ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ ဇန်နဝါရီ စာ. ၁၄-၁၉
  • သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြေအနေတွေ ရုတ်တရက် ပြောင်းလဲသွားတဲ့အခါ
  • အခြေအနေတွေ ပိုဆိုးလာတဲ့အခါ
  • သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးပုံ
  • ကောင်းချီးတွေကို ရေတွက်ပါ
  • “အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယောသပ်ထောင်ကျတဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ ဇန်နဝါရီ စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၃

သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ

‘ယေဟောဝါက ယောသပ်နဲ့အတူ ရှိတဲ့အတွက် သူ လုပ်သမျှ အောင်မြင်လာတယ်။’—က. ၃၉:၂။

သီချင်း ၃၀ ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ

အကြိုသုံးသပ်ချက်a

၁-၂။ (က) အခက်အခဲတွေ ကြုံရတဲ့အခါ ဘာကြောင့် မအံ့ဩကြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာဆွေးနွေးကြမလဲ။

ယေဟောဝါရဲ့ လူမျိုးအနေနဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်တော်တို့ မအံ့ဩကြဘူး။ “ဒုက္ခ အများကြီး ခံပြီးမှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်” လို့ ကျမ်းစာ ပြောထားတာ သိကြတယ်။ (တ. ၁၄:၂၂) ‘သေခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်း မရှိတော့မယ့်’ ကမ္ဘာသစ်ကျမှ ပြဿနာအားလုံး အပြီးအပိုင် ပြေလည်သွားမယ်ဆိုတာလည်း သိကြတယ်။—ဗျာ. ၂၁:၄။

၂ အခက်အခဲတွေ မကြုံရအောင် ယေဟောဝါ ကာကွယ်မပေးဘူး။ ဒါပေမဲ့ ခံရပ်နိုင်အောင် ကူညီပေးတယ်။ ရောမမြို့က ခရစ်ယာန်တွေကို တမန်တော် ပေါလု ဘာပြောသလဲ သတိပြုကြည့်ပါ။ သူနဲ့ ညီအစ်ကို/မတွေ ကြုံနေရတဲ့ ပြဿနာတွေအကြောင်း အရင်ဆုံး ပြောတယ်။ ပြီးနောက် ‘ကျွန်တော်တို့ကိုချစ်တဲ့ သခင်အားဖြင့် အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြတယ်’ လို့ ရေးတယ်။ (ရော. ၈:၃၅-၃၇) ဒါက စမ်းသပ်မှု ကြုံနေရချိန်အတွင်းမှာတောင် သင် အောင်မြင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ ဖော်ပြတယ်။ ယောသပ် အောင်မြင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း၊ သင့်ကိုလည်း ဘယ်လို ကူညီပေးနိုင်ကြောင်း ကြည့်ကြစို့။

အခြေအနေတွေ ရုတ်တရက် ပြောင်းလဲသွားတဲ့အခါ

၃။ ယောသပ်ရဲ့ ဘဝ ဘယ်လို ရုတ်တရက် ပြောင်းလဲသွားသလဲ။

၃ ယာကုပ်က သားယောသပ်ကို သိပ်ချစ်တယ်။ (က. ၃၇:၃၊ ၄) ဒါကို ယောသပ်ရဲ့ အစ်ကိုတွေ သိလို့ မနာလို ဖြစ်လာတယ်။ အခွင့်အရေး ရတာနဲ့ မိဒျန်ကုန်သည်တွေဆီ ရောင်းစားလိုက်တယ်။ အဲဒီကုန်သည်တွေက မိုင်ပေါင်းများစွာ ဝေးတဲ့ အီဂျစ်ပြည်ကို ခေါ်သွားကြတယ်။ အဲဒီမှာ ဖာရောရဲ့ ကိုယ်ရံတော်မှူး ပေါတိဖာဆီ ထပ်ရောင်းလိုက်ကြတယ်။ နေ့ချင်းညချင်း ဆိုသလို ယောသပ်ရဲ့ ဘဝ ပြောင်းလဲသွားတယ်။ အဖေ့ အချစ်ဆုံးသား ဘဝကနေ အီဂျစ်ပြည်က နိမ့်ကျတဲ့ ကျွန်ဘဝ ရောက်သွားတယ်။—က. ၃၉:၁။

၄။ ယောသပ်လိုမျိုး ဘယ်လို အခက်အခဲတွေ ကျွန်တော်တို့ ကြုံရနိုင်သလဲ။

၄ ‘လူအားလုံးဟာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်တယ်’ လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၉:၁၁) “လူတွေ ကြုံရတတ်တဲ့” အခက်အခဲတွေကို ကျွန်တော်တို့ တစ်ခါတလေ ကြုံရကြတယ်။ (၁ ကော. ၁၀:၁၃) တစ်ခါတလေတော့ ယေရှုရဲ့ တပည့် ဖြစ်နေလို့ ဒုက္ခ ကြုံရတာ ဖြစ်နိုင်တယ်။ ဥပမာ၊ ယုံကြည်ချက်ကြောင့် လှောင်ပြောင်၊ ဆန့်ကျင်၊ နှိပ်စက်ခံရတာတောင် ဖြစ်နိုင်တယ်။ (၂ တိ. ၃:၁၂) ဘယ်လို အခက်အခဲပဲ ကြုံရပါစေ သင် အောင်မြင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ ယောသပ်ကို ဘယ်လို ကူညီပေးခဲ့သလဲ။

ယောသပ်ကို ကျွန်အဖြစ် ပေါတိဖာ ဝယ်နေ။

အီဂျစ်ပြည်မှာ ပေါတိဖာရဲ့ ကျွန်အဖြစ် ရောင်းစားခံရတာတောင် ယောသပ် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေး (စာပိုဒ် ၅ ကို ကြည့်ပါ)

၅။ ယောသပ် အောင်မြင်တာနဲ့ပတ်သက်ပြီး ပေါတိဖာ ဘယ်လို ယူဆသလဲ။ (ကမ္ဘာဦး ၃၉:၂-၆)

၅ ကမ္ဘာဦး ၃၉:၂-၆ ကို ဖတ်ပါ။ ယောသပ်ဟာ သိပ်ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ လူငယ်ဆိုတာ ပေါတိဖာ သတိပြုမိတယ်။ ဘာကြောင့်လဲဆိုတာလည်း သိတယ်။ ‘ယောသပ်နဲ့အတူ ယေဟောဝါရှိပြီး သူလုပ်သမျှကို အောင်မြင်ခွင့်ပေး’ လို့ ဆိုတာ ပေါတိဖာ သိတယ်။b ဒါကြောင့် လူယုံတော်အဖြစ် ခန့်လိုက်တယ်။ တစ်အိမ်လုံးကိုလည်း ကြီးကြပ်ဖို့ တာဝန်ပေးတယ်။ ရလဒ်အနေနဲ့ ပေါတိဖာ ကြီးပွားကောင်းစားလာတယ်။

၆။ ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး ယောသပ် ဘယ်လို ခံစားရနိုင်သလဲ။

၆ ယောသပ်နေရာကနေ ဝင်ကြည့်ပါ။ ဒီအခြေအနေမှာ ဘာအလိုချင်ဆုံး ဖြစ်မလဲ။ ပေါတိဖာ သတိထားမိပြီး ဆုချဖို့လား။ ဖြစ်နိုင်တာကတော့ ကျွန်ဘဝကနေ လွတ်ပြီး အဖေ့ဆီ ပြန်ခွင့်ရဖို့ပဲ။ ပေါတိဖာ အိမ်မှာ ဘယ်လောက်ပဲ အခွင့်ထူးတွေ ရထားပါစေ ကျွန်ကတော့ ကျွန်ပဲ။ ယေဟောဝါကို မကိုးကွယ်တဲ့ သခင်လက်အောက်က ကျွန် ဖြစ်နေဆဲပဲ။ ပေါတိဖာလက်ကနေ လွတ်ဖို့ ယောသပ်ကို ယေဟောဝါ မကူညီပေးဘူး။ ယောသပ်ရဲ့ အခြေအနေ ပိုဆိုးလာဦးမယ်။

အခြေအနေတွေ ပိုဆိုးလာတဲ့အခါ

၇။ ယောသပ် အခြေအနေ ဘယ်လို ပိုဆိုးလာသလဲ။ (ကမ္ဘာဦး ၃၉:၁၄၊ ၁၅)

၇ ကမ္ဘာဦး အခန်းကြီး ၃၉ မှာ ဖော်ပြတဲ့အတိုင်း ပေါတိဖာရဲ့ မိန်းမက ယောသပ်ကို သဘောကျပြီး ခဏခဏ သွေးဆောင်တယ်။ ဒါပေမဲ့ အကြိမ်တိုင်း ယောသပ် ငြင်းတယ်။ နောက်ဆုံး၊ ယောသပ်ကို ဒေါသထွက်ပြီး မတရားကျင့်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲတယ်။ (ကမ္ဘာဦး ၃၉:၁၄၊ ၁၅ ကို ဖတ်ပါ။) ဒါကို ပေါတိဖာ ကြားတော့ ယောသပ်ကို ထောင်ချလိုက်တယ်။ အဲဒီမှာ နှစ်အတော်များများ ယောသပ် နေရတယ်။ (က. ၃၉:၁၉၊ ၂၀) ထောင်က ဘယ်လို နေရာမျိုးလဲ။ “ထောင်” လို့ သုံးထားတဲ့ ဟီဘရူး စကားလုံးဟာ “ရေတွင်း” ကို ဆိုလိုတာ ဖြစ်လို့ မှောင်မည်းတဲ့ တွင်းတစ်ခု ဖြစ်နိုင်တယ်။ ကူကယ်ရာမဲ့နေပြီလို့ ယောသပ် ခံစားခဲ့ရမှာပဲ။ (က. ၄၀:၁၅) အချိန်အတော်ကြာ ယောသပ် ခြေကျဉ်းခတ်ခံရတယ်၊ လည်ပင်းမှာလည်း သံကြိုးတွေနဲ့ တုပ်နှောင်ခံရတယ်လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၀၅:၁၇၊ ၁၈) ယောသပ် အခြေအနေ ပိုဆိုးလာတယ်။ ယုံကြည်စိတ်ချရတဲ့ ကျွန်ဘဝကနေ နိမ့်ကျတဲ့ ထောင်သား ဖြစ်နေပြီ။

၈။ အခြေအနေတွေ ပိုဆိုးလာရင်တောင် ဘာကို စိတ်ချနိုင်သလဲ။

၈ အသည်းအသန် ဆုတောင်းနေတဲ့ကြား ကိုယ့်အခြေအနေ ပိုဆိုးလာတာမျိုး ကြုံဖူးသလား။ အဲဒီလို ဖြစ်နိုင်ပါတယ်။ စာတန့်လောကရဲ့ အခက်အခဲတွေ မကြုံရအောင် ယေဟောဝါ ကာကွယ်မပေးဘူး။ (၁ ယော. ၅:၁၉) ဒါပေမဲ့ သင် ဘာကြုံနေရတယ်ဆိုတာ ကောင်းကောင်း သိတယ်၊ ဂရုစိုက်နေတယ်ဆိုတာတော့ စိတ်ချနိုင်တယ်။ (မ. ၁၀:၂၉-၃၁။ ၁ ပေ. ၅:၆၊ ၇) အဲဒီအပြင် “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” လို့လည်း ဘုရား ကတိပေးတယ်။ (ဟီ. ၁၃:၅) သင့်အခြေအနေ မျှော်လင့်ချက်မဲ့ပုံ ပေါက်နေရင်တောင် ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ ယောသပ်ကို ဘယ်လို ကူညီပေးကြောင်း သုံးသပ်ကြည့်ပါ။

တခြားထောင်သားတွေကို ယောသပ် ညွှန်ကြားနေ။

ထောင်ကျနေတာတောင် ယောသပ်နဲ့အတူ ယေဟောဝါ ရှိလို့ အကျဉ်းသားအားလုံးကို ကြီးကြပ်ဖို့ တာဝန်ပေးအပ်ခံရ (စာပိုဒ် ၉ ကို ကြည့်ပါ)

၉။ ယောသပ် ထောင်ကျနေချိန်မှာ ယေဟောဝါ အတူရှိကြောင်း ဘာက ပြသလဲ။ (ကမ္ဘာဦး ၃၉:၂၁-၂၃)

၉ ကမ္ဘာဦး ၃၉:၂၁-၂၃ ကို ဖတ်ပါ။ ယောသပ် ထောင်ကျနေချိန်မှာတောင် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ ပေါတိဖာဆီမှာလိုပဲ အခုလည်း ထောင်မှူးရဲ့ ယုံကြည်စိတ်ချမှု၊ လေးစားမှု ယောသပ် ရလာတယ်။ မကြာခင်မှာပဲ ထောင်မှူးက တခြား ထောင်သားတွေကို ကြီးကြပ်ဖို့ ယောသပ်ကို တာဝန်ပေးတယ်။ “သူ့လက်ထဲ အပ်ထားတဲ့ ကိစ္စတွေကို ထောင်မှူး လုံးဝ လှည့်ကြည့်စရာ မလိုဘူး” လို့ ကျမ်းစာ ပြောတယ်။ အခု၊ ယောသပ် လုပ်စရာ အလုပ် ရလာပြီ။ ထင်မှတ်မထားတဲ့ အပြောင်းအလဲပါပဲ။ နန်းတွင်းအရာရှိရဲ့ ဇနီးကို မတရား ကျင့်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲခံရတဲ့ ထောင်သားဟာ ယုံကြည်စိတ်ချရတဲ့ အနေအထား ဘယ်လို ရောက်လာတာလဲ။ အဖြေ တစ်ခုပဲ ရှိတယ်။ ကမ္ဘာဦး ၃၉:၂၃ မှာ ပြောသလို ‘ယေဟောဝါဟာ ယောသပ်နဲ့အတူ ရှိပြီး သူလုပ်သမျှကို အောင်မြင်ခွင့် ပေး’ လို့ပါပဲ။

၁၀။ လုပ်သမျှ အောင်မြင်တယ်လို့ ယောသပ် ခံစားရဖို့ ဘာကြောင့် မဖြစ်နိုင်သလဲ။ ရှင်းပြပါ။

၁၀ ယောသပ်နေရာကနေ ထပ်ဝင်ကြည့်ပါ။ မတရား စွပ်စွဲခံရပြီး ထောင်ကျနေချိန်မှာ လုပ်သမျှ အောင်မြင်တယ်လို့ ခံစားရမယ် ထင်သလား။ ဒီအခြေအနေမှာ ယောသပ် ဘာအလိုချင်ဆုံး ဖြစ်မလဲ။ ထောင်မှူး မျက်နှာသာ ရဖို့လား။ ဖြစ်နိုင်တာကတော့ ထောင်ကနေ လွတ်ဖို့ပဲ။ ထောင်ကနေ လွတ်တော့မယ့် တခြားထောင်သားကိုတောင် သူ့ကိုယ်စား ဖာရောဆီ ပြောပေးဖို့ ယောသပ် တောင်းဆိုတယ်။ (က. ၄၀:၁၄) ဒါပေမဲ့ အဲဒီလူက ဖာရောဆီ ချက်ချင်း မပြောဘူး။ ဒါကြောင့် ထောင်ထဲမှာ ယောသပ် နှစ်နှစ် ဆက်နေလိုက်ရတယ်။ (က. ၄၀:၂၃။ ၄၁:၁၊ ၁၄) ဒါတောင် ယောသပ် အောင်မြင်အောင် ယေဟောဝါ ဆက်ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၁။ ယောသပ်ကို ယေဟောဝါ ဘယ်အထူးစွမ်းရည် ပေးသလဲ။ ဒါက ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံဖို့ ဘယ်လို အထောက်အကူပြုသလဲ။

၁၁ ယောသပ် ထောင်ကျနေတုန်း ယေဟောဝါက အီဂျစ်ဘုရင် ဖာရောကို စိတ်ရှုပ်စရာ အိပ်မက်နှစ်ခု မြင်မက်စေတယ်။ အဓိပ္ပာယ်ကို ဖာရော သိပ်သိချင်တယ်။ ယောသပ်မှာ အိပ်မက်တွေကို အဓိပ္ပာယ် ရှင်းပြနိုင်စွမ်း ရှိတာ သိသွားလို့ အခေါ်လွှတ်လိုက်တယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ အိပ်မက်တွေကို ယောသပ် အဓိပ္ပာယ်ပြန်ပေးလိုက်တယ်။ ဖာရော သဘောကျမယ့် အကြံဉာဏ်ကိုလည်း ပေးလိုက်တယ်။ ဒီလူငယ်နဲ့အတူ ယေဟောဝါ ရှိနေတာ ဖာရော သတိထားမိတဲ့အတွက် အီဂျစ်တစ်ပြည်လုံးရဲ့ ရိက္ခာဝန် အဖြစ် ခန့်လိုက်တယ်။ (က. ၄၁:၃၈၊ ၄၁-၄၄) နောက်ပိုင်း၊ အီဂျစ်ပြည်မှာသာမက ယောသပ်ရဲ့ မိသားစု နေတဲ့ ခါနန်ပြည်မှာပါ ပြင်းထန်တဲ့ အငတ်ဘေး ကျရောက်လာတယ်။ အခု၊ မိသားစုကို ကယ်နိုင်တဲ့ အနေအထားမှာ ယောသပ် ရှိနေပြီ။ ဒါကြောင့် မေရှိယရဲ့ မျိုးဆက် ပြတ်မသွားအောင် ဆက်ထိန်းနိုင်ခဲ့တယ်။

၁၂။ ယောသပ် အောင်မြင်အောင် ဘယ်လိုနည်းတွေနဲ့ ယေဟောဝါ ကူညီပေးသလဲ။

၁၂ ယောသပ် ဘဝရဲ့ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေအကြောင်း စဉ်းစားကြည့်ပါ။ ဘာမဟုတ်တဲ့ ကျွန်တစ်ယောက်ကို ပေါတိဖာ သတိထားမိဖို့၊ နိမ့်ကျတဲ့ ထောင်သားကို ထောင်မှူး မျက်နှာသာ ပေးဖို့ ဘယ်သူ လှုံ့ဆော်ပေးတာလဲ။ ဖာရောကို စိတ်ရှုပ်စရာ အိပ်မက်တွေ ဘယ်သူ မြင်မက်စေတာလဲ။ ယောသပ်ကို အိပ်မက် အဓိပ္ပာယ် ရှင်းပြနိုင်စွမ်း ဘယ်သူ ပေးတာလဲ။ အီဂျစ်ပြည်မှာ ရိက္ခာဝန်အဖြစ် ယောသပ်ကို ခန့်ဖို့ ဖာရောကို ဘယ်သူ လှုံ့ဆော်ပေးတာလဲ။ (က. ၄၅:၅) ယောသပ် လုပ်သမျှ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတာ ထင်ရှားတယ်။ ယောသပ်ကို သတ်ဖို့ အစ်ကိုတွေရဲ့ အကြံအစည်ကို မိမိအလိုတော် အောင်မြင်ဖို့ ယေဟောဝါ ပြောင်းလဲခဲ့တယ်။

သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးပုံ

၁၃။ ကျွန်တော်တို့ ကြုံရတဲ့ အခြေအနေတိုင်းမှာ ယေဟောဝါ ကြားဝင်ပေးသလား။ ရှင်းပြပါ။

၁၃ ယောသပ် မှတ်တမ်းကနေ ဘာကောက်ချက်ချနိုင်သလဲ။ ကိုယ့်ဘဝမှာ ကြုံရတဲ့ မကောင်းတာ အားလုံးကို အကောင်းဘက် ပြောင်းလဲဖို့ အခြေအနေတိုင်းမှာ ယေဟောဝါ ကြားဝင်ပေးသလား။ မဝင်ပါဘူး။ (ဒေ. ၈:၉။ ၉:၁၁) ဒါပေမဲ့ အခက်အခဲတစ်ခု ကြုံရတဲ့အခါ ယေဟောဝါ သိကြောင်း၊ အကူအညီ တောင်းသံကို နားထောင်ပေးကြောင်းတော့ ကျွန်တော်တို့ သိတယ်။ (ဆာ. ၃၄:၁၅။ ၅၅:၂၂။ ဟေရှာ. ၅၉:၁) အဲဒီအပြင် အခက်အခဲတွေကို အောင်အောင်မြင်မြင် ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၄။ အခက်အခဲ ကြုံရချိန်မှာ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၄ ယေဟောဝါ ကူညီပေးတဲ့ တစ်နည်းကတော့ အချိန်ကိုက် အားပေးနှစ်သိမ့်ခြင်းပါပဲ။ (၂ ကော. ၁:၃၊ ၄) တာ့ခ်မင်နစ္စတန်နိုင်ငံမှာ ယုံကြည်ချက်ကြောင့် ထောင်နှစ်နှစ် ချခံရတဲ့ ညီအစ်ကို အဲဇစ် အဲဒီလို ကြုံခဲ့ရတယ်။ “ထောင်ကျမယ့် မနက်မှာ ညီအစ်ကို တစ်ယောက်က ‘တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်’ ဆိုတဲ့ ဟေရှာယ ၃၀:၁၅ ကို ပြတယ်။ အဲဒီကျမ်းချက်က တည်တည်ငြိမ်ငြိမ် ရှိဖို့၊ ကိစ္စရပ်တိုင်းမှာ ယေဟောဝါကို အားကိုးဖို့ ကူညီပေးတယ်။ ဒီကျမ်းချက်ကို တွေးတောဆင်ခြင်တာက ထောင်ထဲ နေရချိန်တစ်လျှောက်လုံး အကူအညီ ဖြစ်စေတယ်” လို့ ပြောတယ်။ ကိုယ်အလိုအပ်ဆုံး အချိန်မှာ ယေဟောဝါ အားပေးနှစ်သိမ့် ထောက်မပေးတာမျိုး ကြုံဖူးသလား။

၁၅-၁၆။ တိုရီရဲ့ အဖြစ်ကနေ ဘာသိရသလဲ။

၁၅ အများအားဖြင့် အခက်အခဲ ကြုံပြီးသွားမှ ယေဟောဝါ ဘယ်လို ကူညီပေးတယ်ဆိုတာ သိလာလေ့ ရှိတယ်။ ညီအစ်မ တိုရီ အဲဒီလို ဖြစ်ခဲ့တယ်။ သားဖြစ်သူ မေစန်ဟာ ကင်ဆာရောဂါကို ခြောက်နှစ် တိုက်လှန်ပြီး သေဆုံးသွားတယ်။ တိုရီ ရင်ကွဲမတတ် ဝမ်းနည်းကြေကွဲရတယ်။ “မိခင်တစ်ယောက်အတွက် ဒီ့ထက် ပိုနာကျင်ရတာ မရှိတော့ဘူး။ ကိုယ့်သားသမီး ဝေဒနာ ခံရတာကို ကြည့်နေရတာဟာ ကိုယ်တိုင် ခံရတာထက် ပိုဆိုးတယ်ဆိုတာ မိဘတွေ သဘောတူမှာပါ” လို့ ပြောတယ်။

၁၆ ဒီခက်ခဲချိန်တစ်လျှောက် ယေဟောဝါ ဘယ်လို ကူညီပေးသလဲဆိုတာ တိုရီ ပြန်တွေးကြည့်တယ်။ “ပြန်တွေးကြည့်လိုက်တော့ သားလေး နေမကောင်း ဖြစ်နေချိန် တစ်လျှောက်လုံး ယေဟောဝါရဲ့ မေတ္တာပါ လက်တော်ကို ခံစားရတယ်။ ဥပမာ၊ ဧည့်သည် မတွေ့နိုင်လောက်အောင် နေမကောင်း ဖြစ်နေတာတောင် ညီအစ်ကို/မတွေက သားကို တွေ့ဖို့ ဆေးရုံကို နှစ်နာရီလောက် ကားမောင်းလာကြတယ်။ ကိုယ့်ကို ကူညီပေးဖို့ လူနာစောင့်အခန်းမှာ တစ်ယောက်ယောက် အမြဲ အသင့်ရှိနေတယ်။ ရုပ်ပိုင်းအရလည်း ညီအစ်ကို/မတွေ ကူညီပေးကြတယ်။ အခက်ခဲဆုံးအချိန်မှာတောင် ကျွန်မတို့ လိုအပ်တာ အမြဲ ရတယ်” လို့ ပြောတယ်။ တိုရီရော မေစန်ပါ ခံရပ်နိုင်ဖို့ လိုအပ်တာ မှန်သမျှ ယေဟောဝါ ပြင်ဆင်ပေးတယ်။—“ကျွန်မတို့ လိုအပ်တာ အတိအကျကို ယေဟောဝါ ပေး” လေးထောင့်ကွက်ကို ကြည့်ပါ။

“ကျွန်မတို့ လိုအပ်တာ အတိအကျကို ယေဟောဝါ ပေး”

မေစန် ကင်ဆာရောဂါ ရှိနေပြီဆိုတာ အသက် ခုနစ်နှစ်မှာ သိလာတယ်။ နောက်ခြောက်နှစ်လုံးလုံး ရောဂါကို ကြိုးစားတိုက်လှန်တယ်။ နေမကောင်း ဖြစ်နေချိန် တစ်လျှောက်လုံး ခဏခဏ ဆေးရုံတက်ရတယ်။ ဒါပေမဲ့ ဆေးရုံကနေ ပြန်ဆင်းလာတိုင်း ချက်ချင်းနီးပါး အမှုဆောင်မှာ ပြန်ပါဝင်တာကို အသင်းတော်က ညီအစ်ကို/မတွေ သတိထားမိတယ်။ ဟောပြောရတာ မေစန် သိပ်ကြိုက်တယ်။ ဒါကြောင့် ရသလောက် ပါဝင်တယ်။

မေစန် သေဆုံးသွားတော့ ဈာပန အခမ်းအနားကို အတန်းဖော်တွေ၊ ဆရာတွေ အပါအဝင် လူ ၇၀၀ ကျော် လာကြတယ်။ မေစန် မသေဆုံးခင်လေး လာလည်သွားတဲ့ ဆရာမက သူ့သားသမီးတွေကိုလည်း မေစန်မှာ ရှိတဲ့ ယုံကြည်ခြင်းမျိုး ရှိစေချင်တယ်လို့ ပြောတယ်။ ဒီမှာ နေလာတဲ့ ငါးနှစ်အတွင်း ယေဟောဝါသက်သေတွေနဲ့ တစ်ခါမှ မတွေ့ဖူးဘူးလို့လည်း ပြောတယ်။ နောက်နေ့မှာပဲ သူ့အိမ်ကို သက်သေခံတွေ သွားလည်ကြတယ်။ အသင်းတော် အစည်းအဝေး လိုက်တက်ဖို့ သူ သဘောတူတယ်။

မေစန်ရဲ့ မိခင် တိုရီက “သားလေးကို ယေဟောဝါ အံ့ဖွယ်နည်းနဲ့ ကုသမပေးဘူး။ အဲဒီအတွေးက ကျွန်မတို့ကို ယေဟောဝါ ဘယ်လို ကူညီပေးနေတယ်ဆိုတာ မမြင်အောင် တစ်ခါတလေ တားဆီးတယ်။ တကယ်တော့ ဘုရား ကူညီပေးပါတယ်။ ကျွန်မတို့ လိုအပ်တာ အတိအကျကို ယေဟောဝါ ပေးတယ်” လို့ ပြောတယ်။

ကောင်းချီးတွေကို ရေတွက်ပါ

၁၇-၁၈။ အခက်အခဲ ကြုံနေချိန်မှာတောင် ယေဟောဝါရဲ့ ထောက်မမှုကို မြင်ဖို့၊ ကျေးဇူးတင်တတ်ဖို့ ဘာက ကူညီပေးမလဲ။ (ဆာလံ ၄၀:၅)

၁၇ ဆာလံ ၄၀:၅ ကို ဖတ်ပါ။ တောင်တက်သမားရဲ့ ပန်းတိုင်ဟာ တောင်ထိပ် ရောက်ဖို့ပဲ။ ဒါပေမဲ့ လမ်းတစ်လျှောက် ခဏရပ်ပြီး ရှုခင်းကြည့်ဖို့ နားနေစခန်းတွေ အများကြီး ရှိတယ်။ အဲဒီလိုပဲ၊ အခက်အခဲ ကြုံနေရချိန်မှာတောင် အောင်မြင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲဆိုတာ ခဏရပ် စဉ်းစားဖို့ အမြဲ အချိန်ယူပါ။ တစ်နေ့တာ ကုန်သွားတိုင်း ‘ဒီနေ့ ယေဟောဝါရဲ့ ကောင်းချီးကို ဘယ်လို ခံစားရသလဲ။ အခက်အခဲ ရှိနေတုန်း ဖြစ်ပေမဲ့ ခံရပ်နိုင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတဲ့ ကောင်းချီး အနည်းဆုံး တစ်ခုတော့ တွေ့အောင် ရှာပါ။

၁၈ အခက်အခဲ အဆုံးတိုင်ဖို့ သင် ဆုတောင်းနေမှာပဲ။ အဲဒါ မမှားပါဘူး။ ဆုတောင်းသင့်ပါတယ်။ (ဖိ. ၄:၆) ဒါပေမဲ့ လောလောဆယ် ရထားတဲ့ ကောင်းချီးတွေကိုလည်း အသိအမှတ်ပြုသင့်တယ်။ ကျွန်တော်တို့ကို ခွန်အား ပေးမယ်၊ ခံရပ်နိုင်အောင် ကူညီပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ဒါကြောင့် ယေဟောဝါ ထောက်မပေးနေတာကို အမြဲ ကျေးဇူးတင်လေးမြတ်ပါ။ ဒါဆိုရင် ယောသပ်လိုပဲ သင့်ကိုလည်း အခက်အခဲ ကြုံရချိန်မှာတောင် အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးနေတယ်ဆိုတာ မြင်တွေ့လာပါလိမ့်မယ်။—က. ၄၁:၅၁၊ ၅၂။

သင် ဘယ်လို ဖြေမလဲ

  • ပေါတိဖာရဲ့ လူယုံတော် ဖြစ်နေချိန်မှာ ယောသပ် အောင်မြင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

  • ယောသပ် ထောင်ကျနေချိန်မှာ အောင်မြင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

  • သင် အောင်မြင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။

သီချင်း ၃၂ ယေဟောဝါဘက် ရပ်တည်ကြ

a ခက်ခဲတဲ့ စမ်းသပ်မှု ကြုံနေရတယ်ဆိုရင် “အောင်မြင်” တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆမှာ မဟုတ်ဘူး။ ဒီစကားလုံးဟာ စမ်းသပ်မှု ပြီးသွားချိန်နဲ့ပဲ ဆိုင်တယ်လို့ ထင်မယ်။ ဒါပေမဲ့ ယောသပ်ရဲ့ ဘဝဖြစ်ရပ်တွေက အရေးကြီး သင်ခန်းစာတစ်ခု သင်ပေးတယ်။ စမ်းသပ်မှု ကြုံနေရချိန်အတွင်းမှာပဲ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ကျွန်ဘဝမှာ ယောသပ် ကြုံရတဲ့ ဒီအပြောင်းအလဲတွေကို အခန်းငယ် နည်းနည်းလေးမှာပဲ ဆက်တိုက် ဖော်ပြထားပေမဲ့ ဒီလို ပြောင်းလဲလာဖို့ နှစ်တော်တော် ကြာနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ