သမ္မာကျမ်းစာပြန်ဆိုခြင်း—မည်သူ၏လွှမ်းမိုးမှုအားဖြင့်နည်း
“ပြန်ဆိုခြင်း” ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ “တစ်ဦးချင်းစီ၏ယုံကြည်ချက်၊ စီရင်ဆုံးဖြတ်ချက်၊ သို့မဟုတ် အခြေအနေနှင့်အညီ သဘောပေါက်ခြင်း” ဖြစ်သည်။ (ဝက်ဘ်စတား၏ နဝမကောလိပ်အဘိဓာန်သစ်) သို့ဖြင့် အဘယ်အရာကိုမဆိုပြန်ဆိုရာတွင် ပြန်ဆိုသူ၏နောက်ခံ၊ ပညာရေးနှင့် သွန်သင်လေ့ကျင့်ခံရမှုတို့က လွှမ်းမိုးလေ့ရှိသည်။
သို့သော် ကျမ်းစာပြန်ဆိုခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ကျမ်းစာပိုဒ်များကို ကျွန်ုပ်တို့၏ကိုယ်ပိုင် “ယုံကြည်ချက်၊ စီရင်ဆုံးဖြတ်ချက်၊ သို့မဟုတ် အခြေအနေ” နှင့်အညီ လွတ်လပ်စွာရှင်းပြ၍ရသလော။ ကျမ်းပညာရှင်များနှင့် ဘာသာပြန်သူအများစုတို့က ထိုသို့မလုပ်ကြဘဲ သူတို့ကို ဘုရားသခင်လမ်းညွှန်သည်ဟု သူတို့ဆိုကြ၏။
သာဓကတစ်ခုမှာ “ကက်သလစ်တစ်ဦး” အမည်ဖြင့် ၁၈၃၆ ခုနှစ်က ဂျွန် လင်းဂါဒ်ထုတ်ဝေခဲ့သည့် ခရစ်ဝင်ကျမ်းလေးကျမ်း၏ဘာသာပြန်ကျမ်းသစ်၌ ယောဟန် ၁:၁ နှင့်ပတ်သက်၍ အောက်ခြေမှတ်ချက်တွင်ဖော်ပြထားရာဖြစ်သည်။ ၎င်းက ဤသို့ဆိုသည်– “ယုံကြည်ချက်အမျိုးမျိုးရှိကြသူများသည် မြင့်မြတ်သောကျမ်းစာစောင်များတွင် သူတို့၏ထင်မြင်ယူဆချက်များနှင့် ကိုက်ညီသောအချက်ကိုတွေ့ရှိကြသည်– အမှန်မှာ၊ သမ္မာကျမ်းစာက သူတို့ကို စေ့ဆော်သည်မဟုတ်ဘဲ ကျမ်းစာသားကို သူတို့နားလည်သည့်အတိုင်း အနက်ဖွင့်ဆိုခြင်းဖြစ်သည်။”
ထိုအချက်သည် လက်ခံနိုင်ဖွယ်ရှိသော်လည်း ထိုစာရေးဆရာ၏ရည်ရွယ်ချက်ကား အဘယ်နည်း။ သူ့စကားသည် ထိုအခန်းငယ်နှင့်ပတ်သက်၍ သူ၏ပြန်ဆိုချက်ကို ထောက်ခံဖို့ဖြစ်သည်။ ၎င်းကို သူက သုံးပါးပေါင်းတစ်ဆူဝါဒီတစ်ဦးပီပီ ဤသို့ပြန်ဆိုခဲ့၏– “အစအဦး၌ ‘နှုတ် [မြွက်] တော်’ ရှိ၏။ ‘နှုတ် [မြွက်] တော်’ သည်ဘုရားသခင် (God) နှင့်အတူရှိ၏။ ‘နှုတ် [မြွက်] တော်’ သည်လည်း ဘုရားသခင် (God) ဖြစ်တော်မူ၏။”
သုံးပါးပေါင်းတစ်ဆူအယူဝါဒကိုထောက်ခံဖို့ ယောဟန် ၁:၁ ကိုဘာသာပြန်ရန် စာရေးဆရာကို အဘယ်အရာကစေ့ဆော်ခဲ့သနည်း။ ထိုသို့ပြန်ဆိုရန် သူ့ကို “သမ္မာကျမ်းစာက စေ့ဆော်” သလော။ သုံးပါးပေါင်းတစ်ဆူသွန်သင်ချက်ကို သမ္မာကျမ်းစာတွင် မည်သည့်နေရာ၌မျှ မတွေ့ရှိရသောကြောင့် ၎င်းသည် မဖြစ်နိုင်ချေ။ ယင်းအချက်နှင့်ပတ်သက်၍ ဗြိတိန်နီကာစွယ်စုံကျမ်းသစ်က ဤသို့ဆိုထားသည်ကိုသတိပြုပါ– “သုံးပါးပေါင်းတစ်ဆူဟူသည့် စကားလုံးသော်လည်းကောင်း၊ ထိုအယူဝါဒကို အသေအချာရှင်းပြထားခြင်းသော်လည်းကောင်း ဓမ္မသစ်ကျမ်းတွင်မပါရှိချေ။” ထို့ပြင် ယေးလ်ပါမောက္ခ အီး. ဝါရှ်ဘန်း ဟော့ပ်ကင်က ဤသို့ဖော်ပြခဲ့၏– “ယေရှုနှင့်ပေါလုသည် သုံးပါးပေါင်းတစ်ဆူအယူဝါဒကို မသိရှိခဲ့ကြကြောင်း ထင်ရှားသည်။ . . . ယင်းအကြောင်း သူတို့တစ်ခွန်းမျှမပြောဆိုခဲ့ပါ။”
သို့ဆိုလျှင် ယောဟန် ၁:၁ သို့မဟုတ် အခြားမည်သည့်ကျမ်းချက်မဆို၏ သုံးပါးပေါင်းတစ်ဆူဝါဒီတစ်ဦး ပြန်ဆိုထားချက်ကို ထောက်ခံသူများနှင့်ပတ်သက်၍ ကျွန်ုပ်တို့မည်သို့ကောက်ချက်ချနိုင်သနည်း။ မစ္စတာလင်းဂါဒ်ကိုယ်တိုင်ချမှတ်သည့်စံအရ “သမ္မာကျမ်းစာက သူတို့ကို စေ့ဆော်သည်မဟုတ်ဘဲ ကျမ်းစာသားကို သူတို့ကိုယ်တိုင်နားလည်သည့်အတိုင်း အနက်ဖွင့်ဆိုခြင်းဖြစ်သည်။”
ဝမ်းသာစရာကား၊ ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးရန် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ရရှိထားကြခြင်းဖြစ်သည်။ “ကျမ်းစာ၌ပါသော အနာဂတ္တိစကားမည်သည်ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာသိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏” ဟုတမန်တော်ပေတရုပြောခဲ့သည်။—၂ ပေတရု ၁:၂၀၊ ၂၁။