သင့်ဓမ္မအမှုကို စေ့စေ့စပ်စပ်ပြီးမြောက်နေစေသလော
၁ ယေရှု၏တပည့်တော်များသည် လူတို့အား “စေ့စေ့စပ်စပ်သက်သေခံ” ခြင်းအားဖြင့် ၎င်းတို့၏ဓမ္မအမှုကို ပြီးမြောက်စေခဲ့ကြကြောင်း တမန်တော်ကျမ်းက ကျွန်ုပ်တို့ကိုသိရှိစေသည်။ (တ. ၂:၄၀၊ ကဘ; တ. ၈:၂၅; ၂၈:၂၃) ယင်းကား တမန်တော်ပေါလု၏ဦးတည်ချက်ဖြစ်ခဲ့သည်မှာ သေချာသည်။ (တ. ၂၀:၂၄) ယင်းသည် သတင်းကောင်း၏ဓမ္မအမှုဆောင်တစ်ဦးအနေနှင့် သင်၏ပန်းတိုင်မဟုတ်ပေလော။ ယင်းကို သင်မည်သို့ပြီးမြောက်စေနိုင်သနည်း။
၂ သင့်တင်ဆက်မှုကို ကြိုတင်ပြင်ဆင်ပါ– ဓမ္မအမှုတွင် ထိရောက်စွာသက်သေခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းသည် အရေးကြီး၏။ အကြောင်းအရာအမြဲပြောင်းနေသောကြောင့် ယင်းသည် မဂ္ဂဇင်းများဝေငှသည့်အခါတွင် အထူးသဖြင့်မှန်ကန်၏။ ကျွန်ုပ်တို့ကို ပို၍အထောက်အကူပေးရန် ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု က ကဏ္ဍသစ်တစ်ခု—နောက်ဆုံးထုတ် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများအတွက် နမူနာတင်ဆက်မှုများကိုဖော်ပြသည့် ဘယ်ဘက်ကော်လံ—ကိုထည့်သွင်းထားသည်။ လထုတ်တစ်ခုစီအတွက် လူအများနှစ်သက်မည့် အခန့်သင့်အကြောင်းအရာတစ်ခုကို ပေါ်လွင်စေပါမည်။ ဤတိုတုတ်သောတင်ဆက်မှုများကို သင်မည်သို့အဆင့်ဆင့်ပြုစုနိုင်သနည်း။
၃ သင့်ရပ်ကွက်တွင် အထိရောက်ဆုံးဖြစ်မည်ဟု သင်ယူဆသည့်အကြံပြုချက်တစ်ခုကိုရွေးပါ။ ဖော်ပြပါဆောင်းပါးကို သေသေချာချာဖတ်ကာ စိတ်ဝင်စားမှုနှိုးဆွပေးနိုင်မည့် သတ်သတ်မှတ်မှတ်အချက်များကို မှတ်ထားပါ။ ဆွေးနွေးခန်းနှင့်ဆက်စပ်မှုရှိပြီး အိမ်ရှင်အား သင်ဖတ်ပြနိုင်မည့် ညွှန်းထားသည့်ကျမ်းချက်တစ်ခုကို မဂ္ဂဇင်းတွင်ရှာပါ။ နားထောင်နေသူကို မဂ္ဂဇင်းဖတ်ဖို့အားပေးရန် တိုတုတ်သည့်ကောက်ချက်တစ်ခုနှင့် သင့်လျော်မည်ဆိုလျှင် အိမ်ရှင်က ယေဟောဝါသက်သေများ၏ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ဝင်နိုင်ရန် တိုတုတ်သည့်ဖော်ပြချက်တစ်ခုတို့ကို ထပ်ဖြည့်စွက်ပါ။ ယခု သင့်တင်ဆက်မှုကို အစမ်းလေ့ကျင့်ပါ။
၄ သမ္မာကျမ်းစာကိုအသုံးပြုရန်စီစဉ်ပါ– စီစဉ်မှုကောင်းခြင်းဖြင့် သင့်တင်ဆက်မှုတွင် ကျမ်းချက်တစ်ချက်ကို ထည့်သွင်းနိုင်သည်။ ဥပမာ၊ နေရာဒေသများစွာမှ အတွေ့အကြုံရှိကြေညာသူများသည် ကျမ်းစာကို လက်ထဲ၌ကိုင်၍ အိမ်ပေါက်ဝသို့သွားကြကာ အိမ်ရှင်အား ဤသို့မိတ်ဆက်ပြောဆိုကြခြင်းဖြင့် အောင်မြင်နေကြသည်–
◼ “ဒီ . . . အကြောင်းကို လူတွေယုံ, မယုံဆိုတာ ကျွန်တော်တို့မေးနေပါတယ်။” ကမ္ဘာဦး ၁:၁ ကိုဖတ်ပြပြီးနောက် ဤသို့မေးပါ– “ဒီဖော်ပြချက်ကို မိတ်ဆွေသဘောတူပါသလား။” သဘောတူလျှင် ဤသို့ဆက်ပြောပါ– “ကျွန်တော်လည်းသဘောတူပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့တယ်ဆိုရင် ဆိုးသွမ်းမှုအတွက်လည်း ဘုရားသခင်မှာတာဝန်ရှိတယ်လို့ မိတ်ဆွေထင်သလား။” ထိုသူ၏တုံ့ပြန်မှုကိုအသိအမှတ်ပြုပြီးနောက် ဒေသနာ ၇:၂၉ ကိုဖတ်ပြပါ။ အသိပညာ စာအုပ်စာမျက်နှာ ၇၁ ကိုဖွင့်ကာ အပိုဒ် ၂ ကိုဖတ်ပြပါ။ ၎င်းစာအုပ်ကိုဖတ်ရန် ထိုသူကိုအားပေးပါ။ အိမ်ရှင်သည် ကမ္ဘာဦး ၁:၁ ဖော်ပြချက်ကို သဘောမတူလျှင် ဖန်ဆင်းခြင်း စာအုပ်ကို ဆန်းစစ်ကြည့်ရန် တိုက်တွန်းပါ။
၅ စိတ်ဝင်စားမှုအားလုံးကို ဆက်လိုက်ပေးပါ– သင်သည် တွေ့ခဲ့ရသည့်စိတ်ဝင်စားမှုကို ဆက်မလိုက်ပေးပါက သင့်ဓမ္မအမှုကို အပြည့်အဝမပြီးမြောက်စေနိုင်ပါ။ မဂ္ဂဇင်း သို့မဟုတ် အခြားစာပေဝေငှရသည်ဖြစ်စေ၊ မဝေငှရသည်ဖြစ်စေ ကောင်းစွာဆွေးနွေးရသည့်အခါ ထိုသူ၏အမည်နှင့်လိပ်စာကို မှတ်ထားပါ။ ချက်ချင်းပြန်သွားခြင်းဖြင့် ထိုသူ၏စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးရန် ဝီရိယရှိရှိကြိုးစားပါ။ ကျမ်းစာသင်အံမှုကို ကမ်းလှမ်းဖြစ်အောင်ကမ်းလှမ်းပါ။
၆ ယေရှုသည် “စေ့စေ့စပ်စပ်သက်သေခံရန်” မိမိတို့အား မိန့်မှာခဲ့ကြောင်း ပထမရာစုတပည့်တော်များသိကြသည်။ (တ. ၁၀:၄၂၊ ကဘ) ထိုမိန့်မှာချက်သည် ကျွန်ုပ်တို့နှင့်လည်းသက်ဆိုင်သည်၊ အကြောင်းမှာ ၎င်းသည် တပည့်များဖြစ်စေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သောကြောင့်ပင်။ (မ. ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့၏ဓမ္မအမှုကို စေ့စေ့စပ်စပ်ပြီးမြောက်စေရန် အစွမ်းကုန်လုပ်ဆောင်ကြစို့။—၂ တိ. ၄:၅။