သင်မှတ်မိသလော
မကြာသေးမီကထုတ်ဝေသော ကင်းမျှော်စင်စာစောင်များ ဖတ်ရှုရခြင်းကို သင်နှစ်သက်ပါသလော။ သို့ဖြစ်လျှင် အောက်ပါတို့ကို ပြန်လည်သတိရခြင်းက သင့်အတွက် စိတ်ဝင်စားစရာဖြစ်ပေမည်–
▫ ယေဟောဝါ၏လူမျိုးကို လမ်းပြပေးရန် ကိုယ်တော်ရွေးချယ်ထားသူများကို အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။
ယေဟောဝါသည် အချိန်အခါအလိုက် ကိုယ်တော်သွားစေလိုသည့်လမ်းစဉ်တွင် မိမိလူမျိုးအားလမ်းပြပေးရန် လိုအပ်သည့်အရည်အချင်းများရှိသူအချို့ကိုရွေးချယ်ပြီး တာဝန်ထမ်းဆောင်စေသည်။—၈/၁၅၊ စာမျက်နှာ ၁၄။
▫ ယောန၏အတွေ့အကြုံမှ အဘယ်အရာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။
ယောနသည် ကိုယ့်အကြောင်းကိုလွန်စွာစဉ်းစားခဲ့ပြီး အခြားသူတို့အကြောင်းကို အနည်းငယ်သာစဉ်းစားခဲ့၏။ မိမိနှင့် မိမိ၏ခံစားချက်များကို ဦးစားမပေးခြင်းဖြင့် ယောနထံမှ ကျွန်ုပ်တို့သင်ခန်းစာယူနိုင်ပါသည်။—၈/၁၅၊ စာမျက်နှာ ၁၉။
▫ “ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏” ဟုအဘယ်နည်းဖြင့်ဆိုနိုင်သနည်း။ (သု. ၁၈:၁၀၊ ကဘ)
ဘုရားသခင့်နာမတော်၌ ကျွန်ုပ်တို့ခိုလှုံခြင်းသည် ယေဟောဝါကိုယ်တော်တိုင်အား ကိုးစားသည့်သဘောသက်ရောက်သည်။ (ဆာလံ ၂၀:၁; ၁၂၂:၄) ယင်းသည် ကိုယ်တော့်ပိုင်သအုပ်စိုးမှုကိုထောက်မခြင်း၊ ကိုယ်တော့်ပညတ်များနှင့်မူများကိုထောက်ခံခြင်း၊ ကိုယ်တော့်ကတိတော်များကို ယုံကြည်ခြင်းနှင့် ကိုယ်တော့်အား အကြွင်းမဲ့ဆက်ကပ်အပ်နှံခြင်းတို့ကိုဆိုလိုသည်။ (ဟေရှာယ ၅၀:၁၀; ဟေဗြဲ ၁၁:၆)—၉/၁၊ စာမျက်နှာ ၁၀။
▫ ရာထူးကြီးမြင့်သူများရှေ့ ပေါလု၏သက်သေခံနည်းသည် ကျွန်ုပ်တို့အတွက် မည်သို့ပုံသက်သေဖြစ်သနည်း။
ပေါလုသည် အဂြိပ္ပမင်းကိုစကားပြောရာ၌ သူနှင့်အဂြိပ္ပတို့၌ရှိသော တူညီသည့်အချက်များကို အလေးပေးဖော်ပြကာ ပါးနပ်လိမ္မာမှုကိုအသုံးပြုခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့သည် တူညီသည့်မျှော်လင့်ချက်များကို အလေးအနက်ဖော်ပြကာ သတင်းကောင်း၏အပြုသဘောပါကဏ္ဍများကို အလေးပေးသင့်သည်။ (၁ ကောရိန္သု ၉:၂၂)—၉/၁၊ စာမျက်နှာ ၃၁။
▫ ယေဟောဝါ၏စိတ်ရှည်ခြင်းမှ မည်သူအကျိုးရရှိနိုင်သနည်း။
ယေဟောဝါ၏စိတ်ရှည်သည်းခံခြင်းကြောင့် ယနေ့ ထပ်၍သန်းပေါင်းများစွာသောသူတို့သည် ရောက်ရှိလာတော့မည့် ‘ယေဟောဝါ၏နေ့ကြီး’ မှ လွတ်မြောက်ရန်အခွင့်အရေးပေးခြင်းခံနေရကြသည်။ (၂ ပေတရု ၃:၉-၁၅) ကိုယ်တော့်စိတ်ရှည်ခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီကိုလည်း “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကိုယ်ကယ်တင်ခြင်းငှာ ကြိုးစားအားထုတ်” ရန် အခွင့်ရရှိစေသည်။ (ဖိလိပ္ပိ ၂:၁၂)—၉/၁၅၊ စာမျက်နှာ ၂၀။
▫ စက်ပ်တွားဂျင့် ဘာသာပြန်ကျမ်းသည် မည်မျှအဖိုးတန်သနည်း။
ဤဘာသာပြန်ကျမ်းသည် ယေဟောဝါဘုရားသခင်အကြောင်းနှင့် ဘုရင်အဖြစ် ယေရှုခရစ်အုပ်ချုပ်မည့် ကိုယ်တော်၏နိုင်ငံတော်အကြောင်း အသိပညာကိုပျံ့နှံ့စေရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့၏။ ပထမရာစုတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဂရိစကားပြောဂျူးများနှင့် တစ်ပါးအမျိုးသားများလက်ခံလာနိုင်ဖို့ စက်ပ်တွားဂျင့်ကျမ်းက အရေးပါသောအုတ်မြစ်ကိုချပေးခဲ့သည်။—၉/၁၅၊ စာမျက်နှာ ၃၀။
▫ ဖြုန်းတီးသောသားပုံဥပမာက ဘုရားသခင်အကြောင်း အဘယ်အရာသွန်သင်ပေးသနည်း။
ဦးဆုံး၊ ယေဟောဝါသည် “ကရုဏာရှိသောသဘော၊ သနားကြင်နာသောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာကြွယ်ဝသောသဘောရှိ” ကြောင်းသွန်သင်ပေးသည်။ (ထွက်မြောက်ရာ ၃၄:၆၊ ကဘ) ဒုတိယမှာ၊ ကရုဏာပြဖို့အခြေခံဖြစ်သည့် နှလုံးပြောင်းလဲမှုရှိသောအခါ ကိုယ်တော်သည် “ခွင့်လွှတ်ရန်အသင့်ရှိ” ခြင်းဖြစ်သည်။ (ဆာလံ ၈၆:၅)—၁၀/၁၊ စာမျက်နှာ ၁၂၊ ၁၃။
▫ ဟေရှာယ ၆၅:၂၁–၂၅ တွင်ကတိပေးထားသော ငြိမ်းချမ်းသည့်အခြေအနေများကို အဘယ်အချိန်တွင် တွေ့ကြုံခံစားရမည်နည်း။
ယနေ့ ဝိညာဉ်ရေးပရဒိသုတွင်ရှိနေသည့် ယေဟောဝါ၏စည်းလုံးသောဝတ်ပြုသူများအဖြစ် ဘိသိက်ခံများနှင့် “အခြားသိုး” တွင်ပါဝင်သူတို့သည် ဘုရားသခင်ပေးငြိမ်သက်ခြင်းကို ယခုပင်ခံစားနေကြရသည်။ (ယောဟန် ၁၀:၁၆) အဆိုပါငြိမ်သက်ခြင်းသည် ‘ကောင်းကင်ဘုံ၌ ဘုရားသခင့်အလိုတော်ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင်ပြည့်စုံ’ သောအခါ ပကတိပရဒိသုတွင်လည်းရှိပါလိမ့်မည်။ ထိုအချိန်တွင် ပရောဖက်ဟေရှာယ၏စကားသည် အပြည့်အဝဖြစ်ပျက်လာလိမ့်မည်။ (မဿဲ ၆:၁၀)—၁၀/၁၅၊ စာမျက်နှာ ၂၄။
▫ ခရစ်ယာန်များသည် အဘယ်ကြောင့် နှစ်ပတ်လည်မင်္ဂလာအထိမ်းအမှတ်ပွဲများကိုကျင်းပပြီး မွေးနေ့ပွဲများကို မကျင်းပကြသနည်း။
အိမ်ထောင်ပြုခြင်းကို မနှစ်မြို့ဖွယ်ရာအဖြစ် သမ္မာကျမ်းစာမရှုမြင်ပါ။ မင်္ဂလာဆောင်စဉ်က ပျော်ရွှင်မှုနှင့် မောင်နှံစုံအနေဖြင့် အောင်မြင်ကြဖို့ကြိုးစားရန် ဆုံးဖြတ်ခဲ့ခြင်းကို ပြန်လည်သတိရစဉ်းစားကြရန် မင်္ဂလာနှစ်ပတ်လည်နေ့ကို ခရစ်ယာန်များဂရုပြုမပြုဆိုသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စ လုံးလုံးလျားလျားဖြစ်သည်။ သို့သော် ကျမ်းစာ၌မှတ်တမ်းတင်ထားသော မွေးနေ့ပွဲများသည် အယူမှားသူတို့၏ပွဲများဖြစ်ပြီး ကြမ်းကြုတ်မှုများနှင့် ဆက်စပ်နေပါသည်။—၁၀/၁၅၊ စာမျက်နှာ ၃၀၊ ၃၁။
▫ ၁ ကောရိန္သု ၃:၁၂၊ ၁၃ တွင်ဖော်ပြထားသော ပေါလု၏ဥပမာ၌ “မီး” သည်အဘယ်အရာကိုပုံဆောင်၍ ခရစ်ယာန်အားလုံး အဘယ်အရာကိုသတိပြုသင့်သနည်း။
ကျွန်ုပ်တို့အားလုံး၏ဘဝအသက်တာတွင် လူတိုင်းသည် ယုံကြည်ခြင်းစမ်းသပ်မှုမီးဒဏ်ကို ခံကြရ၏။ (ယောဟန် ၁၅:၂၀; ယာကုပ် ၁:၂၊ ၃) အမှန်တရားကို ကျွန်ုပ်တို့၏သွန်သင်မှုခံရသောသူတိုင်းသည် အစစ်ခံရလိမ့်မည်။ ကျွန်ုပ်သည် ညံ့ဖျင်းစွာသွန်သင်မည်ဆိုလျှင် ပေါလုသတိပေးသကဲ့သို့ ဝမ်းနည်းဖွယ်အကျိုးဆက်များဖြစ်လာနိုင်ပေသည်။ (၁ ကောရိန္သု ၃:၁၅)—၁၁/၁၊ စာမျက်နှာ ၁၁။
▫ နောဧသည် အဘယ်နည်းဖြင့် ‘ဘုရားသခင်နှင့်အတူလျှောက်လှမ်းသနည်း’။ (ကမ္ဘာဦး ၆:၉)
နောဧသည် ဘုရားသခင်မိန့်မှာသည့်အတိုင်း ဆောင်ရွက်ခြင်းဖြင့် ဘုရားသခင်နှင့်အတူသွားလာခဲ့သည်။ သူ၏အသက်တာကို ယေဟောဝါအလိုတော်ထမ်းရွက်ခြင်း၌ မြှုပ်နှံထားရာ ဘုရားသခင်နှင့် နွေးထွေး၍ရင်းနှီးသောဆက်ဆံရေးကို နောဧရရှိထား၏။—၁၁/၁၅၊ စာမျက်နှာ ၁၀။
▫ အဓမ္မအမှုပြုသူများကို ဘုရားသခင်အပြစ်စီရင်မည့်အချိန်ကို အတိအကျမသိခြင်းက ကျွန်ုပ်တို့အတွက် အဘယ်အခွင့်အရေးများရစေသနည်း။
ယင်းက ကျွန်ုပ်တို့သည် ယေဟောဝါအား တကယ်ချစ်ကြောင်းနှင့် ကိုယ်တော်၏လမ်းစဉ်တွင် ထာဝစဉ်သွားလာလိုကြောင်း သက်သေပြခွင့်ရရှိစေသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်သစ္စာရှိပြီး အမှုကိစ္စများတွင် ကိုယ်တော်ကိုင်တွယ်ပုံကို ယုံကြည်ကြောင်းကိုလည်း ပြသသည်။ ထိုထက်ကား သတိရှိရှိဖြင့် ဝိညာဉ်ရေးတွင်နိုးကြားနေစေဖို့ ကူညီပေးသည်။ (မဿဲ ၂၄:၄၂-၄၄)—၁၁/၁၅၊ စာမျက်နှာ ၁၈။
▫ ‘ဘုရားသခင့်သားတော်၏နာမ၌’ ယုံကြည်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။ (၁ ယောဟန် ၅:၁၃)
ယင်းက “အချင်းချင်းချစ်” ကြရန်ဟူသော ပညတ်အပါအဝင် ခရစ်တော်၏ပညတ်အားလုံးကို လိုက်နာခြင်းကိုဆိုလိုသည်။ (ယောဟန် ၁၅:၁၄၊ ၁၇) မေတ္တာသည် သူတစ်ပါးအပေါ်ကောင်းကျိုးပြုရန် ရှာကြံ၏။ လူမျိုးရေး၊ ဘာသာရေးနှင့် လူမှုရေးစိတ်စွန်းကွက်မှုမှန်သမျှကို ပယ်ရှားစေသည်။—၁၂/၁၊ စာမျက်နှာ ၇။
▫ ယေဟောဝါသက်သေများသည် အဘယ်ကြောင့် “အမုန်းခံရ” ကြသနည်း။ (မဿဲ ၁၀:၂၂)
ယေဟောဝါသက်သေများသည် ကနဦးခရစ်ယာန်များနှိပ်စက်ညှဉ်းပန်းခံရသည့် အလားတူအကြောင်းရင်းများကြောင့် မတရားအမုန်းခံခဲ့ကြရပြီ။ ပထမအနေဖြင့် ယေဟောဝါသက်သေများသည် သူတို့၏ဘာသာရေးယုံကြည်ချက်များကို လူအချို့နှင့်ရေပန်းမစားစေသည့်နည်းများဖြင့် ပြုကျင့်ကြသည်။ ဒုတိယအနေနှင့် ယေဟောဝါသက်သေများ၏ယုံကြည်ချက်များကို ဗြောင်ကျကျလိမ်လည်ပြောဆို၊ လှည့်ပတ်တင်ပြကြ၍ သူတို့သည် မတရားစွပ်စွဲခံရကြသူများဖြစ်သည်။—၁၂/၁၊ စာမျက်နှာ ၁၄။