မေးခွန်းသေတ္တာ
▪ အသင်းတော်ထံ သန္နိဋ္ဌာန်ပြုချက်များ တင်ပြရာတွင် အဘယ်အစီအစဉ်ကို လိုက်လျှောက်သင့်သနည်း။
ပစ္စည်းဥစ္စာတစ်ခု ဝယ်ယူရန်၊ နိုင်ငံတော်ခန်းမကို ပြန်ပြုပြင်မွမ်းမံခြင်း သို့မဟုတ် ဆောက်ရန်၊ အသင်းမထံ အထူးအလှူငွေများ ပို့ဆောင်ပေးရန်၊ သို့မဟုတ် တိုက်နယ်ကြီးကြပ်မှူးများ၏ ကုန်ကျစရိတ်ကို ပေးရန် အစရှိသည့် အရေးကြီးကိစ္စများကို ဆုံးဖြတ်သည့်အခါ သန္နိဋ္ဌာန်ပြုချက်လုပ်ဖို့ လိုအပ်လာပါသည်။ အသင်းတော်ရန်ပုံငွေများကို သုံးစွဲသည့်အခါတိုင်း သဘောတူညီချက်အတွက် သန္နိဋ္ဌာန်ပြုချက်ပြုလုပ်လျှင် အကောင်းဆုံးဖြစ်ပါသည်။
ခြွင်းချက်အနေဖြင့် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် တစ်ဦးချင်းလှူဒါန်းခြင်းအပြင် ထပ်၍အသင်းမထံ လစဉ် မည်ရွေ့မည်မျှလှူဒါန်းမည်ဟု အသင်းတော်က သန္နိဋ္ဌာန်တစ်ကြိမ်ချနှင့်ထားပေမည်။ ထို့ ပြင် နိုင်ငံတော်ခန်းမအတွက် အသုံးအဆောင်ပစ္စည်းများ၊ သန့်ရှင်းရေးအတွက် လိုအပ်ရာများနှင့်စပ်လျဉ်းသည့် သာမန်ကုန်ကျစရိတ်များအတွက် သန္နိဋ္ဌာန်ပြုနေစရာလိုမည်မဟုတ်ပါ။
လိုအပ်ချက်ပေါ်ပေါက်လာသည့်အခါ အကြီးအကဲအဖွဲ့သည် ယင်းကိစ္စကို စေ့ငစွာဆွေးနွေးသင့်သည်။ အလုပ်တစ်ခုခုကို ပြုလုပ်ရန်လိုကြောင်း အများသဘောတူမည်ဆိုလျှင် အသင်းတော်လုပ်ငန်းတော်ကော်မတီဝင်တစ်ဦး ဖြစ်ကောင်းဖြစ်မည့် အကြီးအကဲတစ်ဦးသည် လုပ်ငန်းတော်အစည်းအဝေးတွင် ရေးသားဖော်ပြသော သန္နိဋ္ဌာန်ပြုချက်ကိုတင်ပြပြောဆိုရန် ရေးဆွဲစီစဉ်သင့်သည်။
သဘာပတိအဖြစ် လုပ်ဆောင်သောအကြီးအကဲသည် လိုအပ်ချက်ကို တိုရှင်းလိုရင်းဖော်ပြသင့်သည်။ ယင်းကိုစီရင်ရန် အကြီးအကဲအဖွဲ့က မည်သို့သဘောတူညီထားကြောင်းကိုလည်း ရှင်းပြသင့်သည်။ ထိုနောက် ယင်းကိစ္စနှင့်ပတ်သက်၍ အသင်းတော်မေးမြန်းလိုလျှင် မေးမြန်းခွင့်ပြုပါ။ ဤကိစ္စသည် မရှင်းမလင်းဖြစ်နေမည်ဆိုလျှင် နောက်လုပ်ငန်းတော်စည်းဝေးအထိ ဆင်ခြင်သုံးသပ်ကြရန် အချိန်ပေးပြီး သဘောတူမတူ ပြန်ပြောခွင့်ပြုနိုင်ပါသည်။ သဘောတူညီချက်ကို လက်ထောင်ခြင်းအားဖြင့် တင်ပြနိုင်ကြပါသည်။
အသင်းအဖွဲ့ကိစ္စရပ်များ သို့မဟုတ် နိုင်ငံတော်ခန်းမ ချေးငွေများနှင့် ပတ်သက်သည့် ကိစ္စများကဲ့သို့သော တရားဝင်လုပ်ဆောင်ရန် လိုအပ်သည်များမှလွဲ၍ သန္နိဋ္ဌာန်ပြုချက်ကို သဘောတူမတူတင်ပြရန် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံယူပြီးသော အသင်းတော်သားများ၌ကန့်သတ်ထားသည်။ ဤတွင် အခြားအသင်းတော်များမှ အလည်အပတ်ရောက်လာသော သက်သေခံများ ပါဝင်ခြင်းသည် မသင့်တော်ပါ။
သန္နိဋ္ဌာန်ပြုချက်ကို သဘောတူညီကြပြီးနောက် ယင်းကို ရက်စွဲတပ်၊ ဆိုင်းထိုးပြီး အသင်းတော်ဖိုင်တွဲတွင် ထည့်ထားသင့်သည်။