ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁၂/၁ စာ. ၉-၁၄
  • ပင်ပန်းနွမ်းနယ်သူကို ယေဟောဝါခွန်အားရှိစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်ပန်းနွမ်းနယ်သူကို ယေဟောဝါခွန်အားရှိစေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သာမန်တန်ခိုးထက်မကလို
  • ‘ယေဟောဝါသည် ကျွန်ုပ်တို့၏အစွမ်းသတ္တိဖြစ်’
  • ကျွန်ုပ်တို့ကိုအားသစ်လောင်းပေးသည့် ဝိညာဉ်ရေးပြင်ဆင်ပေးမှုများ
  • ခွန်အားရှိစေသော အထောက်အကူတစ်ခုဖြစ်သည့် အသင်းတော်
  • ကျွန်ုပ်တို့၏လယ်ကွင်းအမှုဆောင်ခြင်းဖြင့် ခွန်အားရရှိကြ
  • ယေဟောဝါ၏အစွမ်းခွန်အားဖြင့် ဆက်လုပ်ဆောင်
  • ကိုယ်တော်သည် “မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ‘ယေဟောဝါနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါသည် ခွန်အားပေးတော်မူ၏
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • သွေးဆောင်မှုကိုတွန်းလှန်ဖို့နဲ့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းဖို့ အစွမ်းတန်ခိုးရရှိကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁၂/၁ စာ. ၉-၁၄

ပင်ပန်းနွမ်းနယ်သူကို ယေဟောဝါခွန်အားရှိစေ

“[ယေဟောဝါ] သည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။”—ဟေရှာယ ၄၀:၂၉။

၁။ ဘုရားသခင်ဖန်ဆင်းထားရာများ၌တည်ရှိသော စွမ်းအားကို သာဓကနှင့်ရှင်းပြပါ။

ယေဟောဝါသည် တန်ခိုးတော်၌ အကန့်အသတ်မရှိချေ။ ကိုယ်တော်ဖန်ဆင်းထားရာများတွင် အင်အားကြီးမားသောစွမ်းအင် တည်ရှိပါသည်တကား! သေးငယ်သောအက်တမ်—အရာခပ်သိမ်း၏ ဖွဲ့စည်းမှုအခဲ—သည် သေးငယ်လှသဖြင့် ရေစက်တစ်စက်တွင် အက်တမ်ပေါင်း တစ်ရာဘီလီယံဘီလီယံပါဝင်သည်။a ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် နေတွင် အက်တမ်ဓာတ်ပြုမှုများမှဖြစ်ပေါ်လာသော စွမ်းအင်အပေါ် မှီခိုအားထားရကြသည်။ သို့သော် သက်ရှိများရှင်သန်နေဖို့ နေစွမ်းအင်မည်မျှလိုအပ်သနည်း။ ကမ္ဘာမြေကြီးသည် နေမှထုတ်လွှတ်သောစွမ်းအင် ဘီလီယံများစွာ၏အနည်းငယ်မျှကိုသာရရှိသည်။ သို့ရာတွင် ကမ္ဘာမြေကြီးပေါ်ကျရောက်သော နေစွမ်းအင်၏ အလွန်သေးငယ်သောအစိတ်အပိုင်းသည် ကမ္ဘာ့စက်မှုလုပ်ငန်းများတွင် အသုံးပြုသောစွမ်းအင်စုစုပေါင်းထက် မတိုင်းထွာနိုင်လောက်အောင် အဆပေါင်းများစွာ ပိုကြီးမားသည်။

၂။ အနှစ်ချုပ်အားဖြင့် ယေဟောဝါ၏တန်ခိုးတော်နှင့်စပ်လျဉ်း၍ ဟေရှာယ ၄၀:၂၆ ကဘာပြောသနည်း။

၂ အက်တမ်အကြောင်းစဉ်းစားသည်ဖြစ်စေ၊ ကြီးမားကျယ်ပြောသော စကြဝဠာကိုအာရုံစိုက်ကြည့်ရှုသည်ဖြစ်စေ ကျွန်ုပ်တို့သည် ယေဟောဝါ၏စိုးရွံ့ဖွယ်တန်ခိုးတော်ကို စွဲမှတ်သွားကြသည်။ “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ” ဟုကိုယ်တော်ဆိုနိုင်ခဲ့ခြင်းကို အံ့ဩစရာမဟုတ်ပါ။ (ဟေရှာယ ၄၀:၂၆) မှန်ပါသည်၊ ယေဟောဝါသည် “ခွန်အားကြီး” ၍ စကြဝဠာကို ဖြစ်ပွားတည်ရှိစေရန် အသုံးပြုသည့် ‘အင်အားကြီးမားသောစွမ်းအင်’ ၏အရင်းအမြစ်ဖြစ်တော်မူသည်။

သာမန်တန်ခိုးထက်မကလို

၃၊ ၄။ (က) ကျွန်ုပ်တို့ကို မောပန်းနွမ်းနယ်စေနိုင်သော အကြောင်းရင်းအချို့ကား အဘယ်နည်း။ (ခ) အဘယ်မေးခွန်းကို သုံးသပ်ဖို့လိုသနည်း။

၃ ဘုရားသခင်၌ အကန့်အသတ်မဲ့တန်ခိုးတော်ရှိသော်လည်း လူသားတို့မူ ပင်ပန်းနွမ်းနယ်တတ်ကြသည်။ ကျွန်ုပ်တို့သွားလေရာရာ၌ ပင်ပန်းနွမ်းနယ်နေသူတို့ကို တွေ့မြင်ကြရသည်။ သူတို့သည် နွမ်းနယ်လျက်အိပ်ရာထကြ၊ နွမ်းနယ်လျက်အလုပ် သို့မဟုတ် ကျောင်းသို့သွားကြ၊ နွမ်းနယ်လျက်အိမ်ပြန်လာကြပြီး နွမ်းနယ်ရုံမျှမက ခြေကုန်လက်ပန်းကျစွာ အိပ်ရာဝင်ကြရသည်။ အချို့က တစ်နေရာရာသို့သွားပြီး ကောင်းကောင်းအနားယူပစ်လိုက်ချင်ကြသည်။ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့လည်း မောပန်းတတ်ကြသည်၊ အကြောင်းမှာ ဘုရားသခင်ရေးရာမွေ့လျော်သည့် အသက်တာဖြင့်နေထိုင်ရန် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ဖို့လိုသောကြောင့်ဖြစ်သည်။ (မာကု ၆:၃၀၊ ၃၁; လုကာ ၁၃:၂၄; ၁ တိမောသေ ၄:၈) ထို့ပြင် ကျွန်ုပ်တို့၏ခွန်အားကို ကုန်ခန်းစေသော အခြားအကြောင်းရင်းများစွာရှိသည်။

၄ ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြသော်လည်း သာမန်လူသားများ ကြုံတွေ့ရကြသည့် ပြဿနာများမှ မလွတ်ကင်းကြပါ။ (ယောဘ ၁၄:၁) ဖျားနာခြင်း၊ ငွေကြေးအရှုံးပေါ်မှုများ သို့မဟုတ် ဘဝတွင်ဖြစ်လေ့ဖြစ်ထရှိသော အခြားအခက်အခဲများက ယင်း၏ အားလျော့စေသည့်အကျိုးဆက်နှင့်အတူ စိတ်ဓာတ်ကျစေနိုင်သည်။ ဤစိန်ခေါ်ချက်များအပြင် ဖြောင့်မတ်ခြင်းတရားအတွက် နှိပ်စက်ညှဉ်းပန်းခံရသူတို့သည် အခြားစမ်းသပ်မှုများရင်ဆိုင်ရသေးသည်။ (၂ တိမောသေ ၃:၁၂; ၁ ပေတရု ၃:၁၄) လောကမှနေ့စဉ်ဖိစီးမှုများနှင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို အတိုက်အခံပြုမှုများကြောင့် ကျွန်ုပ်တို့ထဲမှအချို့သည် အလွန်အားအင်ကုန်ခန်းကာ ယေဟောဝါ၏လုပ်ငန်းတော်၌ အရှိန်လျော့လာသည်ဟု ခံစားရနိုင်သည်။ ထို့ပြင် ဘုရားသခင်ထံကျွန်ုပ်တို့၏သမာဓိကို ချိုးဖျက်ဖို့ကြိုးပမ်းရာ၌ စာတန်သည် ရနိုင်သမျှနည်းမျိုးစုံကိုအသုံးပြုလျက်ရှိ၏။ သို့ဖြစ်၍ ပင်ပန်းနွမ်းနယ်၍ လက်လျှော့လိုက်ခြင်းမဖြစ်စေဖို့ လိုအပ်သောဝိညာဉ်ရေးခွန်အားကို မည်သို့ရရှိနိုင်သနည်း။

၅။ ခရစ်ယာန်အမှုတော်ထမ်းဆောင်ရန် အဘယ်ကြောင့်လူ့ခွန်အားထက်မက လိုအပ်ရသနည်း။

၅ ဝိညာဉ်ရေးခွန်အားအတွက် တန်ခိုးအရှိဆုံးဖန်ဆင်းရှင်ယေဟောဝါကို ကျွန်ုပ်တို့မှီခိုအားထားရမည်။ ခရစ်ယာန်အမှုဆောင်ခြင်းသည် မစုံလင်သောလူသားများ၏ သာမန်ခွန်အားထက်မက လိုအပ်ကြောင်း တမန်တော်ပေါလုထောက်ပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “တန်ခိုးတော် [“သာမန်ထက်ထူးကဲသော တန်ခိုးတော်၊” ကဘ] ၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏။” (၂ ကောရိန္သု ၄:၇) ဘိသိက်ခံခရစ်ယာန်များသည် မြေကြီးမျှော်လင့်ချက်ရှိသော သူတို့၏အပေါင်းပါများ၏ ထောက်ပံ့မှုဖြင့် ‘မိတ်သဟာယဖွဲ့ခြင်းအမှုတော်’ ကိုဆောင်ရွက်နေကြသည်။ (၂ ကောရိန္သု ၅:၁၈; ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉) မစုံလင်သောလူသားများဖြစ်သော ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းမှုကိုခံရပ်ကာ ဘုရားသခင့်အမှုတော်ကိုထမ်းဆောင်နေကြသောကြောင့် ကျွန်ုပ်တို့ကိုယ်ပိုင်ခွန်အားမျှဖြင့် ယင်းကိုမဆောင်ရွက်နိုင်ပါ။ ယေဟောဝါသည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကိုထောက်ကူပေးရာ ဤနည်းဖြင့် ကျွန်ုပ်တို့၏အားနည်းမှုက ကိုယ်တော်၏တန်ခိုးတော်ကို ထင်ရှားစေသည်။ “ဖြောင့်မတ်သောသူကိုကား ထာဝရဘုရားမစတော်မူ၏” ဟူသောအာမခံချက်ဖြင့် ကျွန်ုပ်တို့နှစ်သိမ့်မှုရရှိကြသည်!—ဆာလံ ၃၇:၁၇။

‘ယေဟောဝါသည် ကျွန်ုပ်တို့၏အစွမ်းသတ္တိဖြစ်’

၆။ ယေဟောဝါသည် ကျွန်ုပ်တို့၏ခွန်အားရင်းမြစ်ဖြစ်ကြောင်း ကျမ်းချက်များက မည်သို့စိတ်ချစေသနည်း။

၆ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် “ခွန်အားကြီး” တော်မူပြီး ကျွန်ုပ်တို့ကိုအလွယ်တကူခွန်အားရှိစေနိုင်သည်။ အမှန်မှာ ကျွန်ုပ်တို့ကိုဤသို့ဆိုထား၏– “[ယေဟောဝါ] သည် မောသောသူတို့အား ခွန်အားပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည်မော၍ ပင်ပန်းခြင်းသို့ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍လဲကြလိမ့်မည်။ ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါမမောရကြ။” (ဟေရှာယ ၄၀:၂၉-၃၁) တိုးများလာသောဖိစီးမှုများကြောင့် တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ခြေမသယ်နိုင်တော့ဟန်ရှိသော မောဟိုက်နေသည့် အပြေးသမားတစ်ဦးကဲ့သို့ ခံစားမိနိုင်သည်။ သို့သော် အသက်ပြေးပွဲပန်းဝင်မျဉ်းသည် လက်တစ်ကမ်းလေးတွင်ရှိရာ ကျွန်ုပ်တို့အရှုံးမပေးရပါ။ (၂ ရာဇဝင်ချုပ် ၂၉:၁၁) ကျွန်ုပ်တို့၏ရန်သူကြီးစာတန်သည် “ဟောက်သောခြင်္သေ့ကဲ့သို့” လှည့်လည်သွားလာလျက်ရှိပြီး ကျွန်ုပ်တို့ကို ဟန့်တားလိုသည်။ (၁ ပေတရု ၅:၈) ‘ယေဟောဝါသည် ကျွန်ုပ်တို့၏ခွန်အားနှင့် အကွယ်အကာဖြစ်’ ကြောင်း၊ ကိုယ်တော်သည် ‘မောသောသူတို့အား ခွန်အားကိုပေးရန်’ အလျှံပယ်ပြင်ဆင်ပေးထားကြောင်း သတိရကြစို့။—ဆာလံ ၂၈:၇။

၇၊ ၈။ ယေဟောဝါသည် ဒါဝိဒ်၊ ဟဗက္ကုတ်နှင့် ပေါလုတို့ကိုခွန်အားပေးခဲ့ကြောင်း အဘယ်သက်သေရှိသနည်း။

၇ ကြီးမားသောအခက်အခဲများကိုရင်ဆိုင်ရာ၌ ဆက်ဆောင်ရွက်ရန် လိုအပ်သောခွန်အားကို ဒါဝိဒ်အား ယေဟောဝါပေးသနားခဲ့သည်။ ထို့ကြောင့် ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဒါဝိဒ်ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်အားဖြင့် ငါတို့သည်ရဲရင့်စွာပြုကြမည်။ ငါတို့၏ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်။” (ဆာလံ ၆၀:၁၂) ယေဟောဝါသည် ဟဗက္ကုတ်ကိုလည်း အင်အားနှင့်ပြည့်စုံစေခဲ့သည်၊ ပရောဖက်အဖြစ် သူ၏တာဝန်ကို ပြီးမြောက်နိုင်စေဖို့ဖြစ်သည်။ ဟဗက္ကုတ် ၃:၁၉ ကဤသို့ဆိုသည်– “အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိဖြစ်တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ဖြစ်စေ၍ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုနေရာချတော်မူမည်။” ထို့ပြင် “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောအရှင် [ဘုရားသခင်] အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏” ဟုရေးသားခဲ့သော ပေါလု၏ပုံသက်သေကိုမှတ်သားထိုက်သည်။—ဖိလိပ္ပိ ၄:၁၃။

၈ ဒါဝိဒ်၊ ဟဗက္ကုတ်နှင့် ပေါလုတို့ကဲ့သို့ ကျွန်ုပ်တို့ကိုခွန်အားပေးသော ဘုရားသခင့်စွမ်းရည်နှင့် ကျွန်ုပ်တို့ကိုကာကွယ်ပေးသည့် ကိုယ်တော်၏တန်ခိုးတော်၌ ယုံကြည်ကြောင်းတင်ပြသင့်သည်။ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါသည် ကျွန်ုပ်တို့ “အစွမ်းသတ္တိ” ၏ရင်းမြစ်ဖြစ်ကြောင်း သတိပြုကာ ဘုရားသခင့်အလျှံပယ်ပြင်ဆင်ပေးချက်များမှ ဝိညာဉ်ခွန်အားရယူဖို့ နည်းလမ်းအချို့ကို ယခုသုံးသပ်ကြည့်ကြစို့။

ကျွန်ုပ်တို့ကိုအားသစ်လောင်းပေးသည့် ဝိညာဉ်ရေးပြင်ဆင်ပေးမှုများ

၉။ ခရစ်ယာန်စာပေများသည် ကျွန်ုပ်တို့ကိုခွန်အားဖြစ်စေရာ၌ အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း။

၉ ခရစ်ယာန်စာပေများအကူအညီနှင့်အတူ ဝီရိယရှိရှိကျမ်းစာလေ့လာခြင်းက ကျွန်ုပ်တို့ကိုအားသစ်လောင်းပေးပြီး ထောက်မပေးနိုင်သည်။ ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “ထာဝရဘုရား၏တရားတော်ကိုမွေ့လျော်၍ တရားတော်ကိုနေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှအသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။” (ဆာလံ ၁:၁-၃) ခန္ဓာကိုယ်ခွန်အားရရှိဖို့ ကျွန်ုပ်တို့အစာစားရသကဲ့သို့ ဝိညာဉ်ခွန်အားဆက်ရှိနေဖို့ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ခရစ်ယာန်စာပေများမှတစ်ဆင့် ကိုယ်တော်ပြင်ဆင်ပေးသော ဝိညာဉ်အစာကို ကျွန်ုပ်တို့စားသုံးဖို့လိုသည်။ ထို့ကြောင့် အလေးအနက်ထားလေ့လာမှုနှင့် တွေးတောဆင်ခြင်မှုတို့ မရှိမဖြစ်လိုအပ်သည်။

၁၀။ လေ့လာမှုနှင့် တွေးတောဆင်ခြင်မှုအတွက်အချိန်ကို မည်သည့်အချိန်တွင်ရှာယူနိုင်သနည်း။

၁၀ “ဘုရားသခင်၏နက်နဲရာ” ကိုတွေးတောဆင်ခြင်ခြင်းသည် အမှန်ပင်အကျိုးရှိ၏။ (၁ ကောရိန္သု ၂:၁၀) သို့သော် တွေးတောဆင်ခြင်ဖို့အချိန်ကို မည်သည့်အချိန်တွင် ရယူနိုင်သနည်း။ အာဗြဟံ၏သားဣဇာက်သည် “ညဦးအချိန်၌ ဆင်ခြင်လိုသောငှာ၊ တောအရပ်သို့ထွက်သွား” ခဲ့သည်။ (ကမ္ဘာဦး ၂၄:၆၃-၆၇) ဆာလံဆရာဒါဝိဒ်သည် ‘ညယံတို့၌ ဘုရားသခင်အကြောင်းကိုဆင်ခြင်ခဲ့’ သည်။ (ဆာလံ ၆၃:၅) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့လေ့လာ၍ ၎င်းကို နံနက်ပိုင်း၊ မွန်းလွဲပိုင်း၊ ညပိုင်း—အမှန်မှာ အချိန်မရွေး—တွေးတောဆင်ခြင်နိုင်သည်။ ယင်းသို့သောလေ့လာမှုနှင့် တွေးတောဆင်ခြင်မှုတို့က ဝိညာဉ်ရေးအရခွန်အားရှိစေသော ယေဟောဝါ၏အခြားပြင်ဆင်ပေးမှုတစ်ခုဖြစ်သည့် ဆုတောင်းခြင်းသို့ ဦးတည်စေသည်။

၁၁။ မှန်မှန်ဆုတောင်းခြင်းကို ကျွန်ုပ်တို့အဘယ်ကြောင့် အလွန်အရေးပေးသင့်သနည်း။

၁၁ ဘုရားသခင်ထံမှန်မှန်ဆုတောင်းခြင်းက ကျွန်ုပ်တို့ကိုအားသစ်လောင်းဖို့ ထောက်ကူပေးသည်။ ထို့ကြောင့် “ဆုတောင်းခြင်းတွင် စွဲမြဲ” နိုင်ကြပါစေ။ (ရောမ ၁၂:၁၂၊ ကဘ) တစ်ခါတစ်ရံ စမ်းသပ်မှုတစ်ခုကိုရင်ဆိုင်ရန် လိုအပ်သောဉာဏ်ပညာနှင့် ခွန်အားအတွက် သတ်သတ်မှတ်မှတ်တောင်းလျှောက်ဖို့လိုသည်။ (ယာကုပ် ၁:၅-၈) ကိုယ်တော့်ရည်ရွယ်ချက်များ ပြီးမြောက်သည်ကို ကျွန်ုပ်တို့တွေ့မြင်ရသောအခါ သို့မဟုတ် ကိုယ်တော်၏လုပ်ငန်းတော်ကို ဆက်လက်ဆောင်ရွက်ဖို့ ကျွန်ုပ်တို့၌ ခွန်အားရှိလာစေသည်ကို တွေ့မြင်ရသောအခါ၌လည်း ဘုရားသခင်အားကျေးဇူးတင်ချီးမွမ်းကြပါစို့။ (ဖိလိပ္ပိ ၄:၆၊ ၇) ဆုတောင်းခြင်းဖြင့် ယေဟောဝါနှင့်ဆက်၍ရင်းနှီးမှုရှိနေလျှင် ကျွန်ုပ်တို့ကို ကိုယ်တော်ဘယ်သောအခါမျှ စွန့်ပစ်မည်မဟုတ်။ “ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူမတော်မူ၏” ဟုဒါဝိဒ်သီဆိုခဲ့သည်။—ဆာလံ ၅၄:၄။

၁၂။ ဘုရားသခင်ထံမှ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အဘယ်ကြောင့်တောင်းလျှောက်သင့်သနည်း။

၁၂ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ခေါ် တက်ကြွလှုပ်ရှားသောစွမ်းအားဖြင့် ကျွန်ုပ်တို့ကို အားသစ်လောင်းပေးပြီး ခွန်အားရှိစေသည်။ ပေါလုဤသို့ရေးသားခဲ့သည်– ‘ခမည်းတော်၏ရှေ့တော်တွင်ဒူးထောက်လျက် ကိုယ်တော်သည် ဘုန်းအသရေတော်နှင့် ပြည့်စုံကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား စိတ်ဓာတ်ကြံ့ခိုင်လာစေစိမ့်သောငှာ ဝိညာဉ်တော်အားဖြင့် တန်ခိုးစွမ်းရည်ကို ပေးသနားတော်မူရန် ငါဆုတောင်း၏။’ (ဧဖက် ၃:၁၄-၁၆၊ သတင်းကောင်း) ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ကျွန်ုပ်တို့ကိုကောင်းချီးပေးမည်ဟု ယုံကြည်စိတ်ချလျက် ၎င်းအတွက် ကျွန်ုပ်တို့တောင်းလျှောက်သင့်သည်။ ယေရှုဤသို့သုံးသပ်ပြခဲ့သည်– ကလေးတစ်ဦးသည် ငါးကိုတောင်းလျှင် မေတ္တာရှိသောဖခင်သည် မြွေတစ်ကောင်ပေးလိမ့်မည်လော။ လုံးဝပေးမည်မဟုတ်။ ထို့ကြောင့် ကိုယ်တော်ဤသို့နိဂုံးချုပ်ခဲ့သည်– “သင်တို့သည် [အပြစ်ရှိ၍ အနည်းနှင့်အများဆိုသလို] အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။” (လုကာ ၁၁:၁၁-၁၃) ထိုသို့သောယုံကြည်စိတ်ချမှုဖြင့် ဆုတောင်းကာ ဘုရားသခင့်သစ္စာရှိကျေးကျွန်များသည် ကိုယ်တော်၏ဝိညာဉ်တော်တန်ခိုးအားဖြင့် “မြဲမြံခိုင်ခံ့စေ” နိုင်ကြောင်း အစဉ်သတိရကြပါစို့။

ခွန်အားရှိစေသော အထောက်အကူတစ်ခုဖြစ်သည့် အသင်းတော်

၁၃။ ခရစ်ယာန်အစည်းအဝေးများကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။

၁၃ ယေဟောဝါသည် ခရစ်ယာန်အသင်းတော်အစည်းအဝေးများမှတစ်ဆင့် ကျွန်ုပ်တို့ကိုအားသစ်လောင်းပေးသည်။ ယေရှုက “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာငါရှိသည်” ဟုမိန့်ဆိုခဲ့၏။ (မဿဲ ၁၈:၂၀) ယေရှုသည် အသင်းတော်၌ဦးဆောင်နေသူတို့ အာရုံပြုဖို့လိုအပ်သောကိစ္စရပ်များကို ဆွေးနွေးနေစဉ် ထိုကတိတော်ကို ကိုယ်တော်ပေးခြင်းဖြစ်သည်။ (မဿဲ ၁၈:၁၅-၁၉) သို့ရာတွင် ကိုယ်တော်၏စကားများသည် ကိုယ်တော်၏နာမ၌ ဆုတောင်းခြင်းဖြင့်ဖွင့်၊ ပိတ်သော စည်းဝေးများ၊ အထူးနှင့်တိုက်နယ်အစည်းအဝေးများ၊ စည်းဝေးကြီးများအားလုံးနှင့် မူအရသက်ဆိုင်သည်။ (ယောဟန် ၁၄:၁၄) ထို့ကြောင့် အနည်းငယ်သာတက်ရောက်သည်ဖြစ်စေ၊ ထောင်နှင့်ချီတက်ရောက်သည်ဖြစ်စေ ယင်းသို့သောခရစ်ယာန်စုဝေးမှုများကို တက်ရောက်ရခြင်းသည် အခွင့်ထူးဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့ကိုဝိညာဉ်ရေးအရခွန်အားရှိစေ၍ မေတ္တာရှိ၍ ကောင်းသောအကျင့်ကိုကျင့်စေရန် တိုက်တွန်းနှိုးဆော်ဖို့စီစဉ်ထားသော ဤအခါထူးများအတွက် ကျေးဇူးတင်ကြောင်းတင်ပြကြပါစို့။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

၁၄။ ခရစ်ယာန်အကြီးအကဲများ၏ ကြိုးပမ်းမှုများမှ ကျွန်ုပ်တို့အဘယ်အကျိုးကျေးဇူးရရှိကြသနည်း။

၁၄ ခရစ်ယာန်အကြီးအကဲများသည် ဝိညာဉ်ရေးထောက်မအားပေးမှုကိုပေးကြသည်။ (၁ ပေတရု ၅:၂၊ ၃) ပေါလုသည် မျက်မှောက်ခေတ် နယ်လှည့်ကြီးကြပ်မှူးများကဲ့သို့ သူအမှုထမ်းခဲ့သောအသင်းတော်များကို ထောက်မပေးပြီး အားပေးခဲ့သည်။ အမှန်မှာ အပြန်အလှန်အားပေးတည်ဆောက်နိုင်ဖို့ ယုံကြည်သူချင်းများနှင့်အတူရှိရန် သူတမ်းတခဲ့သည်။ (တမန်တော် ၁၄:၁၉-၂၂; ရောမ ၁:၁၁၊ ၁၂) ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရခွန်အားရှိစေရာ၌ ကြီးမားသောအပိုင်းကဏ္ဍမှပါဝင်ကြသော ကျွန်ုပ်တို့၏ဒေသခံအကြီးအကဲများနှင့် အခြားခရစ်ယာန်ကြီးကြပ်မှူးများကို ကျေးဇူးတင်လေးမြတ်ကြောင်း အစဉ်တင်ပြနိုင်ပါစေ။

၁၅။ ကျွန်ုပ်တို့၏အသင်းတော်ထဲမှ ယုံကြည်သူချင်းတို့သည် ‘ခွန်အားရှိစေသောအထောက်အကူ’ ဖြစ်ကြောင်း မည်သို့သက်သေထူကြသနည်း။

၁၅ ကျွန်ုပ်တို့၏အသင်းတော်အဖြစ်ဖွဲ့စည်းထားသော ယုံကြည်သူချင်းများသည် ‘ခွန်အားရှိစေသောအထောက်အကူ’ ဖြစ်နိုင်သည်။ (ကောလောသဲ ၄:၁၀၊ ၁၁) ‘အဆွေခင်ပွန်းစစ်များ’ အနေနှင့် သူတို့သည် ကျွန်ုပ်တို့စိတ်သောကရောက်နေချိန်များ၌ ထောက်ကူပေးနိုင်သည်။ (သု. ၁၇:၁၇) ဥပမာ၊ ၁၉၄၅ ခုတွင် နာဇီစောင့်ကြပ်မှုအောက် ဆတ်ဆင်ဟောဆင်ချွေးတပ်စခန်းမှ ဘုရားသခင့်ကျေးကျွန် ၂၂၀ ဦးတို့ကို ထွက်ခွာစေသောအခါ သူတို့သည်မိုင် ၁၂၀ ခရီးကိုနှင်ခဲ့ရကြသည်။ အုပ်စုဖြင့်သူတို့ခရီးထွက်ခဲ့ကြပြီး အားပိုရှိသူတို့က အားအနည်းဆုံးသူတို့ကို လှည်းကလေးများပေါ်တင်ကာ ဆွဲခေါ်ခဲ့ကြသည်။ အကျိုးဆက်ကော။ ချွေးတပ်စခန်းအကျဉ်းသား ၁၀,၀၀၀ ကျော်တို့၏အသက်ကိုနုတ်ယူခဲ့သော မရဏခရီးစဉ်တွင် ယေဟောဝါသက်သေတစ်ဦးမျှ မသေဆုံးခဲ့ကြပါ။ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ်နှင့် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်အပါအဝင် ကင်းမျှော်စင်စာပေများ၌တွေ့ရသော ယင်းသို့သောမှတ်တမ်းများက ဘုရားသခင်သည် မိမိ၏လူမျိုးတော်အရှုံးမပေးစေဖို့ သူတို့ကိုခွန်အားပေးတော်မူကြောင်း သက်သေထူသည်။—ဂလာတိ ၆:၉။b

ကျွန်ုပ်တို့၏လယ်ကွင်းအမှုဆောင်ခြင်းဖြင့် ခွန်အားရရှိကြ

၁၆။ အမှုဆောင်ခြင်းတွင် မှန်မှန်ပါဝင်ခြင်းက ကျွန်ုပ်တို့ကိုဝိညာဉ်ရေးအရ မည်သို့ခွန်အားရှိစေနိုင်သနည်း။

၁၆ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ခြင်းက ကျွန်ုပ်တို့ကိုဝိညာဉ်ရေးအရ ခွန်အားရှိစေသည်။ ထိုသို့သောလုပ်ဆောင်မှုက ဘုရားသခင့်နိုင်ငံတော်အပေါ် အာရုံစူးစိုက်ရန်နှင့် ထာဝရကာလနှင့် ယင်း၏ကောင်းမြတ်သောအလားအလာများကိုရှုမျှော်နေစေဖို့ ထောက်ကူပေးသည်။ (ယုဒ ၂၀၊ ၂၁) ကျွန်ုပ်တို့၏အမှုဆောင်ခြင်း၌ဟောပြောသော ကျမ်းစာကတိတော်များသည် ကျွန်ုပ်တို့ကိုမျှော်လင့်ချက်ပေးပြီး “ငါတို့မူကား ကိုယ်ဆိုင်သောဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက်ကျင့်နေကြမည်” ဟုဆိုခဲ့သော ပရောဖက်မိက္ခာကဲ့သို့ ကျွန်ုပ်တို့ကိုသန္နိဋ္ဌာန်ချစေနိုင်သည်။—မိက္ခာ ၄:၅။

၁၇။ အိမ်တွင်းကျမ်းစာသင်အံမှုများနှင့်စပ်လျဉ်း၍ အဘယ်အကြံပြုချက်များပေးထားသနည်း။

၁၇ အခြားသူတို့ကိုသွန်သင်ပေးရာ၌ ကျမ်းစာကို များများအသုံးပြုသည်နှင့်အမျှ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆက်ဆံရေးခိုင်ခံ့လာသည်။ ဥပမာ၊ ထာဝရအသက်ကိုရစေသော အသိပညာစာအုပ်အကူအညီဖြင့် အိမ်တွင်းကျမ်းစာသင်အံမှုများကို ကျင်းပစဉ် ကိုးကားထားသောကျမ်းချက်အတော်များများကို ဖတ်ရှုပြီးဆွေးနွေးခြင်းသည် ပညာရှိရာရောက်၏။ ၎င်းက သင်သားကိုထောက်ကူပေးပြီး ကျွန်ုပ်တို့ကိုယ်တိုင်၏ ဝိညာဉ်ရေးရာနားလည်နိုင်စွမ်းကို တိုးတက်စေသည်။ သင်သားတစ်ဦးသည် ကျမ်းစာအယူအဆ သို့မဟုတ် ရှင်းပြချက်တစ်ခုကို နားလည်ဖို့အခက်တွေ့နေလျှင် အသိပညာစာအုပ်မှအခန်းတစ်ခန်းကို သင်အံမှုအပိုင်းတစ်ခုထက်မကပြုလုပ်နိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံချဉ်းကပ်လာဖို့ အခြားသူများအားကူညီပေးရန် ကောင်းစွာပြင်ဆင်၍ ပိုမိုအားထုတ်ရခြင်းကို တကယ်ဝမ်းသာကြ၏!

၁၈။ အသိပညာစာအုပ်ကို မည်သို့ထိရောက်စွာအသုံးပြုလျက်ရှိကြောင်း သာဓကပေးရှင်းပြပါ။

၁၈ ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များဖြစ်လာဖို့ ထောင်နှင့်ချီသောသူတို့ကိုကူညီပေးရန် အသိပညာစာအုပ်ကို နှစ်စဉ်ထိရောက်စွာအသုံးပြုလျက်ရှိသည်၊ ထိုသူတို့တွင် ကျမ်းစာနောက်ကြောင်းမသိသူများစွာပါဝင်သည်။ ဥပမာ၊ သီရိလင်္ကာမှ ဟိန္ဒူအမျိုးသားတစ်ဦးသည် သက်သေခံတစ်ဦးက ပရဒိသုအကြောင်းပြောသည်ကို ကလေးဘဝ၌ အမှတ်တမဲ့ကြားခဲ့ရသည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူသည်ထိုအမျိုးသမီးထံချဉ်းကပ်ခဲ့ပြီး မကြာမီ ထိုအမျိုးသမီး၏လင်ယောက်ျားသည် သူနှင့်ကျမ်းစာသင်အံမှုစခဲ့သည်။ အမှန်မှာ လူရွယ်သည် နေ့စဉ်လာသင်ခဲ့ရာ အသိပညာစာအုပ်ကို အချိန်တိုအတွင်း ပြီးဆုံးသွားခဲ့သည်။ အစည်းအဝေးအားလုံးကို သူစတက်ခဲ့ပြီး သူ၏ယခင်ဘာသာမှစွန့်ခွာကာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူတစ်ဦးဖြစ်လာခဲ့သည်။ နှစ်ခြင်းခံသောအခါ သူသည် ပုဂ္ဂိုလ်ရေးအရသိကျွမ်းသူတစ်ဦးနှင့် အိမ်တွင်းကျမ်းစာသင်အံမှုပြုနေပြီ။

၁၉။ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးရှာနေကြစဉ် အဘယ်အရာကို ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။

၁၉ ဘုရားသခင့်နိုင်ငံတော်ကိုရှေးဦးရှာခြင်းက အားတက်စေသောရွှင်လန်းမှုကို ဖြစ်စေသည်။ (မဿဲ ၆:၃၃) စမ်းသပ်မှုအမျိုးမျိုးကို ကျွန်ုပ်တို့ကြုံတွေ့ရသော်လည်း သတင်းကောင်းကို ပျော်ရွှင်စွာနှင့် ထက်သန်စွာဆက်ကြေညာကြသည်။ (တိတု ၂:၁၄) ကျွန်ုပ်တို့အများစုမှာ အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းအတွက် တောင်းဆိုချက်များကို ဖြည့်ဆည်းနေကြပြီး အချို့တို့မူ သတင်းကောင်းဟောပြောသူများ ပို၍လိုအပ်သောနေရာများတွင် အမှုထမ်းနေကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ၎င်းနည်းများဖြင့်ဖြစ်စေ၊ အခြားနည်းများဖြင့်ဖြစ်စေ ပျော်ရွှင်စွာမြှင့်တင်လျှင် ယေဟောဝါသည် ကျွန်ုပ်တို့၏အလုပ်နှင့် ကိုယ်တော်၏နာမကိုထောက်၍ ပြသောမေတ္တာကို မေ့လျော့မည်မဟုတ်ကြောင်း ယုံကြည်စိတ်ချကြပါသည်။—ဟေဗြဲ ၆:၁၀-၁၂။

ယေဟောဝါ၏အစွမ်းခွန်အားဖြင့် ဆက်လုပ်ဆောင်

၂၀။ ခွန်အားအတွက် ယေဟောဝါကိုမျှော်ကိုးကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြနိုင်ကြသနည်း။

၂၀ ယေဟောဝါကို ကျွန်ုပ်တို့မျှော်လင့်ကြောင်းနှင့် ခွန်အားအတွက် ကိုယ်တော်ကိုမျှော်ကိုးကြောင်း စိတ်ရောကိုယ်ပါတင်ပြကြပါစို့။ ကျွန်ုပ်တို့သည် ‘သစ္စာရှိကျွန်’ မှတစ်ဆင့် ကိုယ်တော်စီမံပေးသော ဝိညာဉ်ရေးရာပြင်ဆင်ပေးမှုများကို အပြည့်အဝအကျိုးဖြစ်ထွန်းအောင် အသုံးပြုခြင်းဖြင့် ထိုသို့ပြုနိုင်ကြသည်။ (မဿဲ ၂၄:၄၅) ခရစ်ယာန်စာပေစာတမ်းများအကူအညီဖြင့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ပိုင်နှင့် အသင်းတော်လိုက်လေ့လာခြင်း၊ နှလုံးပါသောဆုတောင်းချက်၊ အကြီးအကဲများ၏ ဝိညာဉ်ရေးရာထောက်မမှု၊ သစ္စာရှိယုံကြည်သူချင်းတို့၏ ကောင်းသောပုံသက်သေများနှင့် အမှုဆောင်ခြင်း၌ မှန်မှန်ပါဝင်ခြင်းတို့သည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခွန်အားရှိစေပြီး ကိုယ်တော်၏မြင့်မြတ်သောလုပ်ငန်းတော်ကို ဆက်လုပ်ဆောင်ရန် ခွန်အားရှိစေသည့် ပြင်ဆင်ပေးချက်များတွင်ပါဝင်သည်။

၂၁။ ဘုရားသခင်ပေးသည့် အစွမ်းခွန်အားလိုအပ်ကြောင်း တမန်တော်ပေတရုနှင့် ပေါလုတို့က မည်သို့ဖော်ပြခဲ့ကြသနည်း။

၂၁ ကျွန်ုပ်တို့၌ လူ့အားနည်းချက်များရှိသော်ငြားလည်း အကူအညီအတွက် ယေဟောဝါကို အားကိုးမည်ဆိုလျှင် ကိုယ်တော့်အလိုတော်ကိုဆောင်ရန် ကျွန်ုပ်တို့ကိုခွန်အားရှိစေပါလိမ့်မည်။ ထိုသို့သောအကူအညီလိုအပ်ကြောင်းသိရှိလျက် တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “အမှုတော်ဆောင်ရွက်သူသည် ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိနှင့်လည်းကောင်း ပြုစေ။” (၁ ပေတရု ၄:၁၁၊ သမ) “ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော [ဆင်းရဲ] ဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည်အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏” ဟုဆိုသောအခါ ပေါလုသည် ဘုရားသခင်ပေးသည့် အစွမ်းခွန်အားအပေါ် အားကိုးကြောင်း တင်ပြခဲ့သည်။ (၂ ကောရိန္သု ၁၂:၁၀) အလားတူခိုင်မာသောယုံကြည်မှုကိုတင်ပြကာ မောပန်းသူတို့အား ခွန်အားကိုပေးတော်မူသည့် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားအောင်စွမ်းဆောင်နိုင်ကြပါစေ။—ဟေရှာယ ၁၂:၂။

[အောက်ခြေမှတ်ချက်များ]

a ဤအရေအတွက်မှာ ယူ.အက်စ်. ရေတွက်နည်းအရ ၁ နောက်တွင် သုည ၂၀ ပါသည့်ဂဏန်းဖြစ်သည်။

b နယူးယောက်၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါ၏လူမျိုးတော်သည် သာမန်တန်ခိုးထက်မက အဘယ်ကြောင့်လိုအပ်သနည်း။

• ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို ခွန်အားပေးကြောင်း အဘယ်ကျမ်းဆိုင်ရာသက်သေရှိသနည်း။

• ကျွန်ုပ်တို့ကိုခွန်အားပေးဖို့ ယေဟောဝါစီမံထားသော ဝိညာဉ်ရေးရာပြင်ဆင်ပေးချက်အချို့ကား အဘယ်နည်း။

• အစွမ်းခွန်အားအတွက် ဘုရားသခင်ကိုကျွန်ုပ်တို့မျှော်ကိုးကြောင်း မည်သို့တင်ပြနိုင်ကြသနည်း။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အခြားသူများကိုသွန်သင်ပေးဖို့ ကျမ်းစာကိုကျွန်ုပ်တို့အသုံးပြုသည်နှင့်အမျှ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆက်ဆံရေးခိုင်ခံ့လာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ