ခရစ်ယာန်ပေါင်းသင်းမှုသည် မည်မျှအရေးကြီးသနည်း
၁ “လူဆိုသည်မှာ တစ်ဦးတည်း ထီးထီးကြီးနေ၍ မဖြစ်ပါ။” ၁၇ ရာစုကဗျာဆရာတစ်ဦး၏ ထိုဖော်ပြချက်သည် အခြေခံလူ့လိုအပ်ချက်တစ်ခု—ပေါင်းသင်းမှု—နှင့်စပ်လျဉ်းသည့် ကျမ်းစာဖော်ပြချက်ကို ပဲ့တင်ထပ်ခြင်းမျှဖြစ်သည်။ (သု. ၁၈:၁) ကျွန်ုပ်တို့၏ခရစ်ယာန်ပေါင်းသင်းမှုသည် ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေး၏။ မည်သည့်အကျိုးရှိသောနည်းများဖြင့်နည်း။
၂ ဓမ္မအမှုတွင်– အထင်ရှားဆုံးအကျိုးကျေးဇူးများအနက်တစ်ခုမှာ လူထုဓမ္မအမှုတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများက ကျွန်ုပ်တို့ကို ခွန်အားပေးကာ အထောက်အကူပေးသောနည်းဖြစ်သည်။ ယေရှုသည် ဟောပြောရန် မိမိ၏တပည့်တော်များကို “နှစ်ယောက်စီ” စေလွှတ်ခဲ့သည်။ (မာ. ၆:၇; လု. ၁၀:၁) ယင်းစံနမူနာနှင့်အညီ ကျွန်ုပ်တို့သည် လယ်ကွင်းလုပ်ငန်းတွင် အခြားသူများနှင့်အတူအမှုဆောင်သောအခါ ဒေသနာ ၄:၉၊ ၁၀ ၏မှန်ကန်မှုကို တွေ့ကြုံကြရသည်။ ဓမ္မအမှုကိုအတူတကွထမ်းဆောင်စဉ် ကျွန်ုပ်တို့အဖော်များ၏ယုံကြည်ခြင်း၊ နာခံခြင်းနှင့် မေတ္တာက ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိရှိစေကာ ကျွန်ုပ်တို့၏ဇွဲကိုအားသစ်လောင်းပေးသည်။
၃ ပုဂ္ဂိုလ်ရေးအကူအညီအတွက်– ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းသည် ဖိစီးမှုများကိုရင်ဆိုင်ဖြေရှင်းရန်နှင့် သွေးဆောင်မှုများကိုတွန်းလှန်ရန်အတွက် အားပေးမှုနှင့်လမ်းပြမှုရင်းမြစ်တစ်ခုလည်းဖြစ်သည်။ ကျွန်ုပ်တို့၏ခရစ်ယာန်အပေါင်းအသင်းများက ကိုယ်ရေးကိုယ်တာကိစ္စများနှင့်သက်ဆိုင်သည့် ကျမ်းချက်များသို့ ကျွန်ုပ်တို့ကိုအာရုံစိုက်စေနိုင်သည်။ သူတို့အတွက် ကျွန်ုပ်တို့ဆုတောင်းပေးသကဲ့သို့ ကျွန်ုပ်တို့အကျိုးအတွက် သူတို့ဆုတောင်းပေးနိုင်သည်။ (၂ ကော. ၁:၁၁) ထို့အပြင် သူတို့၏ကောင်းသောပုံသက်သေက ဖြောင့်မှန်သောအလုပ်များတွင် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးကာ ခွန်အားရှိစေသည်မှာအမှန်ပင်။
၄ အစည်းအဝေးများတွင်– ကျွန်ုပ်တို့သည် အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်သည့်အခါ ခရစ်ယာန်ပေါင်းသင်းမှု၏ကောင်းချီးကိုခံစားရသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစီအစဉ်တွင် ဝိညာဏသွန်သင်ချက်အလျှံပယ်ပါရှိပြီး အစည်းအဝေးများတွင် ကျွန်ုပ်တို့ရောက်ရှိနေခြင်းက ကျွန်ုပ်တို့၏ယုံကြည်သူချင်းများနှင့်ရင်းနှီးစေသည်။ ဤစုဝေးမှုများက စင်မြင့်ပေါ်မှဖြစ်စေ၊ ပရိသတ်ထဲမှဖြစ်စေ ကျွန်ုပ်တို့ညီအစ်ကိုညီအစ်မများ၏ ယုံကြည်ခြင်းဖော်ပြချက်ကို ကြားခွင့်ရရှိစေသည်။ (ရော. ၁:၁၂) ကျွန်ုပ်တို့၏ပေါင်းသင်းမှုအနှောင်အဖွဲ့သည် အစည်းအဝေးမတိုင်မီနှင့်ပြီးသည့်အခါတွင် စကားစမြည်ပြောဆိုစဉ် သာ၍နက်ရှိုင်းလာသည်။ ထိုသို့သောအခါသမယများက ယုံကြည်ခြင်းတည်ဆောက်ပေးသော ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေ့အကြုံများကို ပြောပြရန် အခွင့်အရေးရစေသည်။ ယေဟောဝါ၊ ကိုယ်တော့်နှုတ်ကပါဌ်တော်၊ ကိုယ်တော့်လုပ်ငန်းနှင့် ကိုယ်တော့်လူမျိုးကိုချစ်မြတ်နိုးသူများနှင့် လွတ်လပ်စွာပေါင်းသင်းသည့်အခါ ကျွန်ုပ်တို့၏ဥပဓိရုပ်သည် အပြုသဘောပါသောနည်းဖြင့် အကျိုးသက်ရောက်မှုခံရသည်။—ဖိ. ၂:၁၊ ၂။
၅ ကျွန်ုပ်တို့သည် ခရစ်ယာန်အပေါင်းအသင်းများလိုအပ်ကြသည်။ သူတို့မပါဘဲ အသက်လမ်းကျဉ်းပေါ်လျှောက်ခြင်းသည် ပို၍ခက်မည်ဖြစ်သည်။ သို့သော် သူတို့၏မေတ္တာနှင့်အားပေးမှုဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏ဖြောင့်မတ်သောကမ္ဘာသစ်သို့ ဆက်၍လျှောက်လှမ်းနိုင်သည်။—မ. ၇:၁၄။