မေးခွန်းသေတ္တာ
◼ ဗေသလအိမ်များနှင့် ဌာနခွဲအဆောက်အအုံများသို့ သွားရောက်လည်ပတ်သည့်အခါ မည်သည့်ဝတ်စားဆင်ယင်မှုစံနှုန်းကို ကျွန်ုပ်တို့လိုက်လျှောက်သင့်သနည်း။
အဆောက်အအုံကို လှည့်လည်ကြည့်ရှုရန်ဖြစ်စေ၊ ဗေသလမိသားစုဝင်များထံ လည်ပတ်ရန်ဖြစ်စေ ဗေသလအိမ်သို့ သွားရောက်လည်ပတ်သည့်အခါ “နိုင်ငံတော်ခန်းမတွင် ဝတ်ပြုစည်းဝေးများ တက်ရောက်သောအခါများမှာကဲ့သို့ပင် ဖြီးလိမ်းဝတ်စားကျင့်ကြံသင့်ပါသည်။” (နဓ ၁၃၁) သို့သော် ဌာနခွဲရုံးများသို့ သွားရောက်လည်ပတ်သည့်အခါ ညီအစ်ကိုညီအစ်မအချို့သည် ဖြစ်ကတတ်ဆန်းဝတ်စားလာကြသည်ကို တွေ့ရှိရသည်။ ယင်းအဆောက်အအုံများသို့ လည်ပတ်သည့်အခါ ထိုသို့ဝတ်စားခြင်းသည် မသင့်တော်ပေ။ ကျွန်ုပ်တို့၏အသွင်အပြင်သည် တုပထိုက်ပြီး သေသေသပ်သပ်နှင့် ဣန္ဒြေရှိကာ ယေဟောဝါဘုရားသခင်၏ ကျေးကျွန်များနှင့်လိုက်ဖက်သော ယဉ်ကျေးသိမ်မွေ့မှုနှင့် ဂုဏ်သိက္ခာကို ထင်ဟပ်သင့်သည်။—၁ တိ. ၂:၉၊ ၁၀။
အထူးသဖြင့် ဗေသလအိမ်များနှင့် ဌာနခွဲအဆောက်အအုံများသို့ လည်ပတ်သည့်အခါ ထိုသို့ဖြစ်ရန်အရေးကြီး၏၊ အကြောင်းမှာ သက်သေခံမဟုတ်သော အကဲခတ်ကြည့်ရှုနေသူများစွာသည် လည်ပတ်သူတို့ကို အာရုံစိုက်နေသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့ဘေးမှကြည့်နေသူများသည် သူတို့မြင်ရသည့်အရာပေါ်အခြေပြု၍ ဘုရားသခင့်လူမျိုးနှင့် ကိုယ်တော့်အဖွဲ့အစည်းနှင့်ပတ်သက်၍ ထင်မြင်ချက်ပေးကြပေမည်။ သွားရောက်လည်ပတ်ကြမည့် ကျမ်းစာသင်သားများနှင့် အခြားသူတို့အား လျောက်ပတ်သောဝတ်စားဆင်ယင်မှုကို ဂရုစိုက်ခြင်းသည် အရေးကြီးကြောင်း သတိပေးရန် ၎င်းတို့နှင့်စကားပြောလျှင်ကောင်းမည်။ ဗေသလမိသားစုသည် ထိုသို့သင်လုပ်ဆောင်သည်ကို ကျေးဇူးတင်မည်ဖြစ်သည်။
ခရစ်ယာန်ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့၏အသွင်အပြင်သည် ထိမိ၍လဲစရာ တစ်စုံတစ်ခုမျှမဖြစ်စေရန် ဂရုစိုက်ရမည်ဖြစ်သည်။ (၂ ကော. ၆:၃၊ ၄) ယင်းအစား ကျွန်ုပ်တို့၏ယဉ်ကျေးသိမ်မွေ့သောအမူအကျင့်အားဖြင့် အစဉ်အမြဲ ‘ကျွန်ုပ်တို့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်၏သြဝါဒကို အရာရာ၌တန်ဆာဆင်’ နိုင်ကြပါစေ။—တိ. ၂:၉။