သူတို့သည် ‘စစ်မှန်သောဘုရားသခင်အားကြောက်ရွံ့ ကြ’
ဣသရေလလူများသည် အီဂျစ်ပြည်၌ကျွန်ခံရစဉ် ဟေဗြဲဝမ်းဆွဲမရှိဖရနှင့်ပုအာတို့သည် စိတ်ဆင်းရဲသည့်အခြေအနေကို ကြုံခဲ့ကြရသည်။ နိုင်ငံခြားသားလူဦးရေတိုးပွားမှုကိုထိန်းချုပ်ရန်ကြိုးပမ်းရာ၌ ဖာရောက ဤအမျိုးသမီးများအား ဤသို့မိန့်မှာခဲ့သည်– “သင်တို့သည် ဟေဗြဲမိန်းမတို့အား ဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စောင့်နေသောအခါ ယောက်ျားဖြစ်လျှင် သေစေ။”—ထွက်မြောက်ရာ ၁:၁၅၊ ၁၆။
ရှိဖရနှင့်ပုအာတို့သည် ‘စစ်မှန်သောဘုရားသခင်ကိုကြောက်ရွံ့’ ကြ၍ သတ္တိမွေးကာ “အဲဂုတ္တုရှင်ဘုရင်မိန့်တော်မူသည်အတိုင်းမပြု” ကြချေ။ ယင်းအစား သူတို့သည် ယောက်ျားလေးများကိုအသက်ချမ်းသာပေးခဲ့သည်၊ ဤရဲရင့်သောရပ်တည်မှုသည် သူတို့ကိုအန္တရာယ်ရှိစေနိုင်သော်လည်း ထိုသို့ပြုလုပ်ခဲ့ကြသည်။ ယေဟောဝါသည် “ဝမ်းဆွဲမတို့ကိုကျေးဇူးပြုတော်မူ” ပြီး သူတို့၏အသက်ကယ်သည့်လုပ်ရပ်များအတွက် ဆုချတော်မူခဲ့သည်။—ထွက်မြောက်ရာ ၁:၁၇-၂၁။
ဤမှတ်တမ်းသည် ယေဟောဝါအမှုဆောင်သူတို့ကို ကိုယ်တော်လေးမြတ်ကြောင်း ပေါ်လွင်စေသည်။ ရှိဖရနှင့်ပုအာတို့၏လုပ်ရပ်ကို ရဲစွမ်းသတ္တိရှိသော်လည်း လူလူချင်းစာနာလုပ်ဆောင်မှုသက်သက်အဖြစ် ကိုယ်တော်ယူမှတ်နိုင်ပါသည်။ စိတ်ကောင်းရှိသောမည်သည့်အမျိုးသမီးမှ ကလေးငယ်များကိုသတ်မည်မဟုတ်ပါတကား! သို့တိုင် လူကိုကြောက်ရွံ့ ၍ ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်ခဲ့သည့် လူတချို့ကို ယေဟောဝါထောက်ထားခဲ့မည်မှာ သေချာသည်။ ဤဝမ်းဆွဲများသည် လူတို့ကိုကြင်နာခြင်းမျှသာမဟုတ်ဘဲ ဘုရားသခင်ရေးရာကြောက်ရွံ့မှုနှင့် ဆက်ကပ်အပ်နှံမှု၏ လှုံ့ဆော်ခြင်းကိုခံရကြောင်း ကိုယ်တော်သိတော်မူခဲ့သည်။
ကျွန်ုပ်တို့၏သစ္စာရှိသောလုပ်ရပ်များကို မှတ်သားထားသည့်ဘုရားသခင်အား ဝတ်ပြုရခြင်းသည် မည်မျှကျေးဇူးတင်စရာပါတကား! မှန်ပါသည်၊ ရှိဖရနှင့်ပုအာတို့ကြုံတွေ့ခဲ့ရသည့် ယုံကြည်ခြင်းစမ်းသပ်မှုကို ကျွန်ုပ်တို့တစ်ယောက်မျှတွေ့ ကြုံခဲ့ဖူးမည်မဟုတ်ပေ။ သို့တိုင် ကျောင်း၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ အခြားမည်သည့်အခြေအနေ၌ဖြစ်စေ မှန်ကန်ရာဘက် ကျွန်ုပ်တို့အခိုင်အမာရပ်တည်သောအခါ ယေဟောဝါသည် ကျွန်ုပ်တို့၏သစ္စာစောင့်သိသောမေတ္တာကို အရေးမစိုက်ဘဲမနေပါ။ ယင်းအစား ဘုရားသခင်သည် “ကိုယ်တော်ကိုရှာသောသူတို့အားအကျိုးပေးတော်” မူသည်။ (ဟေဗြဲ ၁၁:၆) မှန်၏၊ “သင်တို့သည် သန့်ရှင်းသူတို့ကိုအထက်ကလုပ်ကျွေးသည်သာမက ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကိုပြုတော်မူသည်မဟုတ်။”—ဟေဗြဲ ၆:၁၀။