့မမေ့သင့်သနည်း။
၁၅ ယေဟောဝါသည် မဟာအချိန်စောင့်သိရှင်ဖြစ်၏။ ကိုယ်တော်သည် အဖြစ်အပျက်များကို အချိန်အတိအကျဖြစ်ပျက်စေမည်အကြောင်း တွေ့ရပါလိမ့်မည်။ အရာခပ်သိမ်းသည် ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း အမြဲပင်ဖြစ်ပျက်လာမည့်ပုံမရှိပါ။ သို့ရာတွင် ဘုရားသခင့်ကတိတော်အားလုံးသည် ပြည့်စုံလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့လုံးလုံးယုံကြည်စိတ်ချနိုင်ပါသည်။ (ယောရှု ၂၃:၁၄) လူအများထင်သည်ထက် အချိန်ကြာမြင့်စွာ အရာအချို့ကို ခွင့်ပြုထားပေမည်။ သို့သော် ကိုယ်တော့်နည်းလမ်းများကိုနားလည်ပြီး ကိုယ်တော့်ဉာဏ်ပညာကိုလေးမြတ်တန်ဖိုးထားကြစို့။ ပေါလု ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏ပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကိုလိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။ ‘ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည်တိုင်ပင်ဘက်ပြုသနည်း။’”—ရောမ ၁၁:၃၃၊ ၃၄။
၁၆။ ယေဟောဝါ၏စိတ်ရှည်ခြင်းမှ မည်သူအကျိုးရရှိနိုင်သနည်း။
၁၆ ပေတရုက ဤသို့ရေးသားခဲ့သည်– “ထိုသို့ [လက်ရှိ “ကောင်းကင်” နှင့် “မြေကြီး” ကိုဖျက်ဆီးပြီး ဘုရားသခင့်ကတိထားရာ “ကောင်းကင်သစ်” နှင့် “မြေကြီးသစ်” ရောက်ရှိမည်ကို] မျှော်လင့်ခြင်းရှိသောကြောင့် ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာရောက်မည်အကြောင်း ကြိုးစားအားထုတ်ကြလော့။ . . . ငါတို့သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်းဖြစ်သည်။” ယေဟောဝါ၏စိတ်ရှည်သည်းခံခြင်းကြောင့် သန်းပေါင်းများစွာသောသူတို့သည် ‘သူခိုးကဲ့သို့’ မမျှော်လင့်ဘဲရောက်ရှိလာမည့် ယေဟောဝါ၏နေ့ကြီးမှ လွတ်မြောက်ရန်အခွင့်အရေးပေးခြင်းခံရကြမည်။ (၂ ပေတရု ၃:၉-၁၅) ကိုယ်တော့်စိတ်ရှည်ခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီကိုလည်း “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကိုယ်ကယ်တင်ခြင်းငှာ ကြိုးစားအားထုတ်” ခွင့်ပြု၏။ (ဖိလိပ္ပိ ၂:၁၂) တရားစီရင်ရန် ကိုယ်တော်ကြွလာမည့်အချိန်တွင် “လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူ” များဖြစ်လိုကြလျှင် ကျွန်ုပ်တို့သည် “ကိုယ်ကိုကိုယ်သတိပြုကြ” ပြီး “စောင့်နေကြ” ရမည်ဟု ယေရှုမိန့်မှာခဲ့သည်။—လုကာ ၂၁:၃၄-၃၆; မဿဲ ၂၅:၃၁-၃၃။
ခံနိုင်ရည်ရှိရှိဖြင့် ဆက်၍စောင့်နေခြင်း
၁၇။ တမန်တော်ပေါလု၏အဘယ်စကားများကို ကျွန်ုပ်တို့နှလုံးသွင်းသင့်သနည်း။
၁၇ ပေါလုက မိမိ၏ဝိညာဉ်ရေးညီအစ်ကိုများအား “ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကိုကြည့်မှတ်ကြ” ရန်တိုက်တွန်းခဲ့သည်။ (၂ ကောရိန္သု ၄:၁၆-၁၈) သူတို့ရှေ့ရှိ ကောင်းကင်ဆုကျေးဇူးအပေါ်ထားသောအမြင်ကို မှုန်ဝါးမသွားစေလိုခဲ့ချေ။ ကျွန်ုပ်တို့သည် ဘိသိက်ခံခရစ်ယာန်များဖြစ်စေ၊ အခြားသိုးများဖြစ်စေ ကျွန်ုပ်တို့ရှေ့ရှိအံ့ဖွယ်မျှော်လင့်ချက်ကို စိတ်စွဲလမ်းပြီး မစွန့်လွှတ်ကြစို့နှင့်။ “ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ” ကြောင်းသက်သေထူရန် ‘ခံနိုင်ရည်ရှိရှိဖြင့်ဆက်စောင့်နေ’ ကြစို့။—ရောမ ၈:၂၅; ဟေဗြဲ ၁၀:၃၉။
၁၈။ ကျွန်ုပ်တို့သည် ယေဟောဝါ၏လက်တော်၌ ကာလအချိန်ဥတုများကို အဘယ်ကြောင့်ယုံကြည်စိတ်ချစွာပုံအပ်ထားနိုင်သနည်း။
၁၈ ကျွန်ုပ်တို့သည် ယေဟောဝါ၏လက်တော်၌ ကာလအချိန်ဥတုများကိုယုံကြည်စိတ်ချစွာ ပုံအပ်ထားနိုင်ကြပါသည်။ ကိုယ်တော်၏အချိန်ဇယားအရ ကိုယ်တော့်ကတိတော်များသည် “နောက်မကျဘဲ” ပြည့်စုံပါလိမ့်မည်။ (ဟဗက္ကုတ် ၂:၃) ဤအချိန်အတောအတွင်း တိမောသေအား ပေါလုပေးခဲ့သည့်တိုက်တွန်းချက်သည် ကျွန်ုပ်တို့အတွက်အဓိပ္ပာယ်ပိုရှိလာပါသည်။ သူက ဤသို့ဆိုသည်– “ကိုယ်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်တော်မူသော သခင်ယေရှုခရစ်ရှေ့မှာလည်းကောင်း၊ ဘုရားသခင့်ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုသစ္စာပေးသည်ကား၊ နှုတ်ကပါဌ်တရားတော်ကိုဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြိုးစားအားထုတ်လော့။ . . . ဆရာအရာ၌ခန့်ထား၍ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။”—၂ တိမောသေ ၄:၁-၅။
၁၉။ ယေဟောဝါ၏လူမျိုးတော်သည် အဘယ်အမှုကိုပြုလုပ်ရန်အချိန်ရှိနေဆဲဖြစ်သနည်း၊ အဘယ်ကြောင့်နည်း။
၁၉ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အိမ်နီးချင်းများ၏သေရေးရှင်ရေးအကြောင်းဖြစ်နေသည်။ ပေါလု ဤသို့ရေးသားခဲ့သည်– “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။” (၁ တိမောသေ ၄:၁၆) မိုက်မဲသောစနစ်အတွက် အချိန်အနည်းငယ်သာကျန်ရှိတော့သည်။ ကျွန်ုပ်တို့ရှေ့ရှိ စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များကို အလွန်တောင့်တမျှော်လင့်နေစဉ် ယေဟောဝါ၏လူမျိုးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောဖို့ ကိုယ်တော်၏ကာလအချိန်ဥတုဖြစ်နေသေးကြောင်း အမြဲသတိရနေကြစို့လေ။ ကိုယ်တော့်စိတ်တော်ကျေနပ်သည်အထိ ထိုအလုပ်ကို ပြီးမြောက်စေရမည်ဖြစ်သည်။ “သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟုယေရှုမိန့်တော်မူခဲ့သည့်အတိုင်းဖြစ်ပေမည်။—မဿဲ ၂၄:၁၄။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသော ထာဝရအသက်ရစေသော အသိပညာစာအုပ်အခန်း ၁၀ နှင့် ၁၁ ရှု။
ပြန်လည်သုံးသပ်ခြင်းအားဖြင့်
◻ အချိန်တွက်ချက်ခြင်းများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အခြေအနေသည် ပထမရာစုခရစ်ယာန်များ၏အခြေအနေနှင့် မည်သို့ဆင်တူသနည်း။
◻ ခရစ်ယာန်များသည် ခရစ်တော်ရောက်ရှိနေစဉ်၌ပင် အဘယ်ကြောင့် “သတိနှင့်စောင့်နေ” ကြရမည်နည်း။
◻ ဖန်ဆင်းတော်မူရာလူသားသည် “ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်း” ကိုအဘယ်ကြောင့်အလွန်တောင့်တမျှော်လင့်နေကြသနည်း။
◻ ကျွန်ုပ်တို့သည် ယေဟောဝါ၏လက်တော်၌ ကာလအချိန်ဥတုများကိုအဘယ်ကြောင့် ယုံကြည်စိတ်ချစွာပုံအပ်နိုင်ကြသနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ယေရှုကြွလာခြင်းကိုမျှော်လင့်ကာ နိုးကြားနေကြရမည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဘိသိက်ခံအကြွင်းအကျန်သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များလျက်ရှိနေကြ၊ သူတို့၏ယုံကြည်ခြင်းသည် အချိန်တွက်ချက်မှုများအပေါ်အခြေမခံပါ