လောကီပညာရေးနှင့်သင့် ဝိညာဏပန်းတိုင်များ
၁ သင်ငယ်ရွယ်သောအချိန်တွင် အခြေခံပညာရေးကောင်းတစ်ခုရရှိထားခြင်းဖြင့် ကောင်းစွာဖတ်တတ်ရေးတတ်ရန်နှင့် ပထဝီ၊ သမိုင်း၊ သင်္ချာ၊ သိပ္ပံတို့နှင့်ဆိုင်သည့် ယေဘုယျသိနားလည်မှုရရှိရန် လိုအပ်သည့် စာတွေ့တတ်ကျွမ်းမှုများကို ရရှိစေနိုင်သည်။ ထိုသို့ပြုစဉ်အတွင်း သင်သည် မည်သို့ပီပီပြင်ပြင်စဉ်းစားရမည်၊ အဖြစ်အပျက်များကို ဆန်းစစ်ရမည်၊ ပြဿနာများကိုဖြေရှင်းရမည်နှင့် အကျိုးဖြစ်ထွန်းသောအကြံဉာဏ်များဖြစ်ပေါ်စေရမည်တို့ကို သိရှိနိုင်သည်။ ထိုသို့သောကျောင်းပညာရေးသည် အသက်တာတစ်လျှောက်လုံးတွင် သင့်ကို အကျိုးပြုပါလိမ့်မည်။ သင့်လောကီပညာရေးသည် သင့်အသက်တာရှိဝိညာဏပန်းတိုင်များနှင့် မည်သို့ဆက်နွှယ်ကာ “လက်တွေ့ကျ ဉာဏ်ပညာနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်း” ကိုရရှိရန် သင့်အား မည်သို့ကူညီပေးနိုင်သနည်း။—သု. ၃:၂၁၊ ၂၂၊ ကဘ။
၂ ဘုရားသခင့်လုပ်ငန်းတော်တွင် အသုံးဝင်စေပါ– သင်သည် ကျောင်းနေစဉ် ကျောင်းစာတွင် အာရုံစူးစိုက်ကာ အိမ်စာတာဝန်များကို ကောင်းစွာလုပ်ဆောင်ပါ။ သင်သည် ကောင်းစွာဖတ်ရှုလေ့လာသည့်အလေ့အထများတွင် အကျွမ်းတဝင်ရှိမည်ဆိုလျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပို၍လွယ်ကူစွာဆန်းစစ်နိုင်ကာ သင့်ကိုယ်ကို ဝိညာဉ်ရေးဘက်သန်စွမ်းစေနိုင်သည်။ (တ. ၁၇:၁၁) ကျယ်ပြန့်ပြည့်စုံသောအသိပညာက ဓမ္မအမှုတွင်တွေ့ဆုံရသည့် နောက်ခံ၊ စိတ်ဝင်စားမှုနှင့် ယုံကြည်ချက်အမျိုးမျိုးရှိသောသူတို့ကို ပြောဆိုဆက်ဆံတတ်ရန် သင့်အား ကူညီပေးပါမည်။ ကျောင်းတွင် သင်ဆည်းပူးရယူသည့်ပညာရေးသည် ဘုရားသခင့်အဖွဲ့အစည်းတွင် ခရစ်ယာန်တာဝန်များကို သင်ထမ်းဆောင်စဉ် အသုံးဝင်ပါလိမ့်မည်။—၂ တိမောသေ ၂:၂၁; ၄:၁၁ နှိုင်းယှဉ်။
၃ သင့်ကိုယ်သင် ထောက်ပံ့ရန် သင်ယူပါ– သင်လက်တွေ့ကျင့်သုံးမည်ဆိုလျှင် ကျောင်းပြီးသည့်နောက် ဝမ်းစာရှာရန် လိုအပ်သည့်အတတ်ပညာများကိုလည်း သင်ယူနိုင်သည်။ (၁ တိမောသေ ၅:၈ နှိုင်းယှဉ်။) သင့်ဘာသာရပ်များကို သေသေချာချာရွေးချယ်ပါ။ အလုပ်အကိုင်ရဖို့ အခွင့်အရေးအကန့်အသတ်သာရှိသောနယ်ပယ်တစ်ခုအပေါ် အာရုံစိုက်မည့်အစား မည်သည့်နေရာတွင်မဆို သင့်တော်သောအလုပ်ရရှိစေနိုင်မည့် လက်မှုပညာ သို့မဟုတ် ကျွမ်းကျင်မှုတစ်ခုအား သင်ယူခြင်းကို သုံးသပ်ပါ။ (သု. ၂၂:၂၉) ထိုသို့သင်ကြားထားခြင်းဖြင့် သာ၍လိုအပ်သောနေရာတွင် အမှုဆောင်ရန် သင်ဆုံးဖြတ်ခဲ့သော် သင့်ကိုယ်သင် ထောက်ပံ့ပေးနိုင်ပါလိမ့်မည်။—တမန်တော် ၁၈:၁-၄ နှိုင်းယှဉ်။
၄ ကျောင်းနေစဉ် အခြေခံကောင်းသောပညာရေးတစ်ခုကို ရရှိထားခြင်းဖြင့် သင့်ဓမ္မအမှုကိုတိုးချဲ့ရန် အကူအညီရရှိစေနိုင်၏။ ယေဟောဝါ၏လုပ်ငန်းတော်တွင် သင် တိုးချဲ့ပါဝင်စဉ် သင့်ကိုယ်သင်ထောက်ပံ့ရန် လိုအပ်သည့်ကျွမ်းကျင်မှုများကိုရရှိဖို့ ကြိုးစားလုပ်ဆောင်ပါ။ ဤသို့ဖြင့် သင့်ကျောင်းပညာရေးသည် သင့်ဝိညာဏပန်းတိုင်များသို့ရောက်ရှိရန် အကူအညီဖြစ်စေပါလိမ့်မည်။