သတင်းကောင်းဝေငှခြင်း—ထိုးထွင်းဉာဏ်ဖြင့်
၁ မှုတ်သွင်းခံသုတ္တံစကားတစ်ခွန်းက ထိုးထွင်း “ဉာဏ်ကိုစွဲလမ်းသောသူသည် ကောင်းကျိုးကိုခံတတ်၏” ဟုဆိုသည်။ (သု၊ ၁၉:၈) ဤပညာရှိစကားများမှန်ကန်ကြောင်း ကျွန်ုပ်တို့ဟောပြောခြင်းလုပ်ငန်းတွင် မကြာခဏတွေ့ရှိခဲ့ပြီ။ ဥပမာ၊ ထိုးထွင်းဉာဏ်နှင့်လိမ္မာပါးနပ်မှုအသုံးပြုခြင်းအားဖြင့် ဆက်မဟောပြောဖြစ်ရန် ပြောဆိုကြသည့်စကားကိုပင်ယူပြီး ထပ်ဆင့်သက်သေခံခွင့်ရှာယူသူ ကြေညာသူများစွာရှိသည်။ သို့မဟုတ် အနည်းဆုံးတော့ နောင်တစ်ကြိမ်သက်သေခံနိုင်ရန် လမ်းစဖွင့်ပေးနိုင်ခဲ့သည်။ ယင်းကိုမည်သို့ပြုနိုင်ပါသနည်း။
ဆက်မပြောရန် ပိတ်ပင်စကားများကိုကိုင်တွယ်ခြင်း
၂ မကြာခဏ “ကျွန်ုပ်အလုပ်များတယ်” ဟုပြောသူများနှင့်တွေ့ဆုံတတ်ကြသည်။ အိမ်ရှင်သည်အမှန်အလုပ်များနေသလော။ သို့မဟုတ် စကားမရှည်စေလို၍ ပြောလိုက်ရုံဖြစ်သလော။ ထိုးထွင်းဉာဏ်လိုပါသည်။ တကယ်အလုပ်များပုံမရှိလျှင် ဤပိတ်ပင်စကားကို ဤနည်းဖြင့်ပြန်ချေပနိုင်ပေမည်။ “ဒီလိုဆိုရင် လိုရင်းဘဲပြောပါရစေ။” ထိုနောက် လိုရင်းကိုသာပြောမည်ဟု သဘောတူညီချက်ကိုသတိရကာ တင်ပြပြောဆိုလိုသည့်စကားကို အတိုချုပ်တင်ပြနိုင်သည်။ စာနာမှုရှိခြင်းနှင့်စိတ်ဝင်စားမှုနှိုးဆွသောစကားများကြောင့် ထိုအချိန်တွင်ပင် ဆက်လက်စကားပြောဆိုလိုကြောင်း အိမ်ရှင်ကတစ်နည်းနည်းဖြင့်တင်ပြမည်။
၃ သင်တွေ့ဆုံသူသည် တကယ်အလုပ်များနေမည်ဆိုလျှင်ကော။ လွယ်လွယ်နှင့်ဖယ်ထုတ်မခံလိုသော်လည်း အတင်းအဓမ္မအကြပ်ကိုင်ပုံဖြင့် ကျွန်ုပ်တို့ပြုမူလျှင် သူတို့နှစ်ခြိုက်စရာရှိမည်မဟုတ်ပါ။ အိမ်ရှင်မသည် ချက်ပြုတ်နေဆဲ တံခါးလာဖွင့်ပေးသည်ကိုမြင်လျှင် သူမတကယ်အလုပ်များနေကြောင်း သိနိုင်သည်။ ထိုအခါ ထိုးထွင်းဉာဏ်နှင့်ပြုမူဆုံးဖြတ်ရန်လိုသည်။ ယင်းအချိန်အခါမျိုးတွင် ဆက်စကားပြောဆိုနေပါက စာနာမှုပြရာမကျ။ အိမ်ရှင်မအား ဝေစာတစ်စောင်ပေးထားပြီး နောက်မှပြန်လာမည်ဟုပြောလျှင် ပို၍မကောင်းပေလော။ သို့ပြုက အိမ်ရှင်စွဲမှတ်စရာဖြစ်ပြီး နောင်တစ်ကြိမ်သက်သေခံတစ်ဦးလည်ပတ်လာလျှင် သက်သေခံရန်အခွင့်ကောင်းရရှိစေမည်။
အိမ်ရှင်၏စိတ်သဘောအတိုင်း တုံ့ပြန်ခြင်း
၄ တစ်ခါတစ်ရံ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုဆောင်ချိန်တွင် ဘောက်ဆတ်ဆတ်စကားပြောဆိုသူများနှင့်တွေ့ဆုံတတ်သည်။ ဤအချိန်မျိုးတွင် မည်သို့ပြုမည်နည်း။ သုတ္တံ ၁၇:၂၇ ကဤသို့မှာကြားသည်။ ထိုးထွင်း “ဉာဏ် . . . ရှိသောသူသည် ဧသောစိတ်ရှိတတ်၏။” အလွန်ကောင်းသောအကြံပေးချက်ပါတကား။ ဤကဲ့သို့သောသူအား နူးညံ့သောအသံထားက အများအားဖြင့် သက်တောင့်သက်သာရှိစေသည်။ ထို့ပြင် သူနှင့်ပတ်သက်နေသည့်အကြောင်းတစ်ခုကို သူမည်သို့သဘောထားကြောင်း လိမ္မာပါးနပ်စွာတင်ပြစေမည်ဆိုလျှင် အတိုက်အခံပြုလိုစိတ် လျော့ပေါ့သွားမည်။ စကားဖြတ်ပစ်ဦးတော့ ကျွန်ုပ်တို့၏နူးညံ့သောတုံ့ပြန်မှုက ယေဟောဝါသက်သေများ၏လုပ်ငန်းကို အထင်အမြင်ပိုကောင်းစေမည်။ ယင်းက အမှန်အကျိုးပြုသည်။ သို့သော် အိမ်ရှင်စိတ်ဆိုးလာမည်ဆိုလျှင် အေးအေးဆေးဆေးထွက်ခွာသွားပြီး နောက်တစ်ကြိမ်သူ့အားသက်သေခံနိုင်ရန် ကြိုးစားနိုင်ပေမည်။
၅ ထို့ပြင် အငြင်းအခုံပြုတတ်သော်လည်း စိတ်ရင်းမှန်သောသူများရှိပါသည်။ ဤအခြေအနေမျိုးတွင် သူတို့နှင့်ဆက်စကားပြောဆိုရန် အတော်ပင်စိတ်ရှည်မှုပြရန်လိုပေမည်။ သို့သော် ထိုးထွင်းဉာဏ်ရှိမည်ဆိုလျှင် ဆန့်ကျင်သောသဘောရှိရုံဖြင့် အိမ်ရှင်စိတ်မဝင်စားပါဟူ၍ သဘောမထားသင့်ပါ။ အဘယ်ကြောင့်ထိုသို့သူယုံကြည်ရကြောင်း လိမ္မာပါးနပ်စွာမေးမြန်းပြီး ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ကျမ်းစာမည်သို့ဆိုထားကြောင်း ရှင်းပြပေးနိုင်မည်။ (သု၊ ၂၀:၅) သူ၏တုံ့ပြန်ပုံအရ ဆက်စကားပြောဆိုလျှင် အကျိုးရှိမရှိ ဆုံးဖြတ်နိုင်မည်။
၆ အချိန်နှင့်အခြေအနေကြောင့် နိုင်ငံတော်သတင်းကို အိမ်ရှင်တစ်ဦးလက်ခံပုံကို ပြောင်းလဲစေနိုင်ကြောင်း ထိုးထွင်းဉာဏ်ရှိသောကြေညာသူသိရှိသည်။ နောင်တစ်ကြိမ် လည်ပတ်သည့်အခါ အိမ်ရှင်၏စိတ်ထား ထူးခြားနိုင်ပေသည်။ နောက်ဆုံးအကြိမ် အိမ်ရှင်တုံ့ပြန်ပုံကိုသတိရကာ ထိုသို့ပင်ပြုမူလိမ့်မည်ဟူ၍ မယူမှတ်ရန် သတိပြုရမည်။
၇ ဆက်စကားပြောဆိုသင့်မသင့် ဆုံးဖြတ်ခြင်းသည် မလွယ်ကူလှပေ။ သို့ဖြစ်စေကာမူ ကျွန်ုပ်တို့၏ကြိုးပမ်းမှုများကို ယေဟောဝါကောင်းချီးပေးရန် ဆုတောင်း၍ မိမိ၏သွန်သင်နည်းတိုးတက်စေကာ သတင်းကောင်းကို ထိုးထွင်းဉာဏ်ဖြင့်တင်ပြရာတွင် ပိုမိုထိရောက်လာနိုင်ပါသည်။—၁ ကော၊ ၃:၆။ တိ၊ ၁:၉။