လူငယ်များအတွက် စံနမူနာဖြစ်သူ ခရစ်တော်
၁ ကျမ်းစာကို ကြာညောင်းစွာဆွေးနွေးပြီးနောက် လူငယ်တစ်ဦးက ဤသို့ပြောသည်– “ယေရှုခရစ်ရဲ့ အားမာန်ပါတဲ့ဥပဓိရုပ်ကို ကျွန်တော်သဘောကျတယ်။ ဒီလိုခေါင်းဆောင်မျိုးကို ကျွန်တော်အားထားနိုင်တယ်။” အခြားမည်သည့် နိုင်ငံ့ခေါင်းဆောင်၊ အားကစားသမားနှင့် ဖျော်ဖြေပေးသူ မည်သူမဆိုနှင့်ပတ်သက်၍ ထိုသို့ပြောဆိုနိုင်မည်မဟုတ်ပါ။ လောကစံနှုန်းအတိုင်း ဘွင်းဘွင်းကျင့်ကြံသော ခရစ်ယာန်မဆန်သည့် ဘဝပုံစံရှိ သူတို့ကိုစစ်မှန်သောခရစ်ယာန်များက စံနမူနာအဖြစ်မရှုမြင်ကြပါ။ —ဆာ. ၁၄၆:၃၊ ၄။
၂ လူငယ်များသည် ယေရှုခရစ်တော်ကို ယုံကြည်ကြောင်းထင်ရှားပြသည့်အခါ ဘုရားသခင်၏သိုးများအဖြစ် သူတို့ကိုယ်တိုင်ဖြစ်လာပြီး ယေရှု၏အသိအမှတ်ပြုမှုကို ခံရမည်ဟု စိတ်ချနိုင်သည်။ ကောင်းသောသိုးထိန်းသည် သူတို့ကို ဂရုစိုက်တော်မူ၏။ (ယော. ၁၀:၁၄၊ ၁၅၊ ၂၇) မိမိတို့၏စံနမူနာအဖြစ် ခရစ်တော်နောက်လိုက်သော လူငယ်များသည် ကောင်းချီးခံစားရကြသည်။
၃ ယခု ဘရွတ်ကလင်ဗေသလအိမ်တွင် အမှုထမ်းနေသော ညီအစ်ကိုတစ်ဦးသည် ရှစ်နှစ်အရွယ်ကတည်းက ယင်းကို ပန်းတိုင်အဖြစ်ထားခဲ့သည်။ သူကြီးပြင်းလာသည့်အခါ ခရစ်တော်၏ပုံသက်သေကိုတုပရန် ဗေသလလုပ်ငန်းကို လက်တွေ့ကျနည်းလမ်းအဖြစ်ယူမှတ်ဖို့ တိုက်တွန်းခံရသည်။ သူ၏မိဘများနှင့် နယ်လှည့်ကြီးကြပ်မှူးများပါ ယင်းပန်းတိုင်ကို သူ့ရှေ့ထားပေးခဲ့ပါသည်။ ယင်းအတွက်အသင့်ရှိနိုင်ရန် ဗေသလမိသားစုဝင်တစ်ဦးကဲ့သို့ အပတ်တကုတ်ကြိုးစားနေထိုင်စေခြင်း၊ အိမ်လုပ်ငန်းများကို လုပ်ကိုင်စေခြင်း၊ နိုင်ငံတော်ခန်းမထိန်းသိမ်းမှုတွင် ကူညီစေခြင်း၊ ဓမ္မအမှုတွင် အရည်အချင်းတိုးတက်စေခြင်းတို့ဖြင့် အားပေးတိုက်တွန်းခဲ့ကြသည်။ ယခု ဗေသလလုပ်ငန်းကို နှစ်ချီ၍လုပ်ကိုင်ခွင့်ရရှိပြီးနောက် ငယ်စဉ်အချိန်တွင် ခရစ်တော်၏ပုံသက်သေကို သူကြိုးစားတုပခဲ့သည့်အတွက် အလွန်ကျေးဇူးတင်နေသည်။
၄ ယေရှုသည် လောကီလုပ်ငန်းတစ်ခုကို ရှာကြံမလုပ်ကိုင်ခဲ့ပါ; ဓမ္မအမှုကို သူရွေးချယ်ခဲ့သည်။ ညီအစ်မငယ်တစ်ဦးသည် ကျောင်းဆင်းပြီးနောက် ရှေ့ဆောင်လုပ်ချင်သော်လည်း သင့်တော်သော အချိန်ပိုင်းအလုပ် ရှာမတွေ့နိုင်သေးသဖြင့် ချက်ချင်းဝင်မလုပ်ခဲ့ပါ။ သူမဆက်၍စဉ်းစားနေသည်ကား– ‘အရင်ဆုံး အလုပ်ရှာလိုက်အုံးမယ်။ နောက်မှ ရှေ့ဆောင်လျှောက်လွှာဖြည့်လိုက်မယ်။’ သူမသည် ကြာရှည်စောင့်လေ အချိန်ပြည့်အလုပ်က ပိုနှစ်သက်စရာကောင်းလေဖြစ်မည်ဟု အကြီးအကဲတစ်ဦး ရှင်းပြသည်။ အကြောင်းမှာ ယင်းကိုလက်မခံဖို့ရန် သူမအတွက် အဘယ်အတားအဆီးမျှ မရှိ၍ဖြစ်သည်။ သူမက ဤသို့ပြောပြသည်– “ကျွန်မကို ဝိညာဉ်တော်အားဖြင့် လမ်းပြပေးပါလို့ ယေဟောဝါကိုဆုတောင်းတယ်။” သူမသည် ချက်ချင်း အရန်ရှေ့ဆောင်နာမည်စာရင်းသွင်းပြီး နောက်ပိုင်းတွင် မှန်မှန်ရှေ့ဆောင်ဖြစ်လာလေသည်။ ထို့နောက်များမကြာမီအချိန်တွင် သူမ၏ရှေ့ဆောင်အစီအစဉ်နှင့် ကိုက်ညီသောအလုပ်တစ်ခုကို ရရှိလေသည်။
၅ ဘုရားသခင့်နိုင်ငံတော် သတင်းတရားကို လူတိုင်းအား ယေရှု ရဲရင့်စွာကြေညာတော်မူခဲ့သည်။ (မ. ၄:၂၃) ခရစ်ယာန်လူငယ်များလည်း လူတို့၏ခြိမ်းခြောက်မှုကြောင့် မကြောက်မရွံ့ ရဲရင့်စွာဟောပြောနိုင်သည်။ ၁၄-နှစ်အရွယ်သက်သေခံတစ်ဦးက ဤသို့ပြောပြသည်– “ကျောင်းမှာကျွန်တော်ရဲ့ ခရစ်ယာန်အနေအထားကိုလူတိုင်းသိတယ်။ . . . သူတို့ကောင်းကောင်းသိထားကြတဲ့အတွက် အမှုဆောင်နေတဲ့အခါ ကျောင်းနေဖက်တစ်ဦးနဲ့တွေ့ခဲ့ရင် ကျွန်တော်မရှက်ဘူး။ ကျောင်းနေဖက်တွေက နားထောင်ရုံတင်မကဘူး စာအုပ်လည်း ယူကြပါတယ်။”
၆ ခရစ်တော်၏ပုံသက်သေကို ဆင်ခြင်သုံးသပ်ခြင်းက လူငယ်များအား သူတို့၏အနာဂတ်အတွက် ပညာရှိဆုံးဖြတ်ချက်များချနိုင်ရန် အကူအညီပေးသည်။ လောကီရေးရာ၌ အလုပ်များနေကြမည့်အစား ယေဟောဝါ၏လုပ်ငန်းတော်တွင် ဇွဲလုံ့လတင်ပြခြင်းအားဖြင့် ‘သူတို့အားဖန်ဆင်းသောအရှင်ကို အောက်မေ့’ ကြသည်။ (ဒေ. ၁၂:၁) ခရစ်တော်ယေရှုနည်းတူ သူတို့သည် “ခမည်းတော်ကိုချစ်ခြင်းမေတ္တာ” တိုးပွားရန် ကြိုးစားကြသည်။ ယင်းက လောကကမ်းလှမ်းသည့် မည်သို့သောအရာတို့ထက်မဆို သာ၍နှစ်မြို့ဖွယ်ကောင်းသောကောင်းချီးများကို ခံစားစေသည်။ လောကဟောင်းနှင့် “ရွေ့သွားကွယ်ပျောက်” မည့်အစား ‘ထာဝစဉ်တည်ရှိ’ ရန် သူတို့မျှော်လင့်နိုင်ကြသည်။—၁ ယော. ၂:၁၅-၁၇။