မေးခွန်းသေတ္တာ
▪ သီအိုကရက်တစ်ဓမ္မအမှုကျောင်း စာကြည့်တိုက်တွင် မည်သည့်စာပေများထားသင့်သနည်း။
ဘုရားသခင့်လူမျိုးတော် အကျိုးခံစားရစေရန် ဝိညာဏစာပေများကို အလျှံပယ်စီမံပေးထားသည်။ ကြေညာသူများစွာသည် ဤစာပေအားလုံးကို ကိုယ်ပိုင်မရှိကြသောကြောင့် နိုင်ငံတော်ခန်းမတွင်ရှိသည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်း စာကြည့်တိုက်၌ အခြားနည်းများဖြင့် ရနိုင်ဖွယ်မရှိသောစာပေများကို ရှာဖွေလေ့လာမှုပြုရန် နည်းလမ်းများစီမံပေးထားသည်။ ထို့ကြောင့် ယင်းတွင် အမျိုးမျိုးသောကျမ်းစာဘာသာပြန်များ၊ အသင်းမ၏နောက်ဆုံးထုတ်စာပေများ၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာစောင်များ၊ ကင်းမျှော်စင်နှင့် နိုးလော့! စာအုပ်တွဲများနှင့် ကင်းမျှော်စင်မှန်ပြမာတိကာ တို့ဖြင့် အပြည့်အစုံရှိထားသင့်သည်။ ထို့အပြင် ခေတ်သစ်အဘိဓာန်ကောင်းတစ်အုပ်ကိုပါ ထည့်ထားသင့်သည်။ ရရှိနိုင်ပါက စွယ်စုံကျမ်းများ၊ မြေပုံပေါင်းချုပ်စာအုပ်များ သို့မဟုတ် သဒ္ဒါနှင့် သမိုင်းအကြောင်း ရည်ညွှန်းချက်စာအုပ်များသည် အသုံးဝင်ပေမည်။ သို့သော် ကျွန်ုပ်တို့သည် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှပြင်ဆင်ပေးသောစာပေများကို အဓိကအာရုံစိုက်သင့်သည်။—မ. ၂၄:၄၅၊ သမ။
တစ်ခါတစ်ရံ သီအိုကရက်တစ်ဓမ္မအမှုကျောင်း စာကြည့်တိုက်တွင် မသင့်လျော်သောစာအုပ်များထားရှိသည်ဟု သတင်းရရှိသည်။ စိတ်ကူးယဉ်ဝတ္ထု၊ အပြင်းအထန် ဝေဖန်ပြစ်တင်မှုကိုအသားပေးထားသည့်ကျမ်းစာဋီကာများ၊ အတွေးအခေါ် သို့မဟုတ် နတ်ဝိဇ္ဇာပညာအကြောင်းရေးထားသည့်စာအုပ်များပါဝင်ခြင်းသည် သင့်လျော်မည်မဟုတ်ပါ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်း စာကြည့်တိုက်တွင် ဆက်၍ဝိညာဉ်ရေးတိုးတက်စေရန် အသုံးပြုနိုင်သောစာပေများကိုသာ ပါဝင်စေသင့်သည်။—၁ တိ. ၄:၁၅။
ယင်းကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် မိမိအားကူညီဖို့ အခြားသောညီအစ်ကိုကို တာဝန်ပေးနိုင်သော်လည်း ကျောင်းကြီးကြပ်မှူးသည် စာကြည့်တိုက်အတွက် တာဝန်ရှိသူဖြစ်သည်။ သူ ကြည့်ရှုပေးသင့်သည်မှာ စာအုပ်သစ်များထွက်လာသည်နှင့်တစ်ပြိုင်နက် ထည့်သွင်းကာ စာကြည့်တိုက်တွင် နောက်ဆုံးထုတ်စာအုပ်သစ်များရှိနေစေရန် ဖြစ်သည်။ စာအုပ်တစ်အုပ်စီကို အတွင်းအဖုံးပေါ်တွင် ၎င်းပိုင်ဆိုင်သည့် အသင်းတော်အမည်ကို ရှင်းလင်းစွာရေးမှတ်ထားသင့်သည်။ ပြန်ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လိုမလို သိရှိရန် နှစ်စဉ် စာအုပ်များကို စစ်ဆေးသင့်သည်။
စာကြည့်တိုက်ကို ကြည့်ရှုစောင့်ရှောက်ရာတွင် လူတိုင်း ပူးပေါင်းလုပ်ဆောင်နိုင်သည်။ စာအုပ်များကို ကိုင်တွယ်၊ အသုံးပြုရာတွင် ဂရုတစိုက် ကိုင်တွယ်သုံးစွဲသင့်သည်။ စာအုပ်နှင့် ကလေးများအား ပေးကစားခြင်းကိုသော်လည်းကောင်း၊ တစ်ဦးဦးက ရေးမှတ်ခြင်းကိုသော်လည်းကောင်း ခွင့်မပြုသင့်ပေ။ စာအုပ်များကို နိုင်ငံတော်ခန်းမမှ ယူဆောင်မသွားကြရန် သတိပေးချက်အနေနှင့် ရှင်းလင်းသေသပ်သောဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားနိုင်သည်။
အသင်းတော်အသစ်များကို အမြဲဖွင့်လှစ်တည်ထောင်သောကြောင့် စာကြည့်တိုက်များစွာသည် အရွယ်အစားအားဖြင့် အကန့်အသတ်ရှိနိုင်သည်။ စာအုပ်အဟောင်းများကို ပိုင်ဆိုင်သောကြေညာသူအချို့သည် ယင်းတို့ကို အသင်းတော်သို့လှူဒါန်းရန် စဉ်းစားကြပေမည်။ အကြီးအကဲများသည် အသင်းမပြန်ပုံနှိပ်သည့် ကင်းမျှော်စင်စာအုပ်တွဲများကို မှာယူလိုကြပေမည်။ ဤနည်းများဖြင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်း စာကြည့်တိုက်သည် အသိပညာ၊ ဉာဏ်ပညာနှင့် နားလည်နိုင်သောဉာဏ်ကိုပေးသည့် ဝှက်ထားသောဘုရားသခင့်နှုတ်ကပါဌ်တော်ဘဏ္ဍာများကို ဖော်ပြရန် အားလုံးကိုအကူအညီပေးရာတွင် အလွန်အသုံးဝင်ကြောင်း သက်သေထူပေမည်။—သု. ၂:၄-၆။