ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၄/၁၅ စာ. ၂၈-၃၀
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • သင်၏ကိုယ့်ကိုယ် ကိုယ်သိစိတ်ကို တုံ့ပြန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • “လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကိုယ်ဝန်ဖျက်ချခြင်း—ပြဿနာကင်းသော ဖြေရှင်းနည်းမဟုတ်
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၄/၁၅ စာ. ၂၈-၃၀

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါသက်သေအချို့သည် ဘာသာရေးဆိုင်ရာအဆောက်အဦများ သို့မဟုတ် ပိုင်ဆိုင်ရာတို့နှင့်ပတ်သက်သော အလုပ်များကမ်းလှမ်းခံခဲ့ကြရသည်။ ထိုသို့သောအလုပ်နှင့်ပတ်သက်၍ ကျမ်းစာအမြင်ကား အဘယ်နည်း။

မိမိအိမ်ထောင်ကိုပြုစုရန် အရေးကြီးကြောင်း အလေးပေးထားသည့် ၁ တိမောသေ ၅:၈ ကိုစိတ်ရင်းမှန်ဖြင့် လိုက်လျှောက်လိုသည့်ခရစ်ယာန်များသည် ဤအရေးကိစ္စကိုရင်ဆိုင်ကြရပေမည်။ ခရစ်ယာန်များသည် ထိုဆုံးမစကားကို အမှန်ပင်လိုက်လျှောက်သင့်သော်လည်း ဘယ်လောကအလုပ်မဆိုနှင့်ရှိသမျှကိုလက်ခံရမည်ဟုမဆိုလိုပါ။ ခရစ်ယာန်များသည် ဘုရားသခင့်အလိုတော်နှင့်ဆိုင်သော အခြားညွှန်ကြားချက်များကို အကဲဆတ်တတ်ရန်လိုကြောင်း သဘောပေါက်ကြသည်။ ဥပမာ၊ လူတစ်ဦးသည် မိသားစုကိုထောက်ပံ့လိုသည့်အတွက် အကျင့်ယိုယွင်းမှု သို့မဟုတ် လူသတ်မှုနှင့်ပတ်သက်သော သမ္မာကျမ်းစာ၏မိန့်မှာချက်ကို ကျူးလွန်နိုင်မည်မဟုတ်ချေ။ (ကမ္ဘာဦး ၃၉:၄-၉; ဟေရှာယ ၂:၄; ယောဟန် ၁၇:၁၄၊ ၁၆ နှိုင်းယှဉ်။) ခရစ်ယာန်များသည် . . . မဟာဗာဗုလုန်မှထွက်ဖို့ မိန့်မှာချက်နှင့်အညီ လုပ်ဆောင်ရန်လည်း အရေးကြီးသည်။—ဗျာဒိတ် ၁၈:၄၊ ၅။

ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်ကျေးကျွန်များသည် အလုပ်အခြေအနေများစွာကိုကြုံတွေ့ ကြရသည်။ ရရှိနိုင်သည့်အလုပ်မှန်သမျှကိုစာရင်းပြုစုဖော်ပြပြီး အမျိုးအစားအလိုက် စည်းမျဉ်းများပြဋ္ဌာန်းဖို့ ကြိုးစားခြင်းသည် အဓိပ္ပာယ်ရှိမည်မဟုတ်၊ လုပ်ပိုင်ခွင့်လည်းမရှိချေ။ (၂ ကောရိန္သု ၁:၂၄) သို့သော် လုပ်ငန်းနှင့်ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များချရာတွင် ခရစ်ယာန်များသုံးသပ်သင့်သော အချက်အလက်တချို့ကို ဖော်ပြကြစို့။ ဤအချက်အလက်များကို ၁၉၈၃၊ ဇူလိုင် ၁၅ ကင်းမျှော်စင်ပါ ဘုရား [သခင်] ပေး [ကိုယ်ကိုကိုယ်သိသော] စိတ်မှအကျိုးကျေးဇူးရယူခြင်းဆောင်းပါးတွင် အကျဉ်းချုပ်ဖော်ပြထားသည်။ လေးထောင့်ကွက်တွင် အဓိကမေးခွန်းနှစ်ခုနှင့် အခြားအထောက်အကူပြုအချက်အလက်များကိုဖော်ပြထားသည်။

ပထမအဓိကမေးခွန်းမှာ– သမ္မာကျမ်းစာတွင် လောကအလုပ်ကိုကိုယ်နှိုက်ပြစ်တင်ရှုတ်ချထားပါသလော။ ယင်းကိုဖြေဆိုရာတွင် ခိုးခြင်း၊ အသွေးကိုအလွဲသုံးစားပြုခြင်းနှင့် ရုပ်ပုံကိုးကွယ်ခြင်းစသည့်အရာများကို သမ္မာကျမ်းစာကပြစ်တင်ရှုတ်ချထားသည်ဟု ကင်းမျှော်စင်တွင် ဖော်ပြထားသည်။ ခရစ်ယာန်တစ်ဦးသည် ဖော်ပြခဲ့သော ဘုရားသခင်မနှစ်သက်သည့်အမှုများကို တိုက်ရိုက်အားပေးသည့် လောကအလုပ်ကိုရှောင်သင့်သည်။

ဒုတိယမေးခွန်းမှာ– ဤအလုပ်ကိုလုပ်ကိုင်ခြင်းသည် ပြစ်တင်ရှုတ်ချထားသောအကျင့်တွင် ကြံရာပါဖြစ်စေမည်လော။ လောင်းကစားရုံ၊ ကိုယ်ဝန်ဖျက်ချသည့်ဆေးခန်း သို့မဟုတ် ပြည့်တန်ဆာအိမ်တွင် အလုပ်လုပ်သူသည် ကျမ်းစာနှင့်မညီသောအကျင့်အကြံတွင် ကြံရာပါဖြစ်နေမည်မှာ ရှင်းပါသည်။ သူ၏နေ့စဉ်အလုပ်သည် ကြမ်းတိုက်ခြင်း သို့မဟုတ် ဖုန်းဖြေဆိုခြင်းသာဖြစ်ပါစေ ဘုရားသခင့်နှုတ်မြွက်စကားတော်ပြစ်တင်ရှုတ်ချထားသည့် အကျင့်အကြံကို အားပေးကူညီရာရောက်လိမ့်မည်။

အလုပ်အကိုင်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချစရာလိုသောခရစ်ယာန်များသည် ထိုမေးခွန်းများကိုဆန်းစစ်ကြရုံဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချဖို့ အကူအညီရကြောင်းတွေ့ ရှိခဲ့ကြပြီ။

ဥပမာ၊ ထိုမေးခွန်းနှစ်ခုအရ စစ်မှန်သောဝတ်ပြုသူတစ်ဦးသည် ဗာဗုလုန်ဘာသာရေးအဖွဲ့အစည်းအတွက်ဖြစ်စေ၊ ချာ့ချ်ထဲတွင်ဖြစ်စေ တိုက်ရိုက်အလုပ်သမားတစ်ဦး အဘယ်ကြောင့်ဖြစ်လိမ့်မည်မဟုတ်ကြောင်း သိရှိနိုင်သည်။ ဗျာဒိတ် ၁၈:၄ [သမ္မာ] တွင် ဤသို့မိန့်မှာထားသည်– “သူ၏အပြစ်များကိုဆက်ဆံခြင်းနှင့် . . . ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။” လူတစ်ဦးသည် မှားသောဝတ်ပြုရေးကိုသွန်သင်သည့် . . . အလုပ်သမားတစ်ဦးဖြစ်နေမည်ဆိုလျှင် မဟာဗာဗုလုန်၏အကျင့်များနှင့်အပြစ်များတွင် ပါဝင်နေပါလိမ့်မည်။ ထိုအလုပ်သမားသည် ဥယျာဉ်မှူး၊ တံခါးစောင့်၊ ပြုပြင်သူ သို့မဟုတ် စာရင်းကိုင်ဖြစ်မည်ဆိုလျှင်ပင် သူ၏အလုပ်သည် စစ်မှန်သောဘာသာရေးနှင့်ဆန့်ကျင်သည့် ဝတ်ပြုရေးကိုအားပေးရာရောက်ပေမည်။ ထို့ပြင် ၎င်းချာ့ချ်ကိုအလှဆင်ရန်၊ ပြုပြင်ရန် သို့မဟုတ် ၎င်း၏ဘာသာရေးဆိုင်ရာများကိုဆောင်ရွက်ရန် လုပ်ကိုင်ပေးနေသော ယင်းအလုပ်သမားကိုတွေ့ မြင်မည့်သူတို့က သူ့ကိုယင်းဘာသာနှင့်ပတ်သက်သည်ဟု ယူမှတ်နိုင်စရာအကြောင်းရှိသည်။

သို့သော် ချာ့ချ် သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းတစ်ခု၏ ပုံမှန်အလုပ်သမားတစ်ဦးမဟုတ်သူနှင့်ပတ်သက်၍ကော။ သူသည် ချာ့ချ်မြေအောက်ခန်းတွင် ပျက်နေသောရေပိုက်ကို အရေးပေါ်ပြုပြင်ပေးရန် အခေါ်ခံရသူမျှသာဖြစ်လျှင်ကော။ ယင်းသည် ချာ့ချ်ခေါင်မိုးမိုးပေးခြင်း သို့မဟုတ် ကာပေးခြင်းစသည့် ကန်ထရိုက်တစ်ခုဆွဲခြင်းနှင့် မခြားနားပေလော။

ဤတွင် တစ်ဖန် အခြေအနေအမျိုးမျိုးကို သုံးသပ်ကြည့်နိုင်သည်။ ထို့ကြောင့် ကင်းမျှော်စင်ဖော်ပြထားသော ထပ်ဆင့်အချက်ငါးချက်ကို ပြန်လည်သုံးသပ်ကြည့်ကြစို့–

၁။ လုပ်ငန်းတစ်ခုသည် ကျမ်းစာအရကန့်ကွက်စရာမရှိသော လူ့အကျိုးဆောင်အလုပ်သက်သက်သာဖြစ်သလော။ စာပို့လုလင်တစ်ဦးဥပမာကို သုံးသပ်ကြည့်ပါ။ သူ၏စာပို့နယ်ပယ်ရှိအဆောက်အဦတစ်ခုသည် ချာ့ချ် သို့မဟုတ် ကိုယ်ဝန်ဖျက်ချသည့်ဆေးခန်းတစ်ခုဖြစ်နေမည်ဆိုလျှင် သူသည် ပြစ်တင်ရှုတ်ချထားသောအကျင့်အကြံတစ်ခုကို အားပေးရာရောက်သည်ဟု ဆိုမည်မဟုတ်ပေ။ ဘုရားသခင်သည် ချာ့ချ် သို့မဟုတ် ဆေးခန်းအပါအဝင် အဆောက်အဦအားလုံး နေရောင်ခြည်ရရန်စီမံပေးထား၏။ (တမန်တော် ၁၄:၁၆၊ ၁၇) စာပို့လုလင်ဖြစ်သော ခရစ်ယာန်တစ်ဦးသည် နေ့စဉ်နေ့တိုင်း လူ့ဝန်ဆောင်မှုပြုနေသည်ဟု ကောက်ချက်ချပေမည်။ ယင်းသည် ချာ့ချ်တွင်ရေလျှံခြင်းကို ရပ်တန့်စေရန် အခေါ်ခံရသော ပိုက်ပြင်ဆရာတစ်ဦး၊ သို့မဟုတ် ချာ့ချ်အစည်းအဝေးတက်နေစဉ် မူးလဲသွားသူတစ်ဦးကိုပြုစုရန် အခေါ်ခံရသောကြက်ခြေနီတစ်ဦးအစရှိသည့် အရေးပေါ်ကိစ္စတစ်ခုကိုဆောင်ရွက်ပေးသည့် ခရစ်ယာန်တစ်ဦးနှင့်တူနိုင်သည်။ ယင်းကို သူကကြုံကြိုက်၍ လူ့အကျိုးဆောင်ခြင်းသက်သက်ဟုသာယူမှတ်ပေမည်။

၂။ မိမိလုပ်ခဲ့ရာနှင့်ပတ်သက်၍ လူတစ်ယောက်သည် အဘယ်အတိုင်းအတာအထိ အခွင့်အာဏာရှိသနည်း။ . . . တစ်ဖက်တွင်မူ အစားအသောက်စတိုးဆိုင်ကြီးတစ်ခုရှိ ခရစ်ယာန်အလုပ်သမားတစ်ဦးသည် ငွေကိုင်စာရေး၊ ကြမ်းတိုက် သို့မဟုတ် စာရင်းကိုင်ဖို့ တာဝန်ပေးအပ်ခံရပေမည်။ စီးကရက်များ သို့မဟုတ် ဘာသာရေးပွဲနေ့များအတွက် အသုံးပြုသောပစ္စည်းများစသည့် မနှစ်သက်ဖွယ်ပစ္စည်းအနည်းငယ်ရှိလျှင်ပင် အဘယ်ပစ္စည်းကိုမှာယူရောင်းချမည်ကို သူမကွပ်ကဲချေ။a (လုကာ ၇:၈; ၁၇:၇၊ ၈ နှိုင်းယှဉ်။) ယင်းသည် နောက်အချက်နှင့် ဆက်စပ်သည်။

၃။ ကာယကံရှင်သည် အဘယ်အတိုင်းအတာအထိ ပတ်သက်သနည်း။ စတိုးဆိုင်ဥပမာကို ပြန်သုံးသပ်ကြည့်ကြစို့။ ငွေကိုင်စာရေး သို့မဟုတ် ရောင်းရသည့်ပစ္စည်းများကို ဖြည့်ပေးရသည့်လုပ်သားသည် တစ်ခါတစ်ရံသာ စီးကရက်များ သို့မဟုတ် . . . ပစ္စည်းများကို ကိုင်တွယ်ရပေမည်; ယင်းသည် သူလုပ်ကိုင်ရသည့်တာဝန်တွင် အသေးအဖွဲသာဖြစ်ပေမည်။ သို့သော် စတိုးဆိုင်၏ဆေးလိပ်ကောင်တာအလုပ်သမားနှင့်ပတ်သက်၍မူ ထိုသို့မဟုတ်ပါတကား! နေ့စဉ်နှင့်အမျှ သူ၏အလုပ်အားလုံးသည် ခရစ်ယာန်ယုံကြည်ချက်များနှင့်ဆန့်ကျင်နေသည်။ (၂ ကောရိန္သု ၇:၁) အလုပ်နှင့်ပတ်သက်သောမေးခွန်းများကိုဆုံးဖြတ်ရာတွင် အဘယ်အတိုင်းအတာအထိ ပါဝင်ပတ်သက်ရမည်ကို ချင့်ချိန်ရမည်ဖြစ်ကြောင်း ဤဥပမာကဖော်ပြသည်။

၄။ လုပ်ခကို မည်သူကပေးသနည်း၊ မည်သည့်နေရာတွင် အလုပ်လုပ်ရသနည်း။ အခြေအနေနှစ်ခုကို သုံးသပ်ကြည့်ပါ။ ကိုယ်ဝန်ဖျက်ချသည့်ဆေးခန်းတစ်ခုက အမြင်ပိုကောင်းစေဖို့ ၎င်းဝန်းကျင်ရှိလမ်းများကို သန့်ရှင်းရေးပြုလုပ်ပေးသူတစ်ဦးအား အခငွေပေးရန်ဆုံးဖြတ်ပေမည်။ ထိုသူ၏လုပ်ခကို ကိုယ်ဝန်ဖျက်ချသည့်ဆေးခန်းကထုတ်ပေးသော်လည်း ထိုနေရာတွင်သူအလုပ်မလုပ်ပေ၊ မည်သူမျှ သူ့ကိုဆေးခန်းတွင် တစ်နေ့လုံးမတွေ့ ကြချေ။ ယင်းအစား သူ့အခကို မည်သူပင်ပေးပါလေစေ၊ ကျမ်းစာနှင့်မဆန့်ကျင်သော လူ့အကျိုးဆောင်လုပ်ငန်းတစ်ခုကို သူလုပ်ကိုင်နေကြောင်း လူတို့တွေ့ မြင်နေသည်။ ယင်းနှင့်မတူသော ကိစ္စတစ်ခုရှိသေးသည်။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုသောနိုင်ငံတွင် လိင်ဆိုင်ရာကူးစက်ရောဂါပြန့်ပွားမှုနည်းစေရန် ကျန်းမာရေးစစ်ဆေးချက်များ အမြဲပြုလုပ်ပေးရသည့် သူနာပြုတစ်ဦးကို ပြည်သူ့ကျန်းမာရေးဌာနမှအခပေးပြီး ပြည့်တန်ဆာအိမ်များတွင် အလုပ်ခန့်လေ့ရှိ၏။ သူ့ကို ပြည်သူ့ကျန်းမာရေးဌာနကလခပေးသော်လည်း သူ၏အလုပ်သည် အကျင့်ပျက်ပြားခြင်းကို ပိုမိုဘေးကင်းစေရန်၊ ပိုမိုလက်သင့်ခံဖွယ်ဖြစ်လာနိုင်ရန် ပြည့်တန်ဆာအိမ်များတွင် လုံးလုံးလျားလျားလုပ်ကိုင်ခြင်းဖြစ်၏။ ဤဥပမာများက လခပေးသည့်နေရာနှင့် အလုပ်လုပ်သည့်နေရာတို့ကို အဘယ်ကြောင့်ထည့်တွက်ရကြောင်း ဖော်ပြသည်။

၅။ အလုပ်တစ်ခုလုပ်ခြင်း၏ အကျိုးဆက်ကားအဘယ်နည်း; ကိုယ်ကိုကိုယ်သိသောစိတ်ကိုထိခိုက်မည်လော သို့မဟုတ် သူတစ်ပါးကိုထိမိလဲစရာဖြစ်စေမည်လော။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် သူတစ်ပါး၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ထည့်တွက်သင့်သည်။ လုပ်ငန်းတစ်ခု (အလုပ်လုပ်သည့်နေရာနှင့် လခပေးသည့်နေရာအပါအဝင်) သည် ခရစ်ယာန်အများစုအတွက်လက်သင့်ခံနိုင်ဖွယ်ရှိပုံပေါက်သည့်တိုင် ယင်းသည် မိမိကိုယ်တိုင်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဟု ခံစားရပေမည်။ ပုံသက်သေကောင်းပြခဲ့သူ တမန်တော်ပေါလုက ဤသို့ဖော်ပြခဲ့သည်– “ငါတို့သည် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်လျက် အရာရာတို့၌ကောင်းမွန်စွာကျင့်နေခြင်းငှာ အလိုရှိသောသူဖြစ်သည်။” (ဟေဗြဲ ၁၃:၁၈) ကျွန်ုပ်တို့အားစိတ်အနှောင့်အယှက်ဖြစ်စေမည့် အလုပ်လုပ်ခြင်းကိုရှောင်ကြဉ်သင့်သည်; သို့တိုင် ကိုယ်ကိုကိုယ်သိသောစိတ်ချင်းခြားနားသော သူတစ်ပါးကိုလည်း ပြစ်တင်ဝေဖန်ခြင်းမပြုသင့်ချေ။ ထိုနည်းတူ ခရစ်ယာန်တစ်ဦးသည် တစ်စုံတစ်ခုသောအလုပ်ကိုလုပ်ကိုင်ခြင်းသည် ကျမ်းစာနှင့်မဆန့်ကျင်ကြောင်း သိမည်ဖြစ်သော်လည်း အသင်းတော်နှင့် အသိုင်းအဝိုင်းရှိလူအများအတွက် စိတ်အနှောင့်အယှက်အလွန်ဖြစ်စေလိမ့်မည်ကို သိထားပေမည်။ ပေါလုသည် မှန်ကန်သောသဘောထားကို သူ၏ဤစကားတွင် ပြသခဲ့သည်– “တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ ထိမိ၍လဲစရာအကြောင်းတစ်စုံတစ်ခုကိုမျှမပြု။ . . . ဘုရားသခင်ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကိုအရာရာ၌ထင်ရှားစွာပြကြ၏။”—၂ ကောရိန္သု ၆:၃၊ ၁၀။

ယခု အဓိကမေးခွန်းဖြစ်သည့် ချာ့ချ်အဆောက်အဦတစ်ခုတွင် ပြတင်းပေါက်များအသစ်တပ်ဆင်ခြင်း၊ ကော်ဇောများဆေးကြောသန့်စင်ခြင်း သို့မဟုတ် မီးဖိုပြင်ခြင်းစသည့် အလုပ်လုပ်ခြင်းကို ပြန်သုံးသပ်ကြည့်ကြစို့။ အထက်ပါအချက်အလက်များ မည်သို့ပါဝင်ပတ်သက်နိုင်မည်နည်း။

အခွင့်အာဏာရှိခြင်းကိစ္စကိုပြန်သတိရပါ။ ခရစ်ယာန်ဖြစ်သူသည် ချာ့ချ်တစ်ခုတွင် ထိုသို့သောအလုပ်ကိုလုပ်မလုပ် ဆုံးဖြတ်နိုင်သော အလုပ်ရှင် သို့မဟုတ် မန်နေဂျာဖြစ်သလော။ ထိုအခွင့်အာဏာရှိသော ခရစ်ယာန်တစ်ဦးသည် ဗာဗုလုန်ဝတ်ပြုရေးကိုအားပေးသည့် ဘာသာတစ်ခုခုကိုကူညီရန်လုပ်ငန်းတစ်ခုကိုလေလံဆွဲခြင်း သို့မဟုတ် ကန်ထရိုက်ဆွဲခြင်းအားဖြင့် မဟာဗာဗုလုန်နှင့်ပါဝင်ပတ်သက်လိုမည်လော။ ယင်းသည် မိမိ၏ကိုယ်ပိုင်စတိုးဆိုင်တွင် စီးကရက်များ သို့မဟုတ် ဘာသာရေးရုပ်ပုံများကိုရောင်းချရန်ဆုံးဖြတ်ခြင်းနှင့် မနှိုင်းယှဉ်နိုင်ပေလော။—၂ ကောရိန္သု ၆:၁၄-၁၆။

ခရစ်ယာန်တစ်ဦးသည် လက်ခံသောအလုပ်နှင့်ပတ်သက်၍ ဆုံးဖြတ်ခွင့်မရှိသည့် အလုပ်သမားတစ်ယောက်ဖြစ်လျှင် လုပ်ကိုင်ရမည့်နေရာနှင့် အဘယ်အတိုင်းအတာအထိ ပါဝင်ပတ်သက်ရမည်ဟူသည့် အခြားအချက်အလက်များကို ထည့်တွက်သင့်သည်။ အလုပ်သမားသည် တစ်ချိန်တစ်ခါအတွက် ထိုင်ခုံအသစ်များပို့ပေးရခြင်း၊ နေရာချပေးရခြင်း သို့မဟုတ် ချာ့ချ်အတွင်းမီးမပြန့်ပွားမီ မီးသတ်သမားက မီးငြိမ်းသတ်ပေးရခြင်းစသည့် လူ့ဝန်ဆောင်လုပ်ငန်းအတွက်သာ ခိုင်းစေခြင်းခံရသလော။ ယင်းသည် ချာ့ချ်ကို အတန်ကြာဆေးသုတ်ရသည့်အလုပ် သို့မဟုတ် ယင်းကိုလှပစေရန် ဥယျာဉ်မှူးအလုပ်လုပ်ခြင်းတို့နှင့် ကွာခြားကြောင်း လူအများသိမြင်ကြပေမည်။ ထိုသို့ပုံမှန် သို့မဟုတ် ကြာရှည်ဆက်သွယ်မှုပြုခြင်းသည် ခရစ်ယာန်တစ်ဦးက ထိုဘာသာကိုမထောက်ခံပါဟုပြောသည့်တိုင် ယင်းဘာသာနှင့်ပတ်သက်နေသည်ဟု လူအများကယူမှတ်နိုင်ရာ ထိမိလဲစရာအကြောင်းရှိစေနိုင်သည်။—မဿဲ ၁၃:၄၁; ၁၈:၆၊ ၇။

အလုပ်အကိုင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ထောက်ထားရမည့် အရေးကြီးသောအချက်များကို သုံးသပ်ခဲ့ပြီဖြစ်သည်။ ယင်းတို့ကို ဗာဗုလုန်ဘာသာရေးနှင့်စပ်လျဉ်း၍ မေးခွန်းတွင်တင်ပြထားသည်။ သို့တိုင် အခြားသောအလုပ်အကိုင်မျိုးနှင့်စပ်လျဉ်း၍လည်း ၎င်းတို့ကိုထပ်တူထည့်တွက်နိုင်သည်။ မည်သို့ဆိုစေကာမူ ကိစ္စရပ်တစ်ခုစီတွင် လက်ရှိအခြေအနေနှင့် အထူးပတ်သက်မည့် အချက်အလက်များကိုထည့်တွက်ပြီး စိတ်အားထက်သန်စွာ လေ့လာဆန်းစစ်သင့်သည်။ အထက်တွင်ဖော်ပြထားသည့် အချက်အလက်များသည် ယေဟောဝါ၏ရှေ့မှောက်တွင် ဖြောင့်မတ်မှန်ကန်စွာလိုက်လျှောက်လိုသူ စိတ်ရင်းမှန်သောခရစ်ယာန်များစွာကို အသိစိတ်ရှိရှိဆုံးဖြတ်ချက်များချဖို့ အထောက်အကူပြုခဲ့ပြီဖြစ်သည်။—သု. ၃:၅၊ ၆; ဟေရှာယ ၂:၃; ဟေဗြဲ ၁၂:၁၂-၁၄။

[အောက်ခြေမှတ်ချက်များ]

a ဆေးရုံများတွင် အလုပ်လုပ်သည့်ခရစ်ယာန်တချို့သည် အခွင့်အာဏာနှင့်ပတ်သက်သော ဤအချက်ကို သုံးသပ်ခဲ့ကြရပြီ။ ဆရာဝန်တစ်ဦးသည် လူနာတစ်ဦးကိုဆေးပေးဖို့ သို့မဟုတ် ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပြုလုပ်ပေးဖို့အမိန့်ပေးပိုင်ခွင့်ရှိပေမည်။ လူနာသည် မကန့်ကွက်သည့်တိုင် ဆရာဝန်ဖြစ်သောခရစ်ယာန်တစ်ဦးသည် သွေးသွင်းခြင်း သို့မဟုတ် ကိုယ်ဝန်ဖျက်ချခြင်းတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာအဆိုကိုသိထားရာ ထိုကိစ္စများကိုပြုဖို့ မည်သို့အမိန့်ပေးနိုင်မည်နည်း။ တစ်ဖက်တွင် ဆေးရုံအမှုထမ်းဖြစ်သောသူနာပြုတစ်ဦးသည် ယင်းသို့သောအခွင့်အာဏာရှိမည်မဟုတ်ချေ။ လုပ်ရိုးလုပ်စဉ်များကိုသူလုပ်ဆောင်စဉ် တစ်စုံတစ်ရာသောရည်ရွယ်ချက်အတွက် သွေးစစ်ပေးဖို့ သို့မဟုတ် ကိုယ်ဝန်ဖျက်ချလိုသည့်လူနာကိုပြုစုပေးဖို့ ဆရာဝန်တစ်ဦးက သူ့ကိုညွှန်ကြားပေမည်။ ၄ ဓမ္မရာဇဝင် ၅:၁၇-၁၉ တွင်ဖော်ပြထားသည့်ဥပမာနှင့်အညီ မိမိသည် သွေးသွင်းရန်အမိန့်ပေးပိုင်ခွင့်ရှိသူ သို့မဟုတ် ကိုယ်ဝန်ဖျက်ချပေးသူမဟုတ်သဖြင့် လူနာအတွက် လူမှုရေးကိစ္စများကိုလုပ်ပေးနိုင်၏ဟု ကောက်ချက်ချပေမည်။ သို့တိုင် ‘ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်လျက်ပြုမူ’ နိုင်ရန် သူ၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ထောက်ထားရပါလိမ့်မည်။—တမန်တော် ၂၃:၁၊ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ