ယေဟောဝါသည် မိသားစုအားလုံးတို့၏ ဖန်ဆင်းရှင်ဖြစ်
၁ အသက်ကို ဘုရားသခင်ဖန်ဆင်းတော်မူသည်ဟု သန်းပေါင်းများစွာသောသူတို့ ယုံကြည်ကြသည်။ သို့ဖြစ်၍ မိသားစုအားလုံးသည် ကိုယ်တော်ကြောင့်တည်ရှိနေကြ၏။ သို့သော် အဘယ်ကြောင့်မိသားစုတိုင်းဆိုရမလောက် ပြဿနာများစွာရှိရသနည်း။ “သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း” စာအုပ်က မိသားစုအဝင်ဖြစ်သူ ဖခင်၊ လင်ယောက်ျား၊ မိခင်၊ ဇနီးသည်၊ မိဘများနှင့် သားသမီးများအတွက် ကောင်းမွန်သောသွန်သင်ချက်များပေးသည်။ သူတို့အားလုံးသည် မိမိတို့၏မိသားစုကို မည်သို့ပျော်ရွှင်စေနိုင်ကြောင်း သိရှိစေသည်။ ဤစာစောင်သည် အသက်မည်သို့ဖြစ်လာပြီး ယင်းက ကျွန်ုပ်တို့၏အနာဂတ်အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း စေ့စေ့စပ်စပ်ရှာဖွေရှင်းပြချက်ကို ဖော်ပြသည်။ ဇွန်လအတွင်း ဤကောင်းမွန်သောစာအုပ်ကို ကျွန်ုပ်တို့ဝေငှကြမည်။
၂ ဤစာအုပ်သည် မိသားစုပေါင်း မြောက်မြားစွာအား ပျော်ရွှင်စည်းလုံးသော အိမ်ထောင်များသာမက ပျော်ရွှင်သောဘုရားသခင်၊ ယေဟောဝါအား ကိုးကွယ်သူများအမှန်ဖြစ်စေခဲ့ပြီ။ ဤသူမြောက်မြားစွာတို့အား စာရိတ္တကောင်းရုံမက ဝိညာဉ်ခွန်အားရှိစေခဲ့ပြီ။ သို့ဖြစ်သောကြောင့် ဤကောင်းမွန်သောစာအုပ်ကို တစ်ခါမျှမဖတ်ရသေးသော အခြားသူများထံ ယင်းကိုပြသင့်သည်မဟုတ်လော။ ကျွန်ုပ်တို့၏လိမ္မာပါးနပ်သော ချဉ်းကပ်ပုံချဉ်းကပ်နည်း၊ ကောင်းစွာပြင်ဆင်ထားသည့် တင်ဆက်ပုံတင်ဆက်နည်းက ဤစာအုပ်ကိုလက်ခံယူရန် အထောက်အကူပြုလိမ့်မည်။ အိမ်ပေါက်ဝရောက်သည့်အခါ အကင်းပါးဖို့လိုသည်။ အိမ်တွင် ကလေးများသလော၊ ဆယ်ကျော်သက်များ ရှိသလော၊ သက်ကြီးရွယ်အိုများနှင့် စကားပြောဆိုနေသလော။ အခြေအနေအမျိုးမျိုးအတွက် ကျွန်ုပ်တို့အသင့်ရှိနေရမည်။ ဤစာအုပ်ကို သန်းပေါင်းများစွာသောသူတို့သည် ဖတ်ရှုခဲ့ပြီဖြစ်၍ အကျိုးများစွာခံစားခဲ့ကြရပြီ။ ယင်းကြောင့် ဤစာအုပ်ကို တန်ဖိုးထားမည့် အခြားသူများရှိဦးမည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်သည်။
၃ ဤသို့သော တိုတုတ်သည့်တင်ဆက်ပုံကို အသင်ရွေးလိုပေမည်–
◼ မိမိကိုယ်ကိုမိတ်ဆက်ပြီးနောက် ဤသို့ပြောပါ– “ဒီရပ်ကွက်မှာရှိတဲ့ မိသားစုတိုင်းဆီကို ကျွန်တော်တို့သွားလည်ပတ်ကြတယ်။” ထိုနောက် စာမျက်နှာ ၅ သို့ဖွင့်ပြီး အပိုဒ်တစ်ကိုဖတ်ပြီးနောက် ဤသို့ဆိုပါ– “ဒါပေမဲ့ ဒီလိုအလိုလိုမဖြစ်လာနိုင်ဘူး။” ထိုနောက် အပိုဒ် ၂ ပါမေးခွန်းအားလုံးကို ဖတ်ပါ။ “ဒီမေးခွန်းတွေနဲ့ တခြားမေးခွန်းတွေကို ဒီစာအုပ်က ဖြေပေးတယ်။ [သူတို့လက်ထဲ စာအုပ်ကိုထည့်။] ဒါကို အလှူငွေ ကျပ် ၃၀ နဲ့ယူထားနိုင်တယ်။”
၄ လိုရင်းကို ချက်ချင်းတင်ပြလိုလျှင် ဤသို့ပြောနိုင်သည်–
◼ “‘မိသားစုအများမှာ ဘာကြောင့် ဒီလောက်ပြဿနာများနေရတယ်’ ဆိုတာကို စဉ်းစားကြည့်ဖူးသလား။ ဒီစာအုပ် (ခေါင်းစဉ်ကိုပြ) ကဒီလိုဆိုတယ်။ (စာမျက်နှာ ၆ ရှိအပိုဒ် ၄ ကိုဖတ်။)” မာတိကာကိုပြပြီး ဤသို့ပြောပါ– “ဒီစာအုပ်ထဲမှာ မိသားစုအားလုံးအတွက် အလွန်ကောင်းတဲ့အကြောင်းတွေပါတယ်။ ဒါကို အလှူငွေ ကျပ် ၃၀ နဲ့ဝယ်ယူနိုင်တယ်။”
၅ သို့မဟုတ် ဤသို့ပြောနိုင်သည်–
◼ “လင်သားတွေ၊ ဒါမှမဟုတ် ဖခင်တွေဟာ တန်ဖိုးကြီးမားတဲ့လက်ဆောင်တွေကိုတောင် ပေးခဲ့ကြတယ်။ ဒါပေမဲ့ ခဏကြာတဲ့အခါ အဲ့ဒီလက်ဆောင်တွေဟာ တန်ဖိုးလျော့နည်းသွားရော။ ခင်ဗျားမိသားစုအတွက် အကျိုးရှိမယ့်၊ ထာဝစဉ် ပျော်ရွှင်တဲ့မိသားစုလေးဖြစ်စေမယ့် ဒါ (စာအုပ်ကိုပြ) ကိုယူလာပေးတယ်။” စာမျက်နှာ ၁၉၀ သို့ဖွင့်၍ အပိုဒ် ၁၈ ကိုဖတ်။
၆ အခြားချဉ်းကပ်ပုံမှာ ဤသို့ဖြစ်နိုင်သည်–
◼ “မိသားစုတွေ တကယ်ပျော်နိုင်ပါ့မလားလို့ တချို့တွေးကြတယ်။ ပျော်နိုင်တယ်ဆိုတာကိုသိဖို့ ဒီစာအုပ်ကို ယူလာပေးတယ်။” ထိုနောက် စာမျက်နှာ ၁၈၈ သို့ဖွင့်ပြီး အပိုဒ် ၁၅ ကိုဖတ်။ မေးခွန်းများကို ဖတ်စရာမလိုပါ။ ထိုနောက် စာမျက်နှာ ၁၉၀ ရှိ အပိုဒ် ၁၈ ကိုဖတ်ပါ။ “အဲဒီလိုပြုလုပ်ဖို့ ဒီစာအုပ်က အကူအညီပေးလိမ့်မယ်။ ကျပ် ၃၀ အလှူငွေပေးပြီး ယူထားနိုင်တယ်။”
၇ ဤစာအုပ်သည် စိတ်ရင်းမှန်သူများအတွက် ကောင်းချီးတစ်ရပ်ဖြစ်နိုင်ပါသည်။ ဤသူတို့ကို ယေဟောဝါဘုရားသခင်ချစ်မြတ်နိုးသည်။ သူတို့အား ကိုယ်တော်ဖန်ဆင်းထားတော်မူသည့်အတွက် သူတို့ကို ကယ်တင်ခြင်းရစေလိုတော်မူ၏။ သူတို့အား စစ်မှန်သောမေတ္တာရှိကြောင်း ကောင်းစွာပြင်ဆင်ပြီး ဤစာအုပ်ကို ဝေငှနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားခြင်းအားဖြင့် သူတို့၏မိသားစုဘဝကို ပျော်ရွှင်စေရန် ကူညီပေးကြစို့။