နန်းတော်စောင့်တပ်သားတွေ သတင်းကောင်းကြားရ
အချိန်ကတော့ အေဒီ ၅၉ ခုနှစ်ဖြစ်တယ်။ ရောမတပ်မှူးယုလိနဲ့ ခရီးပန်းနေတဲ့ စစ်သားတွေဟာ အကျဉ်းသားတွေကို စောင့်ကြပ်ပြီး ရောမမြို့ထဲ ဝင်လာကြတယ်။ သူတို့ဟာ ပေါ်တာ ကာပေနာဂိတ်ကနေ ဝင်လာကြတာဖြစ်တယ်။ သူတို့ဟာ ပါလတိုင်းကုန်းပေါ်ကနေပြီး နီရိုဘုရင်ရဲ့ နန်းတော်ကို မြင်တွေ့နိုင်တယ်၊ ဓားလက်နက်တွေ ကိုင်ဆောင်ထားတဲ့ နန်းတော်စောင့်စစ်သားတွေက ဘုရင်ကို စောင့်ရှောက်တယ်။a ရောမတပ်မှူးယုလိဟာ သူ့ရဲ့အကျဉ်းသားတွေနဲ့အတူ ရောမရင်ပြင်ကိုဖြတ်ပြီး ဗီမီနယ်လ်ကုန်းပေါ် တက်သွားကြတယ်။ အဲဒီလိုဖြတ်သွားတဲ့အခါ ရောမဘုရားတွေရဲ့ယဇ်ပလ္လင်များစွာ တည်ရှိရာ ပန်းဥယျာဉ်နဲ့ စစ်ရေးပြကွင်းကြီးတစ်ခုကိုလည်း မြင်တွေ့ကြရတယ်။
အေဒီ ၅၁ မှာတည်ဆောက်ခဲ့တဲ့ ကလောဒိမုခ်ခုံးပေါ်ကလို့ ယူဆရတဲ့ နန်းတော်စောင့်စစ်သားတွေရဲ့ရုပ်ပုံ
အကျဉ်းသားတွေထဲမှာ တမန်တော်ပေါလုလည်း ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က မုန်တိုင်းမိနေတဲ့သင်္ဘာပေါ်မှာ ကောင်းကင်တမန်တစ်ပါးက “သင်သည် ကဲသာ၏ရှေ့မှောက်သို့ ရောက်ရမည်” လို့ ပြောခဲ့တယ်။ (တ. ၂၇:၂၄) ကောင်းကင်တမန်ပြောတဲ့အတိုင်း ပေါလု တကယ်ကြုံရတော့မလား။ ရောမအင်ပါယာရဲ့မြို့တော်ကြီးကို ပေါလု ဝေ့ဝိုက်ကြည့်လိုက်တဲ့အခါ အစောပိုင်းနှစ်တွေက ဂျေရုဆလင်မြို့၊ အဲန်တိုးနီးယားရဲတိုက်မှာ ယေရှု သူ့ကိုပြောခဲ့တဲ့စကားကို ပြန်အမှတ်ရနေမှာဖြစ်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “အားယူလော့။ ငါ၏အကြောင်းကို သင်သည် ဂျေရုဆလင်မြို့၌ စေ့စေ့စပ်စပ် သက်သေခံပြီးသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရဦးမည်။”—တ. ၂၃:၁၀၊ ၁၁။
ပေါလုဟာ ကာစထရာ ပရိုင်တိုးရီးယားလို့ခေါ်တဲ့ ရောမစစ်သားတွေရဲ့ တပ်စခန်းကို ကြည့်မိမှာပဲ။ အဲဒါက မြင့်မားလှတဲ့ အနီရောင်အုတ်နံရံနဲ့ မျှော်စင်တွေရှိနဲ့ ခံတပ်ကြီးဖြစ်တယ်။ အဲဒီနေရာက နန်းတော်စောင့်တပ်သားစု ၁၂ စုနဲ့ မြင်းတပ်အပါအဝင် မြို့စောင့်ရဲတွေ နေတဲ့နေရာဖြစ်တယ်။b ဒီအဆောက်အဦက ရောမဘုရင် ဘယ်လောက် တန်ခိုးသြဇာကြီးမားတယ်ဆိုတာ လူတွေကို သတိရစေတယ်။ နန်းတော်စောင့်တပ်ဟာ ရောမအင်ပါယာရဲ့ လက်အောက်ခံနယ်မြေတွေကနေ ခေါ်လာတဲ့ အကျဉ်းသားတွေကို စောင့်ကြပ်ရတဲ့တာဝန်လည်း ရရှိထားတယ်၊ ဒါကြောင့် ယုလိက ဒီအကျဉ်းသားတွေကို တပ်စခန်းထဲ ခေါ်လာတာဖြစ်တယ်။ လပေါင်းများစွာကြာတဲ့ ဒီခရီးရှည်ကြီး ပြီးဆုံးသွားတဲ့အခါမှာတော့ အကျဉ်းသားတွေ ရောမမြို့ကို ရောက်ရှိလာပါပြီ။—တ. ၂၇:၁-၃၊ ၄၃၊ ၄၄။
“အတားအဆီးမရှိဘဲ” ပေါလုဟောပြော
ရောမကိုလာရာလမ်းတစ်လျှောက်မှာ အံ့ဩစရာတွေ ဖြစ်ပျက်ခဲ့တယ်။ ပင်လယ်မှာမုန်တိုင်းမိတဲ့အခါ သင်္ဘောကတော့ ပျက်စီးသွားမှာဖြစ်ပေမဲ့ လူအားလုံး လွတ်မြောက်မယ်လို့ ပေါလု ရူပါရုံရခဲ့တယ်။ ပေါလုဟာ အဆိပ်ရှိတဲ့မြွေကိုက်တာ ခံရပေမဲ့ အန္တရာယ်မဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာ မောလ်တာကျွန်းက လူနာတွေကို ပေါလု ကုသပေးခဲ့လို့ လူတွေက သူ့ကို ဘုရားလို့ ထင်ခဲ့ကြတယ်။ ဒီသတင်းတွေက အယူသီးတဲ့ နန်းတော်စောင့်တပ်သားတွေကြားမှာ ပျံ့နေမှာပဲ။
ပေါလုဟာ ရောမမှာရှိတဲ့ညီအစ်ကိုတွေနဲ့ တွေ့ပြီးပြီ၊ သူတို့က ပေါလုကို အပ္ပိစျေးနဲ့ သုံးဇရပ်မှာ လာတွေ့ခဲ့ကြတယ်။ (တ. ၂၈:၁၅) ပေါလုဟာ ရောမမှာ သတင်းကောင်းဟောပြောဖို့ စိတ်ပြင်းပြနေတယ်။ ဒါပေမဲ့ အခု သူက အကျဉ်းသားဖြစ်နေတယ်ဆိုတော့ ဘယ်လိုဟောမလဲ။ (ရော. ၁:၁၄၊ ၁၅) အကျဉ်းသားတွေကို နန်းတော်စောင့်တပ်ရဲ့ခေါင်းဆောင်ဆီ အရင်ခေါ်သွားမယ်လို့ တချို့က ထင်ကြတယ်။ အဲဒီအတိုင်းသာဖြစ်ခဲ့တယ်ဆိုရင် ပေါလုဟာ နန်းတော်စောင့်တပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အာဖရာညုစ် ဘူရိုစ်ဆီ ရောက်သွားမှာပဲ၊ အဲဒီပုဂ္ဂိုလ်ဟာ ဘုရင်လောက်နီးနီးကို ဩဇာအာဏာရှိသူဖြစ်တယ်။c ပေါလုကို နန်းတော်စောင့်အရာရှိတွေက မစောင့်ကြပ်ဘဲ ရိုးရိုး နန်းတော်စောင့်တပ်သားတစ်ယောက်က စောင့်ကြပ်တယ်။ ပေါလုဟာ သူနေမယ့်နေရာကို ကိုယ်တိုင်ရှာဖို့နဲ့ သူ့ရဲ့ဧည့်သည်တွေကို လက်ခံတွေ့ဆုံပြီး “အတားအဆီးမရှိ” ဟောပြောဖို့ ခွင့်ပြုချက်ရခဲ့တယ်။—တ. ၂၈:၁၆၊ ၃၀၊ ၃၁။
“အယုတ်အမြတ်မရွေး” ပေါလု သက်သေခံခဲ့
အခုအချိန်မှာ မြင်တွေ့ရတဲ့ ကာစထရာ ပရိုင်တိုးရီးယားတံတိုင်း
ပေါလု နီရိုရှေ့ မရောက်ခင်မှာ ဘူရိုစ်ဟာ တပ်သားတွေရဲ့စခန်းမှာ ဒါမှမဟုတ် နန်းတော်မှာ ပေါလုကို မေးခွန်းတွေ မေးခဲ့မှာဖြစ်တယ်။ ပေါလုဟာ အဲဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ “အယုတ်အမြတ်မရွေး” ဟောပြောခဲ့မှာပဲ။ (တ. ၂၆:၁၉-၂၃) ပေါလုအပြစ်ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး ဘူရိုစ် ဘယ်လိုယူဆခဲ့တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ မသိရဘူး၊ ဒါပေမဲ့ ပေါလုကို နန်းတော်စောင့်တပ်သားတွေရဲ့ စခန်းမှာရှိတဲ့ အကျဉ်းထောင်ထဲတော့ မပို့ခဲ့ဘူး။d
ပေါလုဟာ ဂျူးခေါင်းဆောင်တွေနဲ့ တခြားသူတွေကို သူ့အိမ်ကိုဖိတ်ခေါ်ပြီး သက်သေခံခဲ့တယ်။ နန်းတော်စောင့်တပ်သားတွေလည်း သက်သေခံတာကို ကြားခဲ့ကြတယ်။ “နံနက်အချိန်မှ ညနေအချိန်တိုင်အောင်” ယေရှုနဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ပေါလု စေ့စေ့စပ်စပ်သက်သေခံတာကို သူတို့ကြားခဲ့ကြတယ်။—တ. ၂၈:၁၇၊ ၂၃။
ရေးရမယ့်အကြောင်းတွေကို ပေါလုပြောပြနေတာကို စစ်သားတွေ ကြားခဲ့ကြ
နန်းတော်စောင့်တပ်သားတွေဟာ နေ့တိုင်း နန်းတော်ကို ရှစ်နာရီကြာ အလှည့်ကျစောင့်ကြတယ်။ ပေါလုကိုလည်း တပ်သားတွေ နေ့တိုင်း အလှည့်ကျ စောင့်ကြမှာဖြစ်တယ်။ ဒါကြောင့် အစောင့်တပ်သားများစွာဟာ ပေါလု သက်သေခံတာကို ကြားရကြတယ်။ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲနဲ့ ဟေဗြဲခရစ်ယာန်တွေဆီ စာရေးတုန်းက ရေးရမယ့်အကြောင်းအရာတွေကို ပေါလု ပြောပြနေတာနဲ့ ဖိလေမုန်အမည်ရှိတဲ့ ခရစ်ယာန်တစ်ယောက်ဆီ စာရေးတာတွေကို စစ်သားတွေ မြင်ရ၊ ကြားရမှာပဲ။ ပေါလုထောင်ကျနေစဉ်အတွင်းမှာ ဩနေသိမ်လို့ခေါ်တဲ့ ထွက်ပြေးလာတဲ့ကျွန်တစ်ယောက်ကို ကူညီပေးခဲ့တယ်။ ဩနေသိမ်ဟာ ပေါလုအတွက် သားတစ်ယောက်လိုဖြစ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ကို သူ့သခင်ဆီ ပြန်ပို့လိုက်တယ်။ (ဖိလေ. ၁၀) ပေါလုဟာ သူ့ကိုစောင့်ကြပ်တဲ့ စစ်သားတွေကိုလည်း စိတ်ဝင်စားမှု ပြခဲ့မှာပဲ။ (၁ ကော. ၉:၂၂) ဥပမာ၊ ပေါလုဟာ စစ်သားဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာတစ်ခုချင်းစီအကြောင်း စစ်သားနဲ့ ပြောဆိုခဲ့မှာဖြစ်တယ်၊ အဲဒီနောက် သူသိလာတဲ့အချက်တွေကို ပုံဆောင်ချက်တစ်ခုအဖြစ် အသုံးပြုခဲ့တယ်။—ဧ. ၆:၁၃-၁၇။
‘ဘုရားသခင်၏ တရားစကားတော်ကို ကြောက်ရွံ့ခြင်းမရှိဘဲဟောပြော’
ပေါလုထောင်ချခံရတဲ့အတွက် နန်းတော်စောင့်တပ် တစ်တပ်လုံးနဲ့ တခြားသူတွေကြားမှာ သတင်းကောင်း တိုးပွားပျံ့နှံ့ခဲ့တယ်။ (ဖိ. ၁:၁၂၊ ၁၃) နန်းတော်စောင့်တပ်မှာနေထိုင်သူတွေက ရောမအင်ပါယာတစ်ခွင်မှာရှိသူတွေ၊ ဘုရင်အပါအဝင် နန်းတော်မှာရှိသူတွေနဲ့ အဆက်အသွယ်ရှိကြတယ်။ အဲဒီထဲကတချို့ဟာ ခရစ်ယာန်တွေဖြစ်လာကြတယ်။ (ဖိ. ၄:၂၂) ပေါလုရဲ့စံနမူနာက ရောမမှာရှိတဲ့ညီအစ်ကိုတွေကို ‘ဘုရားသခင်၏ တရားစကားတော်ကို ကြောက်ရွံ့ခြင်းမရှိဘဲဟောပြော’ ဖို့ အားပေးမှုဖြစ်စေခဲ့တယ်။—ဖိ. ၁:၁၄။
ကျွန်ုပ်တို့ရဲ့အခြေအနေက ဘယ်လိုပဲရှိပါစေ တွေ့တဲ့သူတိုင်းကို ဟောပြောနိုင်
ပေါလုရဲ့စံနမူနာက အခြေအနေကောင်းတဲ့အခါဖြစ်စေ၊ မကောင်းတဲ့အခါဖြစ်စေ သတင်းကောင်းကိုဟောပြောဖို့ ကျွန်ုပ်တို့အတွက်လည်း အားပေးမှုဖြစ်စေတယ်။ (၂ တိ. ၄:၂) ဥပမာ၊ ကျွန်ုပ်တို့ဟာ ပြုစုစောင့်ရှောက်ရေးဂေဟာ ရောက်နေတာ၊ ဆေးရုံတက်နေတာ ဒါမှမဟုတ် ခရစ်ယာန်ယုံကြည်ချက်ကြောင့် ထောင်ကျနေတာ ဖြစ်နိုင်တယ်။ ကျွန်ုပ်တို့ရဲ့အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ တွေ့တဲ့သူတိုင်းကို ဟောပြောနိုင်တယ်။ ကျွန်ုပ်တို့ကို ကြည့်ရှုစောင့်ရှောက်ရသူ၊ ဒါမှမဟုတ် ကျွန်ုပ်တို့အတွက် အလုပ်တစ်ခုခု လာလုပ်ပေးသူတွေကို သက်သေခံနိုင်တယ်။ အခွင့်အရေးရတဲ့အခါတိုင်းမှာ သတ္တိရှိရှိ ဟောပြောတာက ဘုရားသခင့်တရားစကားတော်ကို ဘယ်အရာကမှ မချုပ်နှောင်နိုင်ဘူးဆိုတာ ဖော်ပြတာပဲ။—၂ တိ. ၂:၈၊ ၉။
a “နီရိုခေတ်ကနန်းတော်စောင့်တပ်” လေးထောင့်ကွက်ကိုကြည့်ပါ။
b ရောမနန်းတော်စောင့်တပ်စုတစ်စုမှာ တပ်သား ၁,၀၀၀ အထိရှိတယ်။
c “ဆက်စ်တပ်စ် အာဖရာညုစ် ဘူရိုစ်” လေးထောင့်ကွက်ကိုကြည့်ပါ။