ယေဟောဝါ၏တင့်တယ်သောနာမတော်ကိုအလွန်တန်ဖိုးထားလော့
၁ စာတန်သည် ကျွန်ုပ်တို့၏ကနဦးမိဘနှစ်ပါးကို အပြစ်လုပ်ရန် သွေးဆောင်ခဲ့ချိန်တွင် ဘုရားသခင့်နာမတော်ကို ရှုတ်ချခဲ့သည်။ ယေဟောဝါသည် အာဒံအား လိမ်ညာခဲ့သည်ဟု မာရ်နတ်က စောင်းချိတ်ပြောဆိုခဲ့သည်။ (က. ၃:၁-၅) မြင့်မြတ်သောနာမတော်သည် ဘုရားသခင့်မိန့်တော်မူချက်ကို ပြည့်စုံစေနိုင်သည့်အစွမ်းနှင့် ဆက်စပ်နေသောကြောင့် စာတန်၏စွပ်စွဲချက်သည် အဆိုးရွားဆုံးသွားပုပ်လေလွင့်ဖြစ်ခဲ့သည်။ ယေဟောဝါသည် မိမိ၏မြင့်မြတ်သောရည်ရွယ်ချက်ကို အဆင့်ဆင့်ပြည့်စုံစေခြင်းအားဖြင့် နာမတော်ရှုတ်ချခံရမှုကို ရှင်းလင်းခဲ့ကာ တင့်တယ်စေခဲ့သည်။—ဟေရှာ. ၆၃:၁၂-၁၄။
၂ ကျွန်ုပ်တို့သည် ယေဟောဝါက ‘မိမိ၏နာမတော်ဖြင့်ခေါ်ဝေါ်ခြင်းခံရ’ သူများဖြစ်ကြသည်။ (တ. ၁၅:၁၄၊ ၁၇) ယင်းက ၎င်းနာမတော်၏သန့်ရှင်းမြင့်မြတ်မှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့မည်သို့ခံစားရသည်ကို တင်ပြရန် အခွင့်အရေးရရှိစေသည်။ ကောင်းမြတ်မှု၊ ကြင်နာမှု၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာနှင့် ဖြောင့်မတ်မှုမှန်သမျှကို ထင်ဟပ်စေသောကြောင့် ယေဟောဝါ၏နာမတော်သည် တကယ်ပင်တင့်တယ်ကြောင်း ကျွန်ုပ်တို့တွေ့ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ဘုန်းကြီးသောနာမတော်၏ကြီးမြတ်မှုကို အလွန်ကြောက်ရွံ့ရိုသေကြသည်။ (ဆာ. ၈:၁; ၉၉:၃; ၁၄၈:၁၃) မည်သည့်အရာကိုလုပ်ဆောင်ရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရသင့်သနည်း။
၃ ဘုရားသခင့်နာမတော်ကို သန့်ရှင်းမြင့်မြတ်စေပါ– ဘုရားသခင့်နာမတော်သည် သန့်ရှင်းမြင့်မြတ်ပြီးသားဖြစ်ရာ ပို၍သန့်ရှင်းမြင့်မြတ်အောင် လုပ်ဖို့မလိုပေ။ သို့သော် ကျွန်ုပ်တို့၏သန့်ရှင်းသောအကျင့်နှင့် နိုင်ငံတော်ဟောပြောခြင်းအားဖြင့် ဘုရားသခင့်နာမတော်ကို အလွန်တန်ဖိုးထားကြောင်း တင်ပြနိုင်သည်။ ကျွန်ုပ်တို့ ဤသို့ပြောဆိုကြစို့– “ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။” (ဟေရှာ. ၁၂:၄) ယင်းကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။
၄ ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမတော်နှင့် ၎င်းကိုယ်စားပြုရာမှန်သမျှကို ကြေညာရန် အခွင့်အရေးတိုင်းကို အသုံးချနိုင်ပါသည်။ ထုံးစံအရဖြစ်စေ၊ အလွတ်သဘောဖြင့်ဖြစ်စေ၊ တစ်အိမ်မှတစ်အိမ်တွင်ဖြစ်စေ၊ တစ်ဆိုင်မှတစ်ဆိုင်တွင်ဖြစ်စေ၊ လမ်းပေါ်တွင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် ယေဟောဝါကို ဂုဏ်တင်ပါသည်။ ကျွန်ုပ်တို့သည် နားထောင်သောစိတ်ဝင်စားသူများကိုတွေ့သည့်အခါပြန်သွားရန် တိကျသောချိန်းဆိုမှုများပြုကာ သူတို့အား ယေဟောဝါအကြောင်း ပိုမိုသင်ကြားပေးသင့်သည်။ ယင်းသို့ပြုရန် ကျွန်ုပ်တို့သည် ထိုချိန်းဆိုမှုများကို မပျက်ကွက်ဘဲ ပြန်သွားရမည်ဖြစ်ကာ အိမ်တွင်းကျမ်းစာသင်အံမှုများစရန်ကြိုးစားရာတွင် ဇွဲရှိရမည်ဖြစ်သည်။ ဝမ်းသာစရာမှာ နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသောသူတို့သည် ယေဟောဝါ၏တင့်တင်သောနာမတော်ကို သိရှိ၊ လေးစားကာ သန့်ရှင်းမြင့်မြတ်စေကြခြင်းဖြစ်သည်။
၅ ဘုရားသခင့်နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့၏စိတ်နှလုံးအကြွင်းမဲ့ပါဝင်မှုက ဧဒင်အရပ်တွင် စာတန်ပေါ်ပေါက်စေခဲ့သည့် အရေးကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သည့်နေရာတွင် ရပ်တည်နေသည်ကို ရှင်းလင်းစွာဖော်ပြသည်။ ယင်းလုပ်ငန်းသည် ကျွန်ုပ်တို့လုပ်နိုင်သည့် အမြင့်မြတ်ဆုံး၊ ဂုဏ်အရှိဆုံးလုပ်ငန်းဖြစ်၏။ ယေဟောဝါ၏တင့်တယ်သောနာမတော်ကို အလွန်တန်ဖိုးထားကာ ဇွဲနပဲဖြင့် ချီးမွမ်းကြစို့!—၅ ရာ. ၂၉:၁၃။