အကူအညီတောင်းခံပါ
၁ “ကိုင်တွယ်ရခဲယဉ်း” ဟူသည့်မှုတ်သွင်းခံစကားလုံးများသည် ကျွန်ုပ်တို့၏အကျပ်အတည်းကာလကို ဆီလျော်စွာဖော်ပြသည်။ (၂ တိ. ၃:၁၊ ကဘ) ထို့ကြောင့် ရင်ဆိုင်ရန်အရန်သင့်မဖြစ်ဟု သင်ယူမှတ်ကောင်းယူမှတ်မည့် ခက်ခဲသောဝိညာဏစိန်ခေါ်ချက်များကို ရင်ဆိုင်ရသည့်အခါ သင်ဘာလုပ်နိုင်သနည်း။
၂ ဝိညာဉ်ရေးရင့်ကျက်သော အသင်းတော်သားတစ်ဦးနှင့် သင်စကားပြောလိုသလော။ တစ်စုံတစ်ဦးသည် ရှက်ခြင်း၊ အခွင့်အရေးမယူလိုခြင်း သို့မဟုတ် တစ်ဦးဦးက အမှန်တကယ်ကူညီပေးနိုင်သည်ကို သံသယရှိနေခြင်းတို့ကြောင့် တွန့်ဆုတ်နေပေမည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ကိုယ်ပိုင်တာဝန်များကို အတတ်နိုင်ဆုံးထမ်းဆောင်ရန် ကြိုးစားသင့်သော်လည်း ကျွန်ုပ်တို့၏ဝိညာဏကောင်းစားရေးနှင့်ပတ်သက်သည့်ကိစ္စများတွင်မူ အစဉ်နောက်ဆံမတင်း အကူအညီရှာယူသင့်သည်။—ဂလ. ၆:၂၊ ၅။
၃ အစပြုရမည့်နေရာ– သင့်စာအုပ်ကြီးသင်တန်းမှူးထံချဉ်းကပ်ကာ လယ်ကွင်းလုပ်ငန်းတွင် သင်သည် သူနှင့်အတူအမှုဆောင်နိုင်မည်လောဟု မေးပါလေ။ ယင်းက ဝိညာဉ်ရေးတိုးတက်လိုသည့် သင့်ဆန္ဒနှင့်ပတ်သက်၍ သူ့ကိုပြောပြရန် အခွင့်အရေးရစေပါမည်။ သူသည် ဓမ္မအမှုထမ်းတစ်ဦးဖြစ်လျှင် သင်လိုအပ်သည့်ဝိညာဏအကူအညီကို သူ့အားသိရှိစေပါ၊ သူသည် သင့်ကိုအကူအညီပေးရန် အကြီးအကဲများကို ပြောပြပါလိမ့်မည်။ သို့မဟုတ် သင်သည် သင်နှင့်သက်ဆိုင်သည့်ကိစ္စများနှင့်ပတ်သက်၍ အကြီးအကဲတစ်ဦးဦးထံချဉ်းကပ်နိုင်သည်။
၄ မည်သည့်အကူအညီကို သင်လိုအပ်သနည်း။ တစ်စုံတစ်ရာသည် သင့်ဇွဲကိုလျော့နည်းသွားစေပြီလော။ သင်သည် သားသမီးများကို အသင်းတော်နှင့်နီးကပ်နေစေရန် ကြိုးစားနေသည့် ကြင်ဖော်မဲ့မိဘတစ်ဦးလော။ သင်သည် အကူအညီလိုအပ်နေသည့် သက်ကြီးရွယ်အိုတစ်ဦးလော။ သို့မဟုတ် တစ်စုံတစ်ခုသောပြဿနာကြောင့် သင်စိတ်ဓာတ်ကျနေသလော။ ကျွန်ုပ်တို့၏အကျပ်အတည်းကာလကို ရင်ဆိုင်ကိုင်တွယ်ခြင်းသည် ခက်ခဲပေမည်—သို့သော် မဖြစ်နိုင်ရာမဟုတ်ပါ။ အကူအညီရရှိနိုင်ပါသည်။
၅ အသက်ကြီးသူအမျိုးသားများ အကူအညီပေးပုံ– အကြီးအကဲများသည် အမှန်ပင်ဂရုစိုက်ကြသည်။ သူတို့သည် သင့်စိုးရိမ်ပူပန်မှုများကို နားထောင်ပေးမည်ဖြစ်သည်။ များစွာသောကြေညာသူတို့သည် အလားတူအတားအဆီးများကိုကြုံရလျှင် အကြီးအကဲများသည် ယင်းကို ထည့်သွင်းစဉ်းစားပေးပါမည်၊ အကြောင်းမှာ သူတို့သည် အသင်းတော်ကို ထိန်းကျောင်းသွန်သင်ပေးရသောကြောင့်ပင်။ ‘သိုးတော်စုအတွက်စံပြများ’ အနေနှင့် သူတို့သည် ရွှင်လန်းမှုဖြင့် သင်နှင့်အတူအမှုဆောင်ရန် အသင့်ရှိနေကြသည်။ (၁ ပေ.၅:၃) ကျမ်းစာမူများကို သူတို့ကျိုးကြောင်းဆင်ခြင်ပြောပြကြစဉ် ဤအတွေ့အကြုံရှိသောညီအစ်ကိုများကို နားထောင်ခြင်းသည် သင့်ဓမ္မအမှုကိုတိုးတက်စေနိုင်သည့်အပြင် သင့်ကိုယ်ပိုင်အသက်တာအတွက် အကူအညီဖြစ်စေနိုင်သည်။—၂ တိ. ၃:၁၆၊ ၁၇။
၆ ယေရှုသည် ကျွန်ုပ်တို့အား “အမျိုးသားများပါဝင်သောဆုလာဘ်” များစွာကိုပေးသနားတော်မူခဲ့ပြီ။ (ဧ. ၄:၈၊ အောက်ခြေမှတ်ချက်။) ယင်းက အကြီးအကဲများသည် သင့်ဝန်ဆောင်ပေးသူများဖြစ်သည်ဟူ၍ အဓိပ္ပာယ်ရှိသည်။ သူတို့သည် ‘သင့်အဖို့ဖြစ်’ ဘိသကဲ့သို့ သင့်ကိုကူညီရန် အသင့်ရှိနေကြသည်။ ထို့ကြောင့် တွန့်ဆုတ်မည့်အစား လွတ်လွတ်လပ်လပ်ဖွင့်ပြောပါ။ သင်လိုအပ်သည့်အကူအညီကို တောင်းခံပါ။—၁ ကော. ၃:၂၁-၂၃။