ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး
၁ သမ္မာတရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သင်မရရှိမီက သင်မဖြေဆိုနိုင်သည့် ဘဝနှင့်ပတ်သက်သောမေးခွန်းများစွာ သင်၌ရှိခဲ့ပေမည်။ ထိုသို့သောမေးခွန်းများအတွက် ကျမ်းစာအခြေပြုသည့်အဖြေများကို ရရှိသောအခါ သင်မည်မျှပျော်ခဲ့သည်ဖြစ်ခြင်း! ယခု သင်သည် ထိုအဖြေများကိုရှာနေသော အခြားသူများကို ကူညီပေးနိုင်ပြီ။ (၂ တိမောသေ ၂:၂ နှိုင်းယှဉ်။) ထာဝရအသက်ရစေသော ဘုရားသခင်အားသိကျွမ်းခြင်းပညာကို သူတို့အား သင်မျှဝေပေးနိုင်ပြီ။ (ယော. ၁၇:၃) သို့သော် ဤအသိပညာ၏အဖိုးတန်မှုကို သိနားလည်ရန် လူတစ်ဦးအား သင်မည်သို့ကူညီပေးနိုင်သနည်း။ သင့်အတွက် သမ္မာတရားက ဖြေကြားပေးသည့်မေးခွန်းများကို စဉ်းစားကြည့်ပါ။ သမ္မာတရားကိုရှာဖွေနေသူများ သိလိုသည့်အရာကား အဘယ်နည်း။ ဤအကြောင်းအရာများကို စိတ်တွင်တွေးနေခြင်းက ထာဝရအသက်ရစေသောအသိပညာစာအုပ်ကိုဝေငှရန် သင့်အားကူညီပေးနိုင်သည်။ ဇွန်လအတွင်း သက်သေခံရန်ပြင်ဆင်သောအခါ အောက်ပါအကြံပြုချက်များက သင့်အတွက် အကူအညီဖြစ်ပေမည်။
၂ ကမ္ဘာပေါ်တွင် အဘယ်ကြောင့် ဆင်းရဲဒုက္ခဤမျှများပြားနေရကြောင်း လူများစွာတို့တွေးတောနေကြသောကြောင့် ဤချဉ်းကပ်နည်းသည် တုံ့ပြန်မှုကောင်းကို ရရှိနိုင်သည်–
▪ “ဘေးဒဏ်ကျရောက်တဲ့အခါ ဒါမှမဟုတ် ရာဇဝတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်များ တိုးများလာတဲ့အခါ ဒီလိုကြောက်စရာကောင်းတဲ့အရာတွေ ဘာကြောင့်ဖြစ်ပျက်ရတာလဲလို့ လူတွေမေးတတ်ကြပါတယ်။ မိတ်ဆွေအနေနဲ့ ဘယ်လိုဖြေမလဲ။” ထိုသူ၏တုံ့ ပြန်မှုကိုစောင့်ပြီး ထောက်ခံပေးပါ။ ထို့နောက် အသိပညာစာအုပ် အခန်း ၈ ကိုဖွင့်ပြီး အပိုဒ် ၂ ပါဖော်ပြချက်ကို အာရုံစိုက်စေပါ။ ဆိုးဆိုးရွားရွားအမှုများ ဖြစ်ပျက်ရသည့်အကြောင်းနှင့်စပ်လျဉ်းသည့် ကျမ်းစာရှင်းပြချက်များကို ဤစာအုပ်ကဖော်ပြပေးကြောင်း ရှင်းပြပြီး “ခင်ဗျားအတွက် ဒီစာအုပ်ကို ၄၀ ကျပ်နဲ့ ဝေငှခဲ့ချင်ပါတယ်” ဟူ၍ပြောပါ။
၃ “အသိပညာ” စာအုပ်ဝေငှခဲ့သည့်နေရာသို့ ပြန်သွားသောအခါ သင် ဤသို့ပြောနိုင်သည်–
▪ “ကမ္ဘာပေါ်မှာ ဘာကြောင့် ဆင်းရဲဒုက္ခ ဒီလောက်များပြားနေရတဲ့အကြောင်းနဲ့စပ်လျဉ်းတဲ့ မိတ်ဆွေရဲ့သုံးသပ်ရှုမြင်ပုံကို ကျွန်တော်စိတ်ဝင်စားပါတယ်။ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ကျမ်းစာအဖြေကို မိတ်ဆွေသဘောတူပါသလား။” တုံ့ ပြန်မှုကိုစောင့်ပါ။ အသိပညာစာအုပ် စာမျက်နှာ ၇၇ ပါအပိုဒ် ၁၇ ကိုဖတ်ပြီး အိမ်ရှင်၏ကျမ်းစာအုပ်မှ ရောမ ၉:၁၄ ကိုဖွင့်ဖတ်ရန်ပြောပါ။ ထို့နောက် ဤသို့ပြောပါ– “ဘုရားသခင်ဟာ နာကျင်မှုနဲ့ဆင်းရဲဒုက္ခကို တရားမျှတမှုကင်းစွာ ပေါ်ပေါက်စေမှာမဟုတ်ဘူးဆိုတဲ့အချက်က သတင်းကောင်းပါပဲ။ ကျွန်တော်တို့ကို ငြိမ်းချမ်းပျော်ရွှင်မှုရှိတဲ့ထာဝရအသက်ပေးဖို့ ကိုယ်တော်ကတိပေးထားပါတယ်။ ဒီစာအုပ်ရဲ့ပထမဆုံးအခန်းကို ‘ပျော်ရွှင်ချမ်းမြေ့သောအနာဂတ်ကို သင်ပိုင်ဆိုင်နိုင်သည်!’ လို့ခေါင်းစဉ်တပ်ထားပါတယ်။ အဲ့ဒီအနာဂတ်ဟာ မိတ်ဆွေနဲ့ မိတ်ဆွေချစ်မြတ်နိုးရတဲ့သူတွေအတွက် အမှန်တကယ်ဖြစ်နိုင်ပုံကို ရှင်းပြပေးချင်ပါတယ်။” အခန်း ၁ ကိုဖွင့်ပြီး ကျွန်ုပ်တို့သင်အံသည့်နည်းကို ပြပါ။ အခြေအနေအရ အခန်းများနိုင်သလောက်များများကို သုံးသပ်ခြင်းသည် သင့်လျော်ပေသည်။
၄ “ကျိုးကြောင်းဆင်ခြင်” စာအုပ်၊ စာမျက်နှာ ၁၄၊ “အိုခြင်း/သေခြင်း” ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည့်နိဒါန်းကို အသုံးပြုရန် သင်ရွေးချယ်နိုင်သည်–
▪ “‘သေရင် အားလုံးပြီးရောလား။ ဒါမှမဟုတ် သေပြီးနောက်ပိုင်း တစ်ခုခုကျန်နေသေးသလား’ ဆိုပြီးမိတ်ဆွေမေးဖူးပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာကတော့ သေခြင်းနဲ့ပတ်သက်တဲ့ ဘယ်မေးခွန်းမျိုးကိုမဆို ရှင်းပြပေးတယ်။ [ဒေသနာ ၉:၅၊ ၁၀ ဖတ်။] ယုံကြည်သူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်ရှိတယ်ဆိုတာလည်း တင်ပြထားတယ်။ [အသိပညာစာအုပ် စာမျက်နှာ ၈၄၊ အပိုဒ် ၁၃ ကိုဖွင့်ပါ; ယောဟန် ၁၁:၂၅ ပါ ယေရှု၏စကားများကို ဖတ်ပြီးရှင်းပြပါ။] ဒီအခန်းတစ်ခုလုံးက သေလွန်ပြီးတဲ့ ကျွန်တော်တို့ချစ်ရသူတွေ ဘာဖြစ်သွားကြသလဲ ဆိုတဲ့မေးခွန်းရဲ့အဖြေကို အလေးထားဖြေကြားပေးပါတယ်။ မိတ်ဆွေဖတ်ချင်တယ်ဆိုရင် ဒီစာအုပ်ကို ကျွန်တော်ပေးထားနိုင်ပါတယ်။ ၄၀ ကျပ်နဲ့ ယူထားနိုင်ပါတယ်။”
၅ သင်ပြန်လည်ပတ်သောအခါ ရင်းနှီးကျွမ်းဝင်မှုကို ပြန်ရယူပြီး ဤသို့ပြောနိုင်သည်–
▪ “ယခင်တစ်ခါက လူတစ်ဦးသေရင် ဘာဖြစ်သွားသလဲဆိုတဲ့အကြောင်းကို ကျွန်တော်တို့ပြောခဲ့ကြတယ်။ သေပြီးရင် ဘယ်သက်ရှိမဆို ကောင်းကင် ဒါမှမဟုတ် ငရဲကို ရောက်သွားမယ်လို့ လူအတော်များများယုံကြည်ကြတယ်။ ဒါပေမဲ့ လူသေများဟာ ဒီမြေကြီးပေါ်မှာ နောက်တစ်ခါ ပြန်အသက်ရှင်နိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီးတော့ကော မိတ်ဆွေစဉ်းစားဖူးပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ကျမ်းစာအရ ရှင်ပြန်ထမြောက်လာမယ့်သူတွေဟာ မြေကြီးကိုအမွေရမယ့် စိတ်နှိမ့်ချသူများထဲကဖြစ်ရမယ်။ [ဆာလံ ၃၇:၁၁၊ ၂၉ ကိုဖတ်ပြီး အသိပညာစာအုပ် စာမျက်နှာ ၈၈ မှ အပိုဒ် ၂၀ ကိုဆွေးနွေးပါ။] အဲ့ဒီမျှော်လင့်ချက်က သေခြင်းကို ကြောက်ကြောက်နဲ့အသက်ရှင်နေရတဲ့ လူသန်းပေါင်းများစွာကို နှစ်သိမ့်ပေးပါတယ်။ အကြောင်းအရာကို ပိုနားလည်အောင် ဒီစာအုပ်က မိတ်ဆွေကိုကူညီပေးပါလိမ့်မယ်။ ဘယ်လိုကူညီပေးမလဲဆိုတာ ကျွန်တော်ပြပေးပါရစေ။”
၆ ရိုးရိုးကလေးဖြစ်သောတင်ဆက်ပုံကို သင်ပိုနှစ်သက်မည်ဆိုပါက ဤတင်ဆက်ပုံကို သင်စမ်းကြည့်နိုင်သည်–
▪ “မိတ်ဆွေကို ဒီ ထာဝရအသက်ရစေသောအသိပညာစာအုပ်ထဲက ရုပ်ပုံတစ်ခုကိုပြချင်တယ်။ တကယ့်ကိုလှပတဲ့ရုပ်ပုံမဟုတ်ဘူးလား။” အိမ်ရှင်မြင်နိုင်ရန် စာမျက်နှာ ၄-၅ ကိုဖွင့်ထားပါ။ တုံ့ ပြန်မှုကိုစောင့်ပါ။ ထို့နောက် စာမျက်နှာ ၅ ပါစာများကို ဖတ်ပြပါ။ ဤသို့ပြောခြင်းဖြင့်အဆုံးသတ်ပါ– “မိတ်ဆွေဘာသာမိတ်ဆွေဖတ်နိုင်အောင် ဒီစာအုပ်ကို ယူထားနိုင်ပါတယ်။ ၄၀ ကျပ်နဲ့ ယူထားနိုင်ပါတယ်။” တင်ပြသည့် မည်သည့်စိတ်ဝင်စားမှုကိုမဆို သွားရောက်လည်ပတ်ရန် အဆင်ပြေမည့်အချိန်ကို သိအောင်လုပ်ပါ။
၇ ဘဝတွင် အရေးကြီးသောမေးခွန်းများကို ဖြေကြားပေးသည့် ဘုရားသခင့်ထံတော်မှအသိပညာကို ကျွန်ုပ်တို့ရရှိထားကြသည်။ ဝီရိယရှိရှိပြင်ဆင်ပါ၊ သို့ဖြင့် သမ္မာတရားကို ရှာဖွေနေသူများအား အသက်ပေးသတင်းပြောကြားဖို့ သင်၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးမည်ဖြစ်သည်။