“ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့”
၁ လူတို့သည် အချိန်ကုန်လွန်လာသည်နှင့်အမျှ အရေးကြီးကိစ္စရပ်များ၏အရေးပါမှုကို တဖြည်းဖြည်းမေ့ပျောက်တတ်ကြသည်။ ယင်းကြောင့် ‘သခင့်ညစာစားပွဲ’ ကျင်းပနေချိန်တွင် ယေရှုက မိမိ၏တပည့်တော်များအား “ငါ့ကိုအောက်မေ့ဖို့ရာဤသို့ပြုကြလော့” ဟူ၍မိန့်မှာခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ယေရှု၏သေခြင်းဆိုင်ရာနှစ်ပတ်လည်နေ့တွင် ခရစ်ယာန်များသည် နာခံမှုရှိစွာဖြင့် ဆက်၍ “သခင်ဘုရားအသေခံတော်မူကြောင်းကို ကိုယ်တော်ကြွလာတော်မူချိန်တိုင်အောင်ကြေညာ” ခဲ့ကြသည်။—၁ ကော. ၁၁:၂၀၊ ၂၃-၂၆၊ သတင်းကောင်း။
၂ များမကြာမီ ယေရှုသည် လျော့နည်းလာသော “သိုးစုငယ်” မှနောက်ဆုံးသောသူများကို ကောင်းကင်အိမ်တော်ထဲသို့ ခံယူတော်မူမည်ဖြစ်သည်။ (လု. ၁၂:၃၂; ယော. ၁၄:၂၊ ၃) ဤနှစ်တွင် အစဉ်တိုးပွားနေသော “အခြားသိုး” မှလူအုပ်ကြီးနှင့်အတူ ဘိသိက်ခံများမှအကြွင်းအကျန်များသည် ဧပြီ ၁၁ ရက်တွင် သခင့်ညစာစားပွဲကိုကျင်းပခွင့် တစ်ဖန်ရရှိကြမည်။ (ယော. ၁၀:၁၆; ဗျာ. ၇:၉၊ ၁၀) လူသားအကျိုးအတွက် မိမိ၏တစ်ပါးတည်းသောသားတော်ကိုစေလွှတ်ရာတွင် ယေဟောဝါ၏ကြီးမားသည့်မေတ္တာတော်အတွက် ကျေးဇူးတင်လေးမြတ်စိတ်ကို တိုးပွားစေမည်ဖြစ်သည်။ ရွေးနုတ်ဖိုးပေးခြင်းဖြင့် သေသည်အထိ ယေရှုပြသသောစံနမူနာ၊ မေတ္တာ၊ သစ္စာရှိခြင်းနှင့် ယခုအခါ တည်ထောင်ပြီးဖြစ်သော ဘုရားသခင်၏နိုင်ငံတော်ဘုရင်အဖြစ် ကိုယ်တော်၏အုပ်ချုပ်မှုအပြင် လူသားများအတွက် နိုင်ငံတော်ကဖြစ်ပေါ်စေမည့် ကောင်းချီးများကို ထင်ရှားစေမည်ဖြစ်သည်။ အမှန်ပင် အောက်မေ့ဖွယ်ရာအခါသမယဖြစ်ပေသည်!
၃ ယခုပြင်ဆင်ပါ– ဤသတိရအောက်မေ့ပွဲအချိန်ကို ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့နှင့်ပူးပေါင်းမည့်သူများအားလုံးအတွက် ကြီးမားသည့် ရွှင်လန်းမှုနှင့် ကျေးဇူးသိတတ်မှုကိုဖြစ်စေရန် အားလုံးကြိုးစားအားထုတ်ကြစို့။ ယေရှုဓမ္မအမှု၏ နောက်ဆုံးရက်အနည်းငယ်ပိုင်းနှင့်စပ်လျဉ်းသည့် ကျမ်းစာမှတ်တမ်းများနှင့် သူ့အား သေခြင်းသို့ ဦးတည်ပေးသည့်ဖြစ်ရပ်များကို ပြန်ဖတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏နှလုံးကို အသင့်ပြင်ထားနိုင်သည်။ အကြီးမြတ်ဆုံးလူသားစာအုပ်တွင် အခန်း ၁၁၂-၁၆ ကိုပြန်သုံးသပ်ရန် သတိရအောက်မေ့ပွဲမတိုင်မီ သီတင်းပတ်အတော်အတန်ကြာ မိသားစုသင်အံမှုကို သတ်မှတ်ထားနိုင်သည်။
၄ ဤအခါသမယအတွက် လေးမြတ်ရန်တည်ဆောက်ပေးခြင်း၊ ဖိတ်ခေါ်ခြင်းနှင့် ကြိုဆိုခြင်းကို သင် အစပြုလုပ်ဆောင်မည်ဆိုလျှင် သတိရအောက်မေ့ပွဲသို့ မည်မျှလာရောက်ကြမည်ကို သင်သိပါသလော။ ယခုချက်ချင်း စာရင်းတစ်ခုပြုလုပ်ပြီး လာနိုင်ရန် သူတို့ကိုကူညီပေးဖို့ သင်လုပ်ဆောင်နိုင်ရာများကို လုပ်ဆောင်ပါ။ ထို့နောက် အစည်းအဝေးများကိုမှန်မှန်တက်ရန်အားပေးခြင်းဖြင့် ဝိညာဉ်ရေးအရ ဆက်ကြီးထွားလာရန် သူတို့ကိုကူညီပေးပါ။
၅ သတိရအောက်မေ့ပွဲအချိန်အတွင်း တစ်ဦးစီ၏ဟောပြောခြင်းအခွင့်အရေးများတိုးများစေရန် အထူးအစီအစဉ်များကို ပြုလုပ်ကြမည်ဖြစ်သည်။ သင်သည် အစီအစဉ်ကောင်းများရေးဆွဲကာ ဧပြီ၊ မေတွင် အရန်ရှေ့ဆောင်နိုင်မည်လော။ ယေရှု၏ပူဇော်သကာက ကျွန်ုပ်တို့အတွက် ရည်ရွယ်ရာအားလုံးကို ကျေးဇူးတင်စိတ်ဖြင့်သတိရကြောင်း အကောင်းဆုံးတင်ပြရန်နည်းလမ်းတစ်ခုမှာ ကျွန်ုပ်တို့၏ဘုရားသခင်၊ ယေဟောဝါနှင့် ကိုယ်တော့်သားတော်အုပ်ချုပ်မည့်နိုင်ငံတော်က ဖြစ်ပေါ်စေမည့်ကောင်းချီးများအကြောင်းကို ဟောပြောခြင်းဖြစ်သည်။—ဆာ. ၇၉:၁၃; ၁၄၇:၁။