သင်မှတ်မိသလော
မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–
◻ “ခရစ်တော်၏သံတမန်” ဟူသော ပေါလု၏အသုံးအနှုန်းသည် ဘိသိက်ခံခရစ်ယာန်များအတွက် အဘယ်ကြောင့် သင့်လျော်သောအသုံးအနှုန်းတစ်ခုဖြစ်သနည်း။ (၂ ကောရိန္သု ၅:၂၀)
ရှေးအချိန်က စစ်မှုကိုရှောင်လွှဲနိုင်ရန် အများအားဖြင့် ရန်လိုစဉ်ကာလအတွင်း သံတမန်များကို စေလွှတ်လေ့ရှိခဲ့ကြသည်။ (လုကာ ၁၄:၃၁၊ ၃၂) အပြစ်ရှိသောလူ့လောကသည် ဘုရားသခင်နှင့်စိမ်းကားနေသောကြောင့် ကိုယ်တော်သည် မိတ်သဟာယဖွဲ့နိုင်သည့် နည်းလမ်းများကိုသိရှိစေရန် ဘိသိက်ခံသံတမန်များကို စေလွှတ်လျက်ရှိပြီး ဘုရားသခင်နှင့်ငြိမ်သက်မှုရှိရန်ရှာကြံဖို့ တိုက်တွန်းနေခြင်းဖြစ်သည်။—၁၂/၁၅၊ စာမျက်နှာ ၁၈။
◻ အာဗြဟံ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည့် အချက်လေးချက်ကား အဘယ်နည်း။
ပထမအချက်မှာ၊ ယေဟောဝါစကားပြောသောအခါ ဂရုတစိုက်နာခံခြင်းဖြင့် ဘုရားသခင်အား ယုံကြည်ကြောင်း သူတင်ပြခဲ့သည် (ဟေဗြဲ ၁၁:၈); ဒုတိယအချက်မှာ၊ သူ၏ယုံကြည်ခြင်းသည် သူ၏မျှော်လင့်ချက်နှင့် အနီးကပ်ဆက်စပ်ခဲ့သည် (ရောမ ၄:၁၈); တတိယအချက်မှာ၊ အာဗြဟံသည် ယေဟောဝါနှင့် မကြာခဏစကားပြောခဲ့သည်; စတုတ္ထအချက်မှာ၊ ဘုရားသခင်ရေးရာလမ်းညွှန်မှုကို အာဗြဟံလိုက်လျှောက်ခဲ့သောအခါ ယေဟောဝါသည် သူ့ကိုထောက်မကူညီပေးခဲ့သည်။ ယနေ့ ထပ်တူအချက်များသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပါသည်။—၁/၁၊ စာမျက်နှာ ၁၇၊ ၁၈။
◻ “အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေ” နှင့်ဟူသော ဖော်ပြချက်က မည်သည့်အဓိပ္ပာယ်ရှိသနည်း။ (မဿဲ ၆:၁၃)
ဘုရားသခင်အား မနာခံရန်သွေးဆောင်ခံရချိန်တွင် မလိုက်မပါမိစေရန် ကိုယ်တော်အား တောင်းလျှောက်ခြင်းဖြစ်သည်။ “မကောင်းသောအမှုအရာ” စာတန်ကိုအရှုံးပေးပြီး အနိုင်မခံမိစေရန် ကျွန်ုပ်တို့ကို ယေဟောဝါလမ်းညွှန်ပေးနိုင်သည်။ (၁ ကောရိန္သု ၁၀:၁၃)—၁/၁၅၊ စာမျက်နှာ ၁၄။
◻ မှားမိသည့်အတွက် ဘုရားသခင်၏ခွင့်လွှတ်မှုရရှိရန် မည်သို့ပြုလုပ်ရမည်နည်း။
ဘုရားသခင်အား ဝန်ချတောင်းပန်ရာတွင် နောင်တနှင့်တွဲဖက်ပြီး “နောင်တရခြင်းနှင့်ထိုက်တန်သော အကျင့်ကိုကျင့်” ခြင်းရှိရမည်။ (လုကာ ၃:၈) နောင်တရသောစိတ်နှင့် အမှားပြုပြင်လိုသည့်ဆန္ဒတို့က ခရစ်ယာန်အကြီးအကဲများ၏ ဝိညာဉ်ရေးအကူအညီကိုရယူရန်လည်း လှုံ့ဆော်ခံရပါလိမ့်မည်။ (ယာကုပ် ၅:၁၃-၁၅)—၁/၁၅၊ စာမျက်နှာ ၁၉။
◻ ကျွန်ုပ်တို့သည် အဘယ်ကြောင့်နှိမ့်ချဖို့ ကြိုးစားသင့်သနည်း။
စိတ်နှိမ့်ချသူတစ်ဦးသည် စိတ်ရှည်၍ သည်းခံတတ်ပြီး မိမိကိုယ်ကိုအလွန်အရေးပါသူအဖြစ် ယူမှတ်မည်မဟုတ်ပါ။ နှိမ့်ချမှုသည် သင့်အားချစ်မြတ်နိုးသည့် မိတ်ဆွေစစ်များစွာရရှိစေသည်။ ထို့ထက်ကား ယေဟောဝါ၏ကောင်းချီးကိုခံစားစေသည်။ (သု. ၂၂:၄)—၂/၁၊ စာမျက်နှာ ၇။
◻ ယေရှု၏သေခြင်းနှင့် အာဒံ၏သေခြင်းတို့တွင် မည်သည့်အရေးပါသောခြားနားချက်ရှိသနည်း။
အာဒံသည် မိမိ၏ဖန်ဆင်းရှင်ကို တမင်တကာမနာခံခဲ့သောကြောင့် သေထိုက်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ယေရှုမူကား “ဒုစရိုက်ကိုမပြု” ခဲ့သောကြောင့် လုံးဝမသေထိုက်ချေ။ (၁ ပေတရု ၂:၂၂) ထို့ကြောင့် ယေရှုသေဆုံးချိန်တွင် အပြစ်သားအာဒံသေဆုံးချိန်၌ မပိုင်ဆိုင်ခဲ့သည့်၊ တန်ဖိုးအလွန်ကြီးမားသည့် စုံလင်သောအသက်ရပိုင်ခွင့်ကို ပိုင်ဆိုင်ခဲ့သည်။ သို့ဖြင့် ယေရှု၏သေခြင်းသည် လူသားကိုရွေးနုတ်ရာတွင် ယဇ်သကာတန်ဖိုးရှိခဲ့သည်။—၂/၁၅၊ စာမျက်နှာ ၁၅၊ ၁၆။
◻ ယေဇကျေလ၏ပရောဖက်ပြုချက်ဆိုင်ရာ အဆင်းအာရုံပါမြို့တော်ကား အဘယ်အရာကိုပုံဆောင်သနည်း။
၎င်းမြို့တော်သည် ညစ်ညူး [မမြင့်မြတ်] သောမြေအလယ်တွင် တည်ရှိသည့်အတွက် မြေကြီးနှင့်ဆိုင်ရမည်။ ထို့ကြောင့် ယင်းသည် ဖြောင့်မတ်သောမြေကြီးအဖွဲ့အစည်းတွင် ပါဝင်ကြမည့်သူအားလုံးကိုအကျိုးပြုသည့် မြေကြီးဆိုင်ရာစီမံခန့်ခွဲမှုကိုတင်စားသည်။—၃/၁၊ စာမျက်နှာ ၁၈။
◻ ယေရှုသည် စီ.အီး. ၃၃ ခုနှစ်၌ ပသခါပွဲကျင်းပချိန်တွင် တပည့်တော်များ၏ခြေကို အဘယ်ကြောင့် ဆေးပေးခဲ့သနည်း။
ယေရှုသည် ခြေဆေးခြင်းထုံးတမ်းဓလေ့ကို စတင်ခဲ့ခြင်းမဟုတ်ပါ။ ယင်းအစား၊ ကိုယ်တော်သည် တမန်တော်များအား စိတ်ထားအသစ်—သူတို့၏ညီအစ်ကိုများအကျိုးအတွက် အနိမ့်ကျဆုံးအလုပ်ကိုလုပ်ဆောင်ရန် အသင့်ရှိသောနှိမ့်ချသည့်သဘော—ကိုမွေးမြူရန် ကူညီပေးနေခြင်းဖြစ်သည်။—၃/၁၊ စာမျက်နှာ ၃၀။
◻ အခြားသူများကို သွန်သင်ပေးရာတွင် ပင်ကိုစွမ်းရည်များထက် မည်သည့်အရာက သာ၍အရေးကြီးသနည်း။
သင်သားများတုပနိုင်သည့် ကျွန်ုပ်တို့၏အရည်အသွေးများနှင့် ကျွန်ုပ်တို့ပျိုးထောင်ထားသည့် ဝိညာဉ်ရေးအကျင့်များဖြစ်သည်။ (လုကာ ၆:၄၀; ၂ ပေတရု ၃:၁၁)—၃/၁၅၊ စာမျက်နှာ ၁၁၊ ၁၂။
◻ လူထုဟောပြောချက်ပေးသူများသည် ကျမ်းစာဖတ်ရှုခြင်းကို မည်သို့တိုးတက်စေနိုင်သနည်း။
လေ့ကျင့်ခြင်းအားဖြင့်ဖြစ်သည်။ မှန်ပါသည်၊ သွက်သွက်လက်လက် မဖတ်နိုင်မချင်းအသံကျယ်ကျယ်ဖြင့် ထပ်တလဲလဲဖတ်ခြင်းအားဖြင့်ဖြစ်သည်။ ကျမ်းစာကက်ဆက်ခွေများရရှိနိုင်မည်ဆိုလျှင် စာဖတ်သူ၏ဖတ်ရွတ်သံနှင့် အသံနေအသံထားတို့အပြင် နာမည်များနှင့် ထူးခြားသောစကားလုံးများကို သူမည်သို့အသံထွက်ကြောင်းကို သတိပြုနားထောင်ပါ။—၃/၁၅၊ စာမျက်နှာ ၂၀။
◻ လူတစ်ဦးသေသောအခါ ‘ဝိညာဉ် [“စပီးရစ်၊” ကဘ] သည်ဘုရားသခင်ထံသို့ မည်သို့ပြန်သွား’ သနည်း။ (ဒေ. ၁၂:၇)
စပီးရစ်သည် အသက်စွမ်းအားဖြစ်သောကြောင့် အနာဂတ်တွင် ထိုသူအသက်ရှင်ရန် မျှော်လင့်ဖို့ ဘုရားသခင်အပေါ် လုံးဝမူတည်သည့်သဘောမျိုးဖြင့် “ဘုရားသခင်ထံသို့ . . . ပြန်သွား” ခြင်းဖြစ်သည်။ ဘုရားသခင်တစ်ပါးတည်းကသာ လူတစ်ဦးအားပြန်ရှင်စေသည့် စပီးရစ် သို့မဟုတ် အသက်စွမ်းအားကိုပြန်ရစေနိုင်သည်။ (ဆာလံ ၁၀၄:၃၀)—၄/၁၊ စာမျက်နှာ ၁၇။