သူတို့ အဘယ်ကြောင့် ယင်းကိုလုပ်ဆောင်ကြသနည်း
၁ ‘ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏’ ဟုခရစ်တော်အကြောင်း ကြိုတင်ဟောထားသည်။ (ဆာ. ၆၉:၉) ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးအတွက် ယေရှု၏စိတ်ဇောထက်သန်မှုက ဓမ္မအမှုကို ရှေးဦးထားရန် လှုံ့ဆော်ခံရသည်။ (လု. ၄:၄၃; ယော. ၁၈:၃၇) သမ္မာတရားကိုသက်သေခံရန် ဤထပ်တူစိတ်ဇောထက်သန်မှုသည် ယနေ့အချိန်တွင် ယေဟောဝါသက်သေများ၏ ဓမ္မအမှု၌ အထင်းသားတွေ့ရသည်။ လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ပျမ်းမျှ ၆၄၅,၅၀၉ ယောက်သည် လစဉ် ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ခဲ့သည်။ ဘုရားသခင်အား ဆက်ကပ်အပ်နှံထားသောကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် အရန်ရှေ့ဆောင် သို့မဟုတ် မှန်မှန်ရှေ့ဆောင်အဖြစ်အမှုဆောင်ရန် ကျွန်ုပ်တို့၏အခြေအနေများကို စီစဉ်နိုင်၊ မစီစဉ်နိုင် ဆုတောင်းသုံးသပ်သင့်သည်။—ဆာ. ၁၁၀:၃; ဒေ. ၁၂:၁; ရော. ၁၂:၁။
၂ ကိုယ်ကျိုးရှာပြီးရုပ်ဝါဒဆန်သည့် အစီအစဉ်စနစ်တွင်အသက်ရှင်နေရသော ကမ္ဘာပေါ်ရှိလူများစွာအတွက် မည်သည့်ငွေကြေးအကျိုးအမြတ်၊ မည်သည့်ဂုဏ်ကိုမျှ မရရှိဘဲနှင့် လူတစ်ဦးသည် ဓမ္မအမှုတွင် ဝီရိယရှိရှိ အဘယ်ကြောင့် လုပ်ဆောင်ရကြောင်း နားလည်ရခက်မည်။ ရှေ့ဆောင်များ အဘယ်ကြောင့် ယင်းကိုလုပ်ဆောင်ကြသနည်း။ မိမိတို့သည် အသက်ကယ်သည့်လုပ်ငန်းတွင် ပါဝင်နေကြောင်း သူတို့သိထားသည်။ ယေဟောဝါနှင့် လူလူချင်းကို နှစ်နှစ်ကာကာချစ်သည့်မေတ္တာ၏လှုံ့ဆော်မှုကြောင့် အသက်များစွာကယ်တင်ခံရရန် ကူညီပေးခြင်းသည် ကြီးလေးသောတာဝန်၊ တစ်ဦးစီ၏တာဝန်ဖြစ်သည်ဟု ယူမှတ်ကြသည်။ (ရော. ၁:၁၄-၁၆; ၁ တိ. ၂:၄; ၄:၁၆) ရှေ့ဆောင်မောင်နှံတစ်စုံသည် “ငါတို့ ဘာကြောင့် ရှေ့ဆောင်လုပ်ကြတာလဲ။ ရှေ့ဆောင်မလုပ်ပါက ဘာကြောင့်မလုပ်ကြောင်း ယေဟောဝါရှေ့ရှင်းပြနိုင်မလား” ဟူ၍ပြောခြင်းဖြင့် မေးခွန်းကိုဆီလျော်စွာဖြေခဲ့သည်။
၃ အခြားညီအစ်မတစ်ဦးသည် ရှေ့ဆောင်စလုပ်ရန် သူမ၏ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ဤသို့စာရေးသည်– “ကျွန်မခင်ပွန်းနဲ့ကျွန်မဟာ တစ်ဦးတည်းရဲ့ဝင်ငွေနဲ့လုံလောက်နိုင်အောင် စီစဉ်ကြပါတယ်။ ဒါကြောင့် မလိုအပ်တဲ့အရာအားလုံးကို စွန့်လွှတ်ကြရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဆင်းရဲနွမ်းပါးသွားတဲ့အခြေအနေမျိုးရောက်မသွားအောင် ကြွယ်ဝသောကောင်းချီးတွေကို ယေဟောဝါ ပေးသနားခဲ့ပါတယ် . . . အသက်ရှင်ဖို့အတွက် တကယ့်အကြောင်းရင်းကို ကျွန်မတို့တွေ့ထားတယ်—အဲ့ဒါကတော့ လိုအပ်နေတဲ့သူတွေကို စစ်မှန်သောဘုရားသခင်ယေဟောဝါကို သိရှိလာအောင်၊ ကိုယ်တော်ကိုရှာဖွေတဲ့သူတွေနဲ့ ဝေးကွာတော်မမူကြောင်းသိရှိလာအောင် ကူညီပေးခြင်းပါပဲ။” အချိန်ကာလ၏အရေးတကြီးဖြစ်မှုကိုသိမြင်ခြင်းသည် ရှေ့ဆောင်များအား ထာဝစဉ်တည်မြဲမည့် ဝိညာဏဘဏ္ဍာကိုဆည်းပူးဖို့ ထက်သန်စွာရှာဖွေနေစဉ် အသက်တာ၏မရှိမဖြစ်လိုအပ်ရာများနှင့် ကျေနပ်ရောင့်ရဲစေသည်။—၁ တိ. ၆:၈၊ ၁၈၊ ၁၉။
၄ သင့်အခြေအနေက ခွင့်ပြုမည်ဆိုလျှင် ကမ္ဘာတစ်ဝန်းတွင် ရှေ့ဆောင်လုပ်နေကြသော ရာပေါင်းထောင်နှင့်ချီသည့် သင့်ညီအစ်ကို၊ ညီအစ်မများနှင့် အတူပါဝင်ပါလေ။ ဤနည်းဖြင့် သင်သည် သူတို့ခံစားရသည့် ရွှင်လန်းမှုမျိုးကို ထပ်တူထပ်မျှခံစားနိုင်ပါသည်။