ဤအမှုဆောင်နှစ်အတွင်း ကျွန်ုပ်တို့ဘာဆောင်ရွက်ကြမည်နည်း
၁ ၁၉၉၄၊ စက်တင်ဘာ ၁ ရက် လုပ်ငန်းတော်နှစ်စသည်နှင့် ဤအမှုဆောင်နှစ်သစ်အတွင်း ယေဟောဝါလူမျိုးအနေနှင့် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း ကျွန်ုပ်တို့အဘယ်အမှုကို ဆောင်ရွက်လိုကြကြောင်း ယခုအတည်ပြုကြရန် လျောက်ပတ်သောအချိန်ဖြစ်သည်။
၂ဝိညာဉ်ရေးအရ ကြီးထွားနေ: သမ္မာတရားကို သိကျွမ်းခါစဖြစ်မည်ဆိုလျှင် ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံလိုသင့်သည်။ (ဟေဗြဲ ၆:၁-၃) ဝိညာဉ်ရေးသန်မာနေပြီးသားသူဖြစ်မည်ဆိုလျှင် လူသစ်များနှင့် အခြားသူများကို ကူညီပေးသင့်သည်သာမက မိမိ၏ဝိညာဉ်ရေးကိုလည်း ဂရုစိုက်သင့်သည်။ လိုအပ်သည့် ကျမ်းစာအသိပညာနှင့် ခရစ်ယာန်အသက်တာဘဝအတွက် အတွေ့အကြုံအလုံအလောက်ရှိပြီဟု ဘယ်သောအခါမျှ မယူမှတ်သင့်ပါ။ နေ့စဉ်ကျမ်းချက်ကို သုံးသပ်ကြသလော။ သီအိုကရက်တစ် ဓမ္မအမှုကျောင်း အစီအစဉ်တွင် တင်ပြထားသည့် ကျမ်းပိုဒ်ဖတ်ရှုခြင်းအစီအစဉ်ကို မီအောင်လိုက်ပါသလော။ အသင်းတော်စာအုပ်ကြီးသင်တန်းနှင့် ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်ပါသလော။ အနည်းဆုံး ယင်းတို့ကိုပြုရန် ကျွန်ုပ်တို့အားလုံး ပန်းတိုင်ထားသင့်သည်။ ဤဆိုးသွမ်းသောအစီအစဉ် ပျက်စီးသွားသည့်အခါ ကပ်ကျော်ပြီး ဘုရားသခင့်ကမ္ဘာသစ်ထဲ ဝင်လိုလျှင် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ ဆက်ကြီးထွားနေရမည်။—ဖိလိပ္ပိ ၃:၁၂-၁၆ နှိုင်းယှဉ်။
၃ ဝိညာဉ်ရေးဘက် သန့်ရှင်းနေ: ယေဟောဝါရှေ့မှောက် လုံးလုံးလက်ခံနိုင်သူဖြစ်ခြင်းငှာ “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့်” ကင်းစင်ရမည်။ (၂ ကော၊ ၇:၁) တစ်ကြိမ်သန့်စင်ခံရပြီးနောက်မှ ဤဆိုးသွမ်းသောကမ္ဘာဟောင်း၏ ‘ရွှံ့တွင်’ အဘယ်ကြောင့်ပြန်လူးလိုမည်နည်း။ (၂ ပေတရု ၂:၂၂ နှိုင်းယှဉ်။) ထိုအခါ စာတန့်ဉာဏ်နီဉာဏ်နက်တို့ကို မသိရှိသည့်အတွက် ရှုံးနိမ့်ကာ ပြစ်မှားမိ၍ ယေဟောဝါ၏မျက်နှာသာတော်မရဘဲ ရှိလိမ့်မည်မဟုတ်ပါ။ ဝိညာဉ်ရေးဘက်သန်မာပြီး သန့်ရှင်းနေရန် ယတိပြတ်ဆုံးဖြတ်ရမည်။ အပြစ်တွင်းသို့သက်ဆင်းပြီး ဘုရားမျက်နှာသာဆုံးရှုံးစေမည့် စာတန်၏ဘေးသင့်စေသော အကြံအစည်များနှင့် လက်လှမ်းမီမှုများကို အမှုမဲ့အမှတ်မဲ့ထားမည်မဟုတ်ပါ။—၂ ကော၊ ၂:၁၁။
၄ ပညာရှိသြဝါဒကို လိုက်နာ: သုတ္တံ ၁၅:၂၂ ညွှန်းသည်ကား: “တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏” ဖြစ်၏။ ထိုစကားများကိုမြွက်ဆိုခဲ့သူ ရှောလမုန်သည် တစ်ပါးအမျိုးသားမိန်းမများကိုမယူရဟူသည့် ဘုရားသခင့်သြဝါဒကို မလိုက်နာခဲ့သောကြောင့် နောင်တွင် ‘အခြားတစ်ပါးသောဘုရားနောက်သို့ လွဲသွားစေခြင်းငှာ စိတ်နှလုံးတော်ကို မိန်းမများအား သွေးဆောင်ခွင့်’ ပြုခဲ့ကြောင်းကို မမေ့ပါနှင့်။ (၃ ရာ၊ ၁၁:၁-၄) ထိုကြောင့် ပညာရှိစကားကို ကိုယ်တိုင်မလိုက်နာပါက ယေဟောဝါ၏လုပ်ငန်းတော်၌ မည်သို့ထိရောက်နိုင်မည်နည်း သို့မဟုတ် အတုယူထိုက်သောပုံသက်သေကို မည်သို့တင်ပြနိုင်မည်နည်း။ (၁ တိ၊ ၄:၁၅) ကျွန်ုပ်တို့နှလုံးကို စောင့်ရှောက်နိုင်ရန် သမ္မာကျမ်းစာသြဝါဒက အကူအညီပေးပါလိမ့်မည်။ (သု၊ ၄:၂၃) ယေဟောဝါမြတ်နိုးသည့်အရာကို မြတ်နိုးခြင်း၊ ကိုယ်တော်မုန်းတော်မူသည့်အရာကို မုန်းခြင်း၊ ကိုယ်တော့်လမ်းပြမှုကို အမြဲရှာယူခြင်း၊ ကိုယ်တော်နှစ်သက်တော်မူသည့်အရာကို ပြုလုပ်ခြင်းသည် မုချအမှန် ကာကွယ်မှုဖြစ်သည်။—သု၊ ၈:၁၃; ယော၊ ၈:၂၉; ဟေဗြဲ ၁:၉။
၅ ယေဟောဝါကို ကျွန်ုပ်တို့စက်ကဲ့သို့ ကိုးကွယ်ကြသည်မဟုတ်ပါ။ ဤလောကရှိ အမည်ခံခရစ်ယာန်များကဲ့သို့ ဘုရားဝတ်၌မွေ့လျော်ဟန်ဆောင်ကြခြင်းမဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါသည့် သမ္မာတရားနှင့်အညီ တက်ကြွလှုပ်ရှား၍ ရှင်သန်ပါသည်။—ယော၊ ၄:၂၃၊ ၂၄။
၆ ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရန် ကျွန်ုပ်တို့၏စိတ်ဆုံးဖြတ်ချက်သည် နေ့စဉ်နှင့်အမျှ စိန်ခေါ်ခံရလိမ့်မည်။ “လူပြည်အရပ်ရပ်၌ရှိသော” ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ထပ်တူစုံစမ်းခြင်းများကိုခံစားနေရကြောင်းနှင့် ယေဟောဝါရှင်သည် ကျွန်ုပ်တို့အား ခိုင်ခံ့စေလိမ့်မည်အကြောင်း သိထားခြင်းက ခွန်အားရှိစေသင့်သည်။ (၁ ပေ၊ ၅:၉၊ ၁၀) ဤနည်းဖြင့် ၁၉၉၄ လုပ်ငန်းတော်နှစ်အတွင်း ကျွန်ုပ်တို့၏ဓမ္မအမှုကို အပြည့်အဝဆောင်ရွက်နိုင်ကြပါလိမ့်မည်။—၂ တိ၊ ၄:၅။