ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၀/၁ စာ. ၂၈-၃၁
  • မှားယွင်းခြင်းကိုငြင်းဆိုရန်အခိုင်အခံ့ဖြစ်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှားယွင်းခြင်းကိုငြင်းဆိုရန်အခိုင်အခံ့ဖြစ်စေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငြင်းဆိုခြင်းသည် ယနေ့တွင် အထူးသဖြင့်အရေးကြီး
  • ငြင်းဆိုခဲ့သောလူငယ်တစ်ဦးမှ သင်ယူခြင်း
  • ရွယ်တူခြင်းဖိအားကို ငြင်းဆိုခြင်း
  • ငြင်းဆိုခြင်း—သေရေးရှင်ရေးကိစ္စ
  • “အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကျင့်ဝတ်သန့်ရှင်းမှုဆိုင်ရာ ဘုရားသခင်ရေးရာအမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မှန်ရာကိုလုပ်ရန် တိုက်လှန်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၀/၁ စာ. ၂၈-၃၁

မှားယွင်းခြင်းကိုငြင်းဆိုရန်အခိုင်အခံ့ဖြစ်စေ

“ကျွန်တော်ဆယ်ကျော်သက်အရွယ်တုန်းက ကုန်စုံဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့အခါ အလုပ်ဖော်တစ်ယောက်က သူ့အိမ်ကိုလာလည်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူ့မိဘတွေရှိကြမှာမဟုတ်ဘူး၊ မိန်းကလေးတွေရှိမယ်၊ သူတို့နဲ့ သံဝါသပြုရမယ်လို့ သူကပြောခဲ့တယ်” ဟုတင်မိုသီက ရှင်းပြသည်။ ယနေ့ လူငယ်များစွာသည် ဤသို့သောဖိတ်ခေါ်ချက်ကို လက်ခံရန် လျင်မြန်ကြလိမ့်မည်။ သို့သော် တင်မိုသီ၏တုံ့ပြန်မှုကား အဘယ်နည်း။ “ကျွန်တော်နဲ့လက်မထပ်ထားတဲ့သူနဲ့ သံဝါသမပြုချင်တဲ့ ကျွန်တော့်ရဲ့ခရစ်ယာန်ကိုယ်ကိုကိုယ်သိတဲ့စိတ်ကြောင့် ကျွန်တော်လာမှာမဟုတ်တဲ့အကြောင်း သူ့ကို အဲဒီအချိန်မှာပဲပြန်ပြောခဲ့တယ်။”

တင်မိုသီသည် မိမိအဘယ်ကြောင့်ငြင်းဆိုရကြောင်းကို ရှင်းပြနေစဉ် အလုပ်သမငယ်တစ်ဦး နားထောင်နေသည်ကို သတိမပြုမိခဲ့ချေ။ တင်မိုသီ၏ရိုးသားမှုသည် သူ့အတွက် စိန်ခေါ်ချက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ကျွန်ုပ်တို့တွေ့ရမည့်အတိုင်း တင်မိုသီသည် သူ့ကိုပါ အကြိမ်ကြိမ်ငြင်းဆိုဖို့အကြောင်း မကြာခဏပေါ်ခဲ့သည်။

အမှန်အားဖြင့် ကျွန်ုပ်တို့ခေတ်၌သာ သွေးဆောင်ခံရကြသည်မဟုတ်ပါ။ လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ခန့်က ဘုရင်ရှောလမုန်သည် ဤသို့ရေးသားခဲ့၏– “ငါ့သား သင့်ကို အပြစ်သားတို့သွေးဆောင်လျှင် မလိုက်လျောနှင့်။ . . . သူတို့လမ်းမှလည်း ခြေဦးလှည့်လော့။” (သု. ၁:၁၀၊ ၁၅၊ သမ) ယေဟောဝါကိုယ်တော်တိုင် ဣသရေလလူမျိုးကို ဤသို့မိန့်တော်မူခဲ့သည်– “လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။” (ထွက်မြောက်ရာ ၂၃:၂) မှန်ပါသည်၊ ရေပန်းစားသည့်လမ်းစဉ်မဟုတ်သော်လည်း တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မှားယွင်းဖို့ သွေးဆောင်ခံရသည့်အခါ ငြင်းဆိုကြရမည်ဖြစ်သည်။

ငြင်းဆိုခြင်းသည် ယနေ့တွင် အထူးသဖြင့်အရေးကြီး

မှားယွင်းမှုကိုငြင်းဆိုခြင်းသည် ဘယ်သောအခါကမျှ မလွယ်ကူခဲ့ချေ၊ ယခုခေတ်တွင် အထူးသဖြင့် ခက်ခဲနိုင်သည်၊ ကျမ်းစာကခေါ်ဆိုသော ဤအစီအစဉ်စနစ်၏ ‘နောက်ဆုံးကာလ’ တွင်ကျွန်ုပ်တို့အသက်ရှင်နေကြရသောကြောင့်ပင်။ သမ္မာကျမ်းစာပရောဖက်ပြုချက်အတိုင်း လူများစွာတို့သည် ကာမဂုဏ်လိုအင်ခံစားခြင်းနှင့်အကြမ်းဖက်ခြင်းတို့ကို နှစ်သက်လာကြကာ ဝိညာဉ်ရေးရာနှင့်ကိုယ်ကျင့်တရားမရှိကြတော့ချေ။ (၂ တိမောသေ ၃:၁-၅) ဂျက်စူအစ်တက္ကသိုလ်ဥက္ကဋ္ဌတစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “ကျွန်ုပ်တို့တွင် စောဒကတက်ခံရပြီး မပြည့်စုံဟုရှုမြင်ခံရသည့်၊ သို့မဟုတ် ခေတ်မစားတော့သည့် ရိုးရာဆိုင်ရာစံနှုန်းများရှိခဲ့ကြသည်။ ယခုမူ ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်ချက်များ လုံးဝရှိပုံမပေါက်တော့ပါ။” အလားတူသဘောမျိုးဖြင့် အထက်တရားရုံးတရားသူကြီးက ဤသို့ပြောခဲ့သည်– “အဖြူ၊ အမဲဟူ၍သဲသဲကွဲကွဲ အဘယ်အရာမျှမရှိတော့ပါ။ အရာခပ်သိမ်းသည် မပီပြင်မပြတ်သားချေ။ . . . လူနည်းစုသာ အမှား၊ အမှန်ကို ကွဲကွဲပြားပြားအသိအမှတ်ပြုကြသည်။ ယခု အပြစ်ဆိုသည်မှာ ကျူးလွန်ခြင်းမဟုတ်ဘဲ မိသွားခြင်းဖြစ်၏။”

ထိုသို့သောသဘောထားများရှိကြသူနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။ ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုးမျိုးကို ကြိုးစား၍ကျင့်လိုသောငှာ၊ မိမိတို့ကို ကိလေသာ [သွေးသားလိုအင်] လက်သို့ အပ်လိုက်ကြ၏။” (ဧဖက် ၄:၁၈၊ ၁၉) ဤသူတို့အတွက် ဆင်းရဲခြင်းစောင့်မျှော်လျက်ရှိသည်။ ဟေရှာယက ဤသို့ကြွေးကြော်ခဲ့သည်– “မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟုခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက်အရာ၌အလင်းကိုလည်းကောင်း၊ . . . အလွဲယူတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။” (ဟေရှာယ ၅:၂၀) အဆိုပါလူတို့သည် သူတို့စိုက်သည့်အတိုင်း ရိတ်ကြရမည်သာမက မကြာမီ အကြီးမားဆုံး “အမင်္ဂလာ”—ယေဟောဝါထံမှတရားစီရင်ခြင်း—နှင့်ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။—ဂလာတိ ၆:၇။

“မတရားသောသူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍၊ အဓမ္မအမှုကိုပြုသောသူတို့သည် ပွင့်လန်းကြသောအခါ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသောအကြောင်းပေတည်း” ဟုဆာလံ ၉၂:၇ တွင်ဆိုထားသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူခပ်သိမ်းအတွက် မခံမရပ်နိုင်အောင် ဆိုးသွမ်းမှုပေါများခြင်းကာလသည် အကန့်အသတ်မရှိတည်နေလိမ့်မည်မဟုတ်ခြင်းဖြစ်သည်။ အမှန်ဆိုလျှင် ဤဆိုးသွမ်းမှုကိုအားပေးသော “ယခုလူမျိုး” ကို “ကြီးစွာသော [ဆင်းရဲ]” ခြင်းတွင်ဘုရားသခင်ပယ်ရှားပစ်မည်ဟု ယေရှုပြောခဲ့သည်။ (မဿဲ ၂၄:၃၊ ၂၁၊ ၃၄) ထို့ကြောင့် ထိုဆင်းရဲကာလတွင် လွတ်မြောက်လိုပါက ဘုရားသခင့်စံနှုန်းများအရ အမှားမှအမှန်သိရှိရန်လိုသည့်အပြင် မှားယွင်းပုံအမျိုးမျိုးကိုငြင်းဆိုရန် ကိုယ်ကျင့်တရားဆိုင်ရာ ခွန်အားရှိဖို့လိုသည်။ ယင်းသည် မလွယ်ကူလှသော်လည်း ကျမ်းစာခေတ်နှင့်ယခုခေတ်ရှိ အားရှိစရာပုံသက်သေအချို့ကို ယေဟောဝါပေးခဲ့သည်။

ငြင်းဆိုခဲ့သောလူငယ်တစ်ဦးမှ သင်ယူခြင်း

ခရစ်ယာန်အသင်းတော်ရှိအချို့သူများအတွက်ပင် မတရားမေထုန်နှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကို ငြင်းဆိုရန် အထူးခဲယဉ်းပုံရှိသည်။ အဖွင့်စာပိုဒ်တွင်ဖော်ပြထားသော တင်မိုသီသည် ကမ္ဘာဦးကျမ်း ၃၉:၁-၁၂ ၌မှတ်တမ်းတင်ထားသည့် လူငယ်ယောသပ်၏ပုံသက်သေကို နှလုံးသွင်းခဲ့သည်။ အီဂျစ်အရာရှိပေါတိဖာ၏မိန်းမသည် သူနှင့်ဆက်ဆံရန် အကြိမ်ကြိမ်ဖိတ်ခေါ်သောအခါ ယောသပ်သည် ကိုယ်ကျင့်တရားဆိုင်ရာခွန်အားကို ပြသခဲ့သည်။ မှတ်တမ်းက ဤသို့ဆိုသည်– ယောသပ်သည် “‘အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း’ ဟု . . . ငြင်း၍ပြန်ဆို၏။”

ယောသပ်သည် ပေါတိဖာ၏မိန်းမကို နေ့စဉ်ရက်ဆက်ငြင်းဆိုရန် ကိုယ်ကျင့်တရားဆိုင်ရာခွန်အားကို မည်သို့ရရှိခဲ့သနည်း။ ပထမအချက်အနေဖြင့် သူသည် တဒင်္ဂ ကာမဂုဏ်လိုအင်ခံစားခြင်းထက် ယေဟောဝါနှင့်ဆက်ဆံရေးကို အလွန်တန်ဖိုးထားသောကြောင့်ဖြစ်သည်။ ထို့ပြင် ယောသပ်သည် ဘုရားသခင်ပေးထားသောပညတ်အောက်တွင်မရှိ (မောရှေပညတ်မပေါ်သေး) သော်လည်း သူသည် ကိုယ်ကျင့်တရားဆိုင်ရာမူများကို ကောင်းစွာနားလည်ခဲ့သည်; ကိလေသာစိတ်နိုးကြွနေသော ပေါတိဖာ၏မိန်းမနှင့် မတရားမေထုန်ပြုလုပ်ခြင်းသည် သူ့ခင်ပွန်းကိုသာမက ဘုရားသခင်ကိုပါ ပြစ်မှားရာကျမည်ဖြစ်ကြောင်း သူသိသည်။—ကမ္ဘာဦး ၃၉:၈၊ ၉။

ရာဂစိတ်မထိန်းနိုင်သည့်အထိ ကိလေသာစိတ်မနှိုးဆွရန်ပင် အရေးကြီးသည်ကို ယောသပ်နားလည်ခဲ့သည်မှာ ထင်ရှားပါသည်။ ယောသပ်၏ပုံသက်သေကို ခရစ်ယာန်တစ်ဦးလိုက်လျှောက်ခြင်းသည် ပညာရှိရာရောက်သည်။ ဇူလိုင် ၁၊ ၁၉၅၇ ကင်းမျှော်စင် [လိပ်] တွင်ဤသို့ဖော်ပြခဲ့သည်– “သူသည် မိမိ၏သွေးသားအားနည်းချက်များကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ကျမ်းစာခွင့်ပြုသည့်နယ်နိမိတ်အထိ ကာမဂုဏ်လိုအင်ခံစားပြီး ထိုတွင်ရပ်တန့်မည်ဟု မစဉ်းစားသင့်ပါ။ သူသည် တစ်ခဏတာ ထိုသို့ပြုလုပ်နိုင်သည့်တိုင် နောက်ဆုံးတွင် ထိုနယ်နိမိတ်ကိုကျော်ပြီး အပြစ်ကျူးလွန်မိလိမ့်မည်။ မွေးမြူထားသောတဏှာရာဂထကြွစိတ်သည် ကြီးထွားလာကာ လူတစ်ဦးကို တင်းကျပ်စွာဖမ်းကိုင်တတ်သည့်အတွက် ယင်းသို့ဖြစ်လာရန်သေချာသည်။ သို့ဖြစ်လျှင် သူသည် အာရုံပြောင်းပစ်ရန် သာ၍မလွယ်ကူတော့ချေ။ သူ၏အကောင်းဆုံးကာကွယ်မှုသည် အစကတည်းက တွန်းလှန်ရန်ဖြစ်သည်။”

ကျွန်ုပ်တို့သည် အမှန်ကို မြတ်နိုးပြီး အမှားကို မုန်းတီးသောစိတ် မွေးမြူထားသောအခါ အစကတည်းကတွန်းလှန်ရန် ပို၍လွယ်ကူလာသည်။ (ဆာလံ ၃၇:၂၇) သို့သော် ဇွဲနှင့်ဆက်လုပ်ဆောင်ရန်လိုသည်။ ထိုအတိုင်းလုပ်ဆောင်လျှင် ယေဟောဝါ၏အကူအညီဖြင့် မှန်ရာကိုမြတ်နိုးပြီး အမှားကိုရွံမုန်းမှုသည် သာ၍ခိုင်မာလာမည်။ ထိုအတောအတွင်း ယေရှုမိန့်မှာခဲ့သည့်အတိုင်း ကျွန်ုပ်တို့ကို သွေးဆောင်ခြင်းမှ ကင်းဝေးစေရန်နှင့် မကောင်းမှုမှ ကယ်လွှတ်ပေးရန်အတွက် အဆက်မပြတ်ဆုတောင်းဖို့ နိုးကြားလျက်ရှိနေရမည်။—မဿဲ ၆:၁၃; ၁ သက်သာလောနိတ် ၅:၁၇။

ရွယ်တူခြင်းဖိအားကို ငြင်းဆိုခြင်း

မှားယွင်းဖို့ အခြားသြဇာတစ်ခုမှာ ရွယ်တူချင်းဖိအားဖြစ်သည်။ လူငယ်တစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “အိမ်မှာတစ်မျိုး၊ ကျောင်းမှာတစ်မျိုး နှစ်ဘဝစံပုံစံမျိုးနဲ့ ကျွန်မနေတယ်။ ကျောင်းမှာ အမြဲလိုလိုဆဲရေးတိုင်းထွာနေတဲ့လူငယ်တွေနဲ့ပေါင်းတယ်။ ကျွန်မလည်း သူတို့လိုဖြစ်လာတယ်။ ကျွန်မဘာလုပ်သင့်သလဲ။” သူတို့နှင့်ကွဲပြားခြားနားရန် သတ္တိရှိဖို့လိုသည်၊ ထိုသို့ဖြစ်ရန်တစ်နည်းမှာ ယောသပ်ကဲ့သို့ ဘုရားသခင်၏သစ္စာစောင့်သိသော ကျေးကျွန်များအကြောင်းပါရှိသည့် ကျမ်းစာမှတ်တမ်းများကို ဖတ်ရှုကာဆင်ခြင်ခြင်းအားဖြင့်ဖြစ်သည်။ နောက်ထပ်ပုံသက်သေကောင်းများမှာ သူတို့၏ရွယ်တူချင်းများနှင့် ကွဲပြားခြားနားရန် သတ္တိရှိခဲ့ကြသည့် လူငယ်လေးဦးဖြစ်သော ဒံယေလ၊ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့ဖြစ်သည်။

အဆိုပါဣသရေလလူငယ်လေးဦးသည် အခြားလူငယ်များနှင့်အတူ ဗာဗုလုန်နန်းတော်တွင် ပညာသင်ကြားနေခဲ့ကြစဉ် “ပွဲတော်စာနှင့် . . . နေ့စဉ်” စားကြရဖို့ဖြစ်သည်။ သူတို့သည် အစားအသောက်နှင့်စပ်လျဉ်းသည့် မောရှေပညတ်ကို မချိုးဖောက်လိုသောကြောင့် ငြင်းဆိုခဲ့၏။ ထိုသို့ငြင်းဆိုနိုင်ရန် ခွန်အားရှိဖို့လိုခဲ့သည်—အထူးသဖြင့် “ပွဲတော်စာ” ဖြစ်သည့်အတွက် အတော်အတန်စားချင်စဖွယ်ဖြစ်ခဲ့ပေမည်။ ဤလူငယ်များသည် ယနေ့ အရက်သေစာသောက်ကြူးရန် သို့မဟုတ် မူးယစ်ဆေးဝါးနှင့်ဆေးရွက်ကြီးသုံးစွဲရန် သွေးဆောင်ခံရသော၊ ဖိအားပေးခြင်းပင်ခံရသော ခရစ်ယာန်များအတွက် ပုံသက်သေကောင်းပါတကား!—ဒံယေလ ၁:၃-၁၇၊ သမ။

ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့သည် နောက်ပိုင်းတွင် ယေရှုခရစ်မိန့်ကြားခဲ့သော “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်” ဟူသည့် အမှန်တရားကိုလည်းဖော်ပြခဲ့သည်။ (လုကာ ၁၆:၁၀) အတော်အတန်သေးငယ်သည့် အစားအသောက်ကိစ္စတွင် သူတို့၏ရဲရင့်စွာရပ်တည်ခဲ့မှုနှင့် ယေဟောဝါပေးသောရလဒ်မွန်က နောက်ပိုင်းတွင် သာ၍ကြီးမားသောစမ်းသပ်ခြင်းအတွက် သူတို့ကို ခွန်အားရှိစေခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ (ဒံယေလ ၁:၁၈-၂၀) မီးထဲပစ်ချခြင်းမခံရရန် ရုပ်ပုံကိုးကွယ်ဖို့ သူတို့အမိန့်ပေးခံရသော စမ်းသပ်ခြင်းကြုံခဲ့ရသည်။ မည်သို့ပင်ဖြစ်လာပါစေ၊ ယေဟောဝါအား အပြည့်အဝယုံကြည်ကိုးစားကာ ကိုယ်တော်ကိုသာ ဝတ်ပြုကိုးကွယ်ပါမည်ဟု ဤလူငယ်သုံးဦးရဲရင့်စွာသန္နိဋ္ဌာန်ချခဲ့၏။ ယေဟောဝါသည် သူတို့၏သစ္စာရှိမှုနှင့်သတ္တိတို့ကြောင့် နောက်ထပ်တစ်ကြိမ် ကောင်းချီးပေးခဲ့သည်—ဤအကြိမ်တွင် သူတို့ကို အလွန်ပူပြင်းသည့်မီးဖိုထဲသို့ ပစ်ချခဲ့သောအခါ မီးတောက်မီးလျှံထဲမှ အံ့ဖွယ်နည်းဖြင့်ကာကွယ်ပေးခဲ့သည်။—ဒံယေလ ၃:၁-၃၀။

ဘုရားသခင်၏နှုတ်မြွက်စကားတော်တွင် မှားယွင်းခြင်းကိုငြင်းဆိုခဲ့ကြသူများ၏ အခြားပုံသက်သေများစွာပါရှိသည်။ မောရှေသည် “ဖာရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်” ခံရသည့်အတွက် အီဂျစ်ပြည်၌ “အပြစ်ရှိသော ကာမဂုဏ် [သွေးသားလိုအင်]ကို” လိုက်စားခွင့်ရရှိသော်ငြားလည်း သူသည် ၎င်းကို ငြင်းဆိုခဲ့သည်။ (ဟေဗြဲ ၁၁:၂၄-၂၆) ပရောဖက်ရှမွေလသည် တံစိုးလက်ဆောင်လက်ခံခြင်းအားဖြင့် သူ၏အခွင့်အာဏာကို အလွဲသုံးစားပြုရန် ငြင်းဆိုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၂:၃၊ ၄) ယေရှုခရစ်၏တမန်တော်များသည် မဟောပြောရန် တားမြစ်ခံရသောအခါ ထိုသို့မပြုနိုင်ကြောင်း ရဲရင့်စွာဖြင့်ငြင်းဆိုခဲ့သည်။ (တမန်တော် ၅:၂၇-၂၉) ယေရှုကိုယ်တော်တိုင် မှားယွင်းမှုအားလုံးကို အခိုင်အမာငြင်းဆိုခဲ့သည့်—စစ်သားများသည် ကိုယ်တော်အား “မုရန်နှင့်ရောသော စပျစ်ရည်” တိုက်သော ကိုယ်တော့်အသက်တာ၏နောက်ဆုံးအချိန်အထိဖြစ်သည်။ ၎င်းကို ကိုယ်တော်သောက်လိုက်လျှင် ထိုအရေးပါသောအချိန်၌ ကိုယ်တော်၏သန္နိဋ္ဌာန်ကို အားပျော့သွားစေနိုင်ပေမည်။—မာကု ၁၅:၂၃; မဿဲ ၄:၁-၁၀။

ငြင်းဆိုခြင်း—သေရေးရှင်ရေးကိစ္စ

“ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏” ဟူ၍ ယေရှုမိန့်တော်မူခဲ့သည်။—မဿဲ ၇:၁၃၊ ၁၄။

ကျယ်ဝန်းသောလမ်းသည် သွားလာရန် လွယ်ကူသောကြောင့် လူကြိုက်များသည်။ ၎င်းတွင် သွားလာသူများသည် ကာမဂုဏ်လိုအင်လိုက်စားလွန်းခြင်း၊ ဇာတိဆိုင်ရာအတွေးအခေါ်နှင့် လမ်းစဉ်များနောက် လိုက်ပါကြကာ မကွာခြားလိုဘဲ စာတန့်လောကအတိုင်း ကိုက်ညီလိုကြသည်။ ဘုရားသခင်၏ပညတ်များနှင့်မူများသည် ကျင့်ဝတ်ပိုင်းဆိုင်ရာကို ချုပ်ကိုင်ထားသည်ဟု သူတို့ယူဆကြသည်။ (ဧဖက် ၄:၁၇-၁၉) သို့ရာတွင် ယေရှုက ကျယ်ဝန်းသောလမ်းသည် “ပျက်စီးခြင်းသို့ရောက်” ၏ဟု အတိအလင်းပြောခဲ့သည်။

သို့သော် ကျဉ်းသောလမ်းကို ရွေးချယ်သူများသည် အနည်းငယ်သာရှိမည်ဟု ယေရှုအဘယ်ကြောင့် ပြောခဲ့သနည်း။ အဓိကအချက်အနေဖြင့် လူနည်းစုသာ ဘုရားသခင့်ပညတ်တော်များနှင့်မူများကို သူတို့ဘဝ၏ထိန်းချုပ်မှုအဖြစ် လက်ခံလိုကြ၍ သူတို့ပတ်လည်ရှိ သွေးဆောင်မှုနှင့် မှားယွင်းရန် အခွင့်အလမ်းတို့ကို တွန်းလှန်ရန် အကူအညီပေးစေလိုသောကြောင့်ဖြစ်သည်။ ထို့ပြင် အတော်အတန်နည်းသည့် လူနည်းစုသာ မတော်မလျော်သောဆန္ဒ၊ ရွယ်တူချင်းဖိအားနှင့် မိမိတို့ရွေးချယ်ခဲ့သည့်လမ်းစဉ်ကြောင့် လှောင်ပြောင်ခံရမည့် စိုးရိမ်မှုကို တိုက်လှန်ရန်အသင့်ရှိကြသည်။—၁ ပေတရု ၃:၁၆; ၄:၄။

ဤသူများသည် တမန်တော်ပေါလုက အပြစ်ကို သူငြင်းဆိုတိုက်လှန်ခဲ့ရခြင်းကို ဖော်ပြသောအခါ သူမည်သို့ခံစားခဲ့ရမည်ကို အပြည့်အဝသဘောပေါက်ကြသည်။ ယခုခေတ်ကဲ့သို့ ပေါလုအချိန်က ရောမနှင့်ဂရိလောကတို့တွင် မှားယွင်းမှုပြုရန် အခွင့်အရေးလမ်းကျယ်ရှိခဲ့သည်။ ကောင်းသောအကျင့်ကိုသိရှိခဲ့သော သူ၏စိတ်သည် မှားယွင်းခြင်းဘက် စိတ်သန်နေသော သူ၏အသွေးအသားနှင့် ‘စစ်’ ဆင်နွှဲနေရသည်ဟု ပေါလုရှင်းပြခဲ့သည်။ (ရောမ ၇:၂၁-၂၄) မှန်၏၊ ပေါလု၏ကိုယ်ခန္ဓာသည် ကျေးကျွန်ကောင်းဖြစ်သော်လည်း သခင်ဆိုးဖြစ်နေသည်ကို သူသိခဲ့သောကြောင့် ယင်းကို ငြင်းဆိုတတ်ခဲ့သည်။ “ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏” ဟူ၍ သူရေးခဲ့သည်။ (၁ ကောရိန္သု ၉:၂၇) သူသည် ဤသို့သောအောင်မြင်ခြင်းကို မည်သို့ရရှိခဲ့သနည်း။ သူ၏အလုပ်တာဝန်ကို မိမိ၏အစွမ်းအစဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ဝိညာဉ်တော်အကူအညီဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။—ရောမ ၈:၉-၁၁။

ရလဒ်ကား၊ ပေါလုသည် မစုံလင်သော်ငြားလည်း အဆုံးတိုင်အောင် ယေဟောဝါအပေါ် သမာဓိစောင့်သိခဲ့သည်။ သူမသေဆုံးမီအချိန်လေးတွင် ဤသို့ရေးသားနိုင်ခဲ့သည်– “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မ [“ဖြောင့်မတ်ခြင်း၊” ကဘ] သရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။”—၂ တိမောသေ ၄:၇၊ ၈။

ကျွန်ုပ်တို့၏မစုံလင်မှုများကို တွန်းလှန်စဉ် ပေါလု၏ပုံသက်သေသာမက သူ့အတွက်ပါ ပုံသက်သေဖြစ်ခဲ့သည့် ယောသပ်၊ မောရှေ၊ ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါနှင့် အခြားသူများ၏ အားရှိစရာပုံသက်သေများကို ကျွန်ုပ်တို့ရရှိထားကြသည်။ သူတို့သည် မစုံလင်ကြသော်ငြားလည်း ဤသစ္စာရှိသူတိုင်းသည် မှားယွင်းခြင်းကို ငြင်းဆိုခဲ့ကြ၏၊ ပေကပ်ခေါင်းမာခြင်းကြောင့်မဟုတ်ဘဲ ယေဟောဝါ၏ဝိညာဉ်တော်ဖွားစေသော ကျင့်ဝတ်ဆိုင်ရာစွမ်းအားကြောင့်ဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) သူတို့သည် ဝိညာဉ်ရေးလူများဖြစ်ကြသည်။ သူတို့သည် ယေဟောဝါ၏မိန့်တော်မူချက်ရှိသမျှကို မျှော်လင့်တောင့်တခဲ့ကြသည်။ (တရားဟောရာ ၈:၃) ကိုယ်တော်၏အမိန့်တော်သည် သူတို့အတွက် အသက်ဖြစ်သည်။ (တရားဟောရာ ၃၂:၄၇) ထို့ထက်ကား၊ သူတို့သည် ယေဟောဝါအား ချစ်ကြောက်ခန့်ညားကာ ကိုယ်တော်၏အကူအညီဖြင့် မှားယွင်းမှုကိုရွံရှာခြင်းအား စိတ်ရှည်စွာဖြင့်ပျိုးထောင်ခဲ့ကြသည်။—ဆာလံ ၉၇:၁၀; သု. ၁:၇။

ကျွန်ုပ်တို့သည် သူတို့ကဲ့သို့ဖြစ်ကြပါစေ။ အမှန်အားဖြင့် မှားယွင်းခြင်းပုံစံအမျိုးမျိုးကို ဆက်ငြင်းဆိုနိုင်ရန်အတွက် သူတို့နည်းတူ ယေဟောဝါ၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့လိုအပ်ကြသည်။ ယေဟောဝါသည် ကိုယ်တော်၏ဝိညာဉ်တော်ကို ရိုးသားစွာတောင်းမည်၊ ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို လေ့လာမည်၊ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်မည်ဆိုပါက ဝိညာဉ်တော်ကို ရက်ရောစွာပေးသနားသည်။—ဆာလံ ၁၁၉:၁၀၅; လုကာ ၁၁:၁၃; ဟေဗြဲ ၁၀:၂၄၊ ၂၅။

အစပိုင်းတွင်ဖော်ပြခဲ့သော တင်မိုသီသည် သူ၏ဝိညာဉ်ရေးလိုအပ်ချက်များကို ဥပေက္ခာမပြုခဲ့သောကြောင့် ပျော်ရွှင်ခဲ့ရသည်။ တင်မိုသီ၏အလုပ်ဖော်နှင့်ပြောဆိုခဲ့သောစကားကို နားစွန်နားဖျားကြားခဲ့၍ သူ၏ရိုးစင်းမှုကို မမှန်မကန်သဘောကျခဲ့သော အလုပ်သမငယ်သည် နောက်ပိုင်းတွင် သူ့ခင်ပွန်းမရှိချိန်၌ အိမ်သို့လည်ပတ်ရန် တင်မိုသီကိုဖိတ်ခေါ်ခဲ့သည်။ တင်မိုသီငြင်းပယ်ခဲ့၏။ လွယ်လွယ်နှင့်လက်မလျှော့ဘဲ ပေါတိဖာ၏မိန်းမနည်းတူ အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သည်။ တင်မိုသီသည် အကြိမ်တိုင်းတွင် ခိုင်မာပြတ်သားစွာ သိမ်သိမ်မွေ့မွေ့ငြင်းဆိုခဲ့သည်။ ဤအမျိုးသမီးကို ဘုရားသခင့်နှုတ်မြွတ်စကားတော်အကြောင်း ကောင်းစွာပင်သက်သေခံခဲ့သည်။ တင်မိုသီသည် ငြင်းဆိုရန် ကျင့်ဝတ်ဆိုင်ရာခွန်အားပေးသည့် ယေဟောဝါအား အလွန်ကျေးဇူးတင်ခဲ့၏။ ယခု သူသည် နှစ်လိုဖွယ်ခရစ်ယာန်ချင်းတစ်ဦးနှင့် ပျော်ရွှင်စွာအိမ်ထောင်ကျနေပြီဖြစ်သည်။ မှားယွင်းခြင်းကို ငြင်းဆိုခြင်းအားဖြင့် မိမိတို့၏ခရစ်ယာန်သမာဓိကို ထိန်းသိမ်းထားလိုသူအားလုံးကို ယေဟောဝါသည် အမှန်ပင်ကောင်းချီးပေး၍ ခိုင်ခံ့စေပါလိမ့်မည်။—ဆာလံ ၁:၁-၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ