အိမ်ထောင်ဦးစီးတို့—ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုကို ထိန်းသိမ်းပါ
၁ ဗာဗုလုန်၏ရုပ်တုကိုးကွယ်မှုနှင့် အကျင့်ပျက်မှုကြားတွင် ဆယ်စုနှစ်ချီ၍ နေထိုင်ခဲ့ရသော်လည်း ဒံယေလသည် ယေဟောဝါ၏အမှုတော်ကို ‘အစဉ်မပြတ်’ ထမ်းဆောင်ခြင်းအတွက် နာမည်ကြီးခဲ့သည်။ (ဒံ. ၆:၁၆၊ ၂၀) သူ၏ဝိညာဉ်ရေးကို မည်သို့ထိန်းသိမ်းခဲ့သနည်း။ စစ်မှန်သောဝတ်ပြုရေးနှင့်ဆက်နွှယ်သည့် လုပ်ဆောင်မှုများပြုလုပ်ရန်အတွက် စည်းစနစ်ကျသောလုပ်ရိုးလုပ်စဉ်တစ်ခု သူ၌ရှိခဲ့သည်ဟု သမ္မာကျမ်းစာမှတ်တမ်းက ဖော်ပြသည်။ ဥပမာ၊ သူသည် အထက်ခန်းတွင် တစ်နေ့သုံးကြိမ် ဆုတောင်းလေ့ရှိ၏။ (ဒံ. ၆:၁၀) ပညတ်တော်ကိုဖတ်ရှုခြင်းကဲ့သို့သော အခြားဝိညာဉ်ရေးလုပ်ဆောင်မှုအတွက်လည်း ချမှတ်ထားသည့်စံနမူနာတစ်ရပ် ရှိခဲ့မည်မှာ သေချာသည်။ ထို့ကြောင့် အသက်အန္တရာယ်ဖြစ်စေသည့်စုံစမ်းမှုကို ရင်ဆိုင်ရသောအခါ ဒံယေလသည် ယေဟောဝါအား ဆည်းကပ်ဝတ်ပြုမှုတွင် မယိမ်းယိုင်ခဲ့ပေ၊ သူသည် အံ့ဖွယ်နည်းဖြင့် ကယ်နုတ်ခံခဲ့ရသည်။—ဒံ. ၆:၄-၂၂။
၂ အလားတူ ယနေ့လည်း ကျွန်ုပ်တို့သည် “အစဉ်မပြတ်နိုးကြားနေ” ရန် ကြိုးစားရမည်။ (ဧ. ၆:၁၈၊ ကဘ) ကျွန်ုပ်တို့အသက်ရှင်နေသောလောကသည် “ဆိုးညစ်သူ၏တန်ခိုးဩဇာအောက်တွင် ရောက်နေ” သည်။ (၁ ယော. ၅:၁၉၊ ကဘ) အတိုက်အခံပြုမှု သို့မဟုတ် စုံစမ်းမှုများသည် ရုတ်တရက်ပေါ်ပေါက်နိုင်ကာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စမ်းသပ်မှုဖြစ်စေနိုင်သည်။ ကြီးစွာသောဒုက္ခအတွင်း ဘုရားသခင့်ကျေးကျွန်များသည် မည်သူမျှလွတ်မြောက်မည့်ပုံမရသည့် မာဂေါဂပြည်မှဂေါဂ၏ မီးကုန်ယမ်းကုန်တိုက်ခိုက်မှုကို ခံရကြမည်ဖြစ်သည်။ ယင်းကြောင့် ယေဟောဝါကို အကြွင်းမဲ့ကိုးစားဖို့လိုမည်ဖြစ်သည်။—ယေဇ. ၃၈:၁၄-၁၆။
၃ “အရေးကြီးဆုံးတစ်ချက်ကတော့ ထိရောက်တဲ့ မိသားစုကျမ်းစာဖတ်ရှုခြင်း၊ လေ့လာခြင်းနဲ့ အသက်လမ်းအကြောင်း ဆွေးနွေးသုံးသပ်ခြင်းပဲဖြစ်တယ်။” “မိသားစုတို့—နေ့စဉ် ကျမ်းစာဖတ်ရှုခြင်းကို သင်တို့၏ဘဝလမ်းစဉ် ဖြစ်စေလော့!” အမည်ရှိ ၁၉၉၈ ခရိုင်စည်းဝေးကြီး ပြဇာတ်နိဒါန်းတွင် ထိုသို့ဖော်ပြခဲ့သည်။ ယင်းက ဤသို့ဆက်ဖော်ပြသည်– “မိသားစုတွေဟာ ကျမ်းစာကို အသက်ဝင်စေတဲ့နည်းနဲ့ အစီအစဉ်ကို ပုံမှန်လုပ်သွားမယ်ဆိုရင် ကျမ်းစာကိုအလေးထားတဲ့ ဒီလုပ်ငန်းစဉ်က မိသားစုအပေါ် ထိထိမိမိ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့အသိပညာကို တိုးပွားစေတယ်။ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို သန်စွမ်းစေတယ်။ ဒီအပြင် သမ္မာတရားမှာရပ်တည်ဖို့ ကျွန်တော်တို့ကို အားပေးမှုနှင့် လှုံ့ဆော်မှုဖြစ်စေနိုင်တဲ့ ကဏ္ဍအလိုက်စံနမူနာရှင်တွေ—ရှေးအချိန်က တကယ့်ကိုသစ္စာရှိခဲ့ကြတဲ့ အမျိုးသားအမျိုးသမီးတွေ—အကြောင်း ဖော်ပြပေးထားပါတယ်။” ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခု၏ အသွင်အမျိုးမျိုးကို ကျွန်ုပ်တို့သုံးသပ်စဉ် အိမ်ထောင်ဦးစီးများသည် မိမိတို့မိသားစု၏ဝိညာဉ်ရေးအစီအစဉ်တိုးတက်ရန် နည်းလမ်းတစ်ခုနှစ်ခုကို ရှာဖွေသင့်သည်။
၄ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်သုံးသပ်ပါ– “ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုသည် အတိုက်အခံမရှိ၊ ကောင်းကင်တွင် ကိုယ်တော့်အလိုတော်ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင် ပြည့်စုံသောအခါ ရက်စက်ကြမ်းကြုတ်သော လူသားများသာမက တိရစ္ဆာန်များပင် ‘အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း’ ပြုကြတော့မည်မဟုတ်ပါ။ (ဟေရှာ. ၁၁:၉; မ. ၆:၉၊ ၁၀)” ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၁ စက်တင်ဘာ ၁၁ ရက်အတွက် ကျမ်းချက်နှင့်စပ်လျဉ်းသည့် မှတ်ချက်များ၌ ထိုစကားများကိုတွေ့ရသည်။ ဤသတိပေးချက်သည် မည်မျှစိတ်သက်သာစရာပါတကား! အိမ်ထောင်ဦးစီးတစ်ဦးအနေနှင့် သင့်မိသားစုနှင့်အတူ ကျမ်းချက်နှင့် မှတ်ချက်များကို နေ့စဉ်သုံးသပ်သည့်အလေ့အထရှိသလော။ ၎င်းသည် အလွန်အကျိုးရှိ၏။ နံနက်ပိုင်းတွင်လူဆုံဖို့မဖြစ်နိုင်လျှင် ညနေပိုင်းတွင် ထိုသို့ပြုလုပ်နိုင်ပေမည်။ ဖခင်တစ်ဦးက “ညနေစာစားချိန်ဟာ ကျွန်တော်တို့အတွက် နေ့စဉ်ကျမ်းချက်ဆွေးနွေးဖို့ အချိန်အခါကောင်းဖြစ်သွားပြီ” ဟုဆိုသည်။
၅ သင်၌ မိသားစုလိုက် နေ့စဉ်ကျမ်းချက်ဆွေးနွေးသည့် လုပ်ရိုးလုပ်စဉ်ကောင်းတစ်ခု ရှိထားပြီဆိုလျှင် ချီးမွမ်းစရာဖြစ်သည်။ ၎င်းအချိန်တွင်ပင် ကျမ်းစာမှအပိုင်းတစ်ပိုင်းကို ဖတ်ရှုခြင်းဖြင့် သင် ထပ်ဆင့်အကျိုးရရှိနိုင်သည်။ အချို့သူတို့သည် နေ့စဉ်ကျမ်းချက်ယူထားသည့်ကျမ်းမှ အခန်းကြီးတစ်ခုလုံးကို ဖတ်ရှုလေ့ရှိကြသည်။ အခြားသူတို့မူ ရွေးချယ်ထားသောကျမ်းစောင်တစ်ခုကို အစမှအဆုံးထိ ဆက်တိုက်ဖတ်ကြသည်။ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းသည် ယေဟောဝါ၏စိတ်တော် ငြိုငြင်မည်ကိုစိုးရွံ့သည့် အကျိုးဖြစ်ထွန်းသောကြောက်ရွံ့မှုမွေးမြူရန် သင့်မိသားစုအား ကူညီပေးမည်ဖြစ်ကာ သူတို့၌ ကိုယ်တော့်အလိုတော်ကို ပိုမိုဆောင်ရွက်လိုစိတ်ရှိစေပေမည်။—တရား. ၁၇:၁၈-၂၀။
၆ အချက်အလက်များ၏ လက်တွေ့ကျတန်ဖိုးကိုဆွေးနွေးရန် အချိန်အနည်းငယ်ယူမည်ဆိုလျှင် သင့်မိသားစု၏ ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်နှင့် နေ့စဉ်ကျမ်းချက်သုံးသပ်မှုသည် ပို၍ပင်အကျိုးရှိမည်ဖြစ်သည်။ ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၆၀ ကဤသို့အကြံပြုသည်– “ဤအပတ်အတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်မှ အခန်းငယ်အနည်းငယ်ကို သင်ရွေးချယ်ကာ ယင်းတို့၏အဓိပ္ပာယ်ကိုဆွေးနွေးနိုင်သည်၊ ယင်းနောက် ဤသို့သောမေးခွန်းများကိုမေးပါ– ‘ဤအချက်က ကျွန်ုပ်တို့ကို မည်သို့လမ်းညွှန်ပေးသနည်း။ ဓမ္မအမှုတွင် ထိုအခန်းငယ်များကို ကျွန်ုပ်တို့မည်သို့အသုံးပြုနိုင်မည်နည်း။ ယေဟောဝါနှင့် ကိုယ်တော့်ပြုမူပုံတို့နှင့်ပတ်သက်၍ ယင်းတို့က ဘာကိုဖော်ပြပြီး ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏လေးမြတ်မှုကို မည်သို့တည်ဆောက်ပေးသနည်း။’” ထိုသို့သောဝိညာဉ်ရေးအကြောင်း ပြောဆိုမှုများသည် သင့်အိမ်သားအားလုံးအား “သခင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏အလိုတော်ရှိရာကို ပိုင်းခြား၍သိ” ရန်ကူညီပေးပါမည်။—ဧ. ၅:၁၇။
၇ မိသားစုသင်အံမှု– မိသားစုသင်အံမှုကို ပတ်စဉ်ပုံမှန်ကျင်းပခြင်းသည် ဝိညာဉ်ရေးရာများကို ဦးစားထားကြောင်း မိမိတို့၏သားသမီးများကိုပြရန် အိမ်ထောင်ဦးစီးများအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်၏။ လူငယ်တစ်ဦးက ဤသို့ပြန်ပြောပြသည်– “တစ်ခါတလေ အဖေအလုပ်ကပြန်လာတဲ့အခါ အရမ်းမောပန်းနေလို့ မငိုက်အောင်ကြိုးစားနေရပေမဲ့ သင်အံမှုကိုတော့ မပျက်မကွက်ပြုလုပ်တယ်။ အဲဒါကြောင့် သင်အံမှုရဲ့အရေးကြီးမှုကို ကျွန်တော်တို့သဘောပေါက်လာတယ်။” ကလေးများလည်း အစီအစဉ်အောင်မြင်ရန် အထောက်အကူပြုနိုင်သည်။ ကလေးကိုးယောက်ရှိသော မိသားစုတစ်စုသည် အခြားအချိန်စီစဉ်၍မရနိုင်သောကြောင့် မိသားစုသင်အံမှုအတွက် နံနက်ငါးနာရီတွင် မှန်မှန်ထကြရသည်။
၈ မိသားစုသင်အံမှုအတွက်ထိရောက်မှုရှိရန် အိမ်ထောင်ဦးစီးသည် ‘သူ၏ဆုံးမသြဝါဒကို အမြဲသတိပြုနေ’ ရမည်။ (၁ တိ. ၄:၁၆) ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၃၂ ကဤသို့ဖော်ပြသည်– “ထိရောက်သောမိသားစုသင်အံမှုသည် သင့်မိသားစုကိုယ်နှိုက် လေ့လာမှုနှင့် အစပြုသည်ဟု ကောင်းစွာဆိုနိုင်သည်။ သင့်မိသားစုဝင်များသည် ဝိညာဉ်ရေးတိုးတက်မှုအခြေအနေ မည်သို့ရှိသနည်း။ . . . သင်သည် သင့်သားသမီးများနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင်ရှိစဉ် သူတို့လေးများသည် သူတို့၏ရွယ်တူချင်းများရှေ့၌ မိမိတို့ကိုယ်ကို ယေဟောဝါသက်သေများအဖြစ် ဖော်ပြရာတွင် သက်သောင့်သက်သာခံစားရသလော။ သူတို့လေးများသည် သင့်မိသားစုကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာမှုအစီအစဉ်ကို နှစ်သက်ပါ၏လော။ သူတို့လေးများသည် ယေဟောဝါ၏လမ်းစဉ်ကို သူတို့၏ဘဝလမ်းစဉ် အမှန်ဖြစ်စေနေကြသလော။ ဂရုတစိုက်အကဲခတ်ကြည့်ရှုခြင်းက အိမ်ထောင်ဦးစီးတစ်ယောက်အနေနှင့် သင်သည် မိသားစုဝင်တစ်ယောက်စီတွင် ဝိညာဉ်ရေးအရည်အချင်းများကို အခြေချတည်ဆောက်နိုင်ရန် အဘယ်အရာပြုလုပ်ဖို့လိုအပ်ကြောင်း ဖော်ပြပေးမည်။”
၉ အသင်းတော်အစည်းအဝေးများ– အသင်းတော်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်တက်ရောက်ခြင်းသည် သင့်အပတ်စဉ်လုပ်ရိုးလုပ်စဉ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သင့်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ရံဖန်ရံခါ သင်သည် အစည်းအဝေးအချို့ကို မိသားစုလိုက် ပြင်ဆင်နိုင်ပေမည်။ သင်သည် အချိန်ကပ်မှပြင်ဆင်မည့်အစား ကြိုတင်၍ကောင်းစွာပြင်ဆင်ရန် စီစဉ်နိုင်မည်လော။ ယင်းနှင့်စပ်လျဉ်း၍ စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်တစ်ခုသည် သင့်ပြင်ဆင်မှုအရည်အသွေးကိုရော အစည်းအဝေးများမှ သင်ရရှိသောအကျိုးကျေးဇူးများကိုပါ တိုးပွားစေပါမည်။—သု. ၂၁:၅။
၁၀ အရည်အသွေးနှင့် တစ်သမတ်တည်းဖြစ်မှုတို့သည် ထိရောက်သော ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်တစ်ခု၏ လက္ခဏာများဖြစ်၏။ အခြေအနေများက အစည်းအဝေးအားလုံးအတွက်ပြင်ဆင်ရန် သင့်အတွက်အခက်တွေ့စေလျှင်ကော အသို့နည်း။ ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၃၁ ကဤသို့အကြံပြုသည်– “အကြောင်းအရာကို ပြီးလျှင်ပြီးရောသဘောဖြင့် အလောတကြီးပြုလုပ်ခြင်း သို့မဟုတ် သာ၍ဆိုးသည်မှာ ယင်းအားလုံးကို မလေ့လာနိုင်မည့်အတူတူ မည်သည့်အရာကိုမှ မလေ့လာတော့ခြင်း ထောင်ချောက်များကို အမိမခံပါနှင့်။ ယင်းအစား သင်မည်မျှလေ့လာနိုင်သည်ကို ဆုံးဖြတ်ပြီး ကောင်းစွာလေ့လာမှုပြုပါ။ ယင်းကိုအပတ်စဉ်ပြုလုပ်ပါ။ တဖြည်းဖြည်း အခြားစည်းဝေးများအတွက်ပါ တိုးချဲ့လေ့လာဖို့ ကြိုးပမ်းအားထုတ်ပါ။”
၁၁ မိသားစုတို့သည် အစည်းအဝေးများသို့ စောစောရောက်သည့်အခါ ယင်းက ယေဟောဝါအားချီးမွမ်းရန် သင့်လျော်သည့်စိတ်သဘောထားရရှိစေကာ ကိုယ်တော်ပေးသည့် ညွှန်ကြားချက်မှ အကျိုးရရှိစေသည်။ သင့်မိသားစုတွင် ထိုအလေ့အထရှိသလော။ ထိုသို့ဖြစ်ရန် ကောင်းစွာစီစဉ်မှုနှင့် အိမ်သားအားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။ သင့်မိသားစုသည် အစည်းအဝေးနေ့များတွင် ကတိုက်ကရိုက်နှင့် စိတ်ပင်ပန်းနေသည်ကို မကြာခဏတွေ့ရလျှင် သင်၏လုပ်ရိုးလုပ်စဉ်ကို ပြုပြင်ပြောင်းလဲနိုင်မည်လော။ ကြိုတင်လုပ်ဆောင်နိုင်သည့်အရာများ ရှိသလော။ မိသားစုဝင်တစ်ဦးသည် လုပ်ဆောင်စရာများစွာနှင့်ဝန်ပိနေလျှင် အခြားသူများက အကူအညီပေးနိုင်သလော။ အစည်းအဝေးသို့ မိနစ်အနည်းငယ်စော၍ထွက်ရန် အားလုံးအသင့်ရှိကြမည်ဆိုလျှင် စိတ်ပင်ပန်းမှုကိုလျော့စေမည်လော။ စီစဉ်မှုကောင်းရှိခြင်းသည် မိသားစုနှင့် အသင်းတော်နှစ်ခုစလုံးတွင် ငြိမ်သက်သောစိတ်သဘောကိုတိုးပွားစေ၏။—၁ ကော. ၁၄:၃၃၊ ၄၀။
၁၂ လယ်ကွင်းလုပ်ငန်း– ဓမ္မအမှုတွင်ပါဝင်ရန် အချိန်သတ်မှတ်ထားခြင်းသည် ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခု၏ နောက်ထပ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဂျေဆင်အမည်ရှိလူငယ်တစ်ဦးက ဤသို့ပြန်ပြောပြသည်– “ကျွန်တော်တို့မိသားစုဟာ စနေနေ့နံနက်တိုင်း လယ်ကွင်းလုပ်ငန်းမှာပါဝင်ကြတယ်။ ဒါက ကျွန်တော့်အတွက်အကျိုးဖြစ်ခဲ့တယ်၊ အကြောင်းကတော့ အမှုဆောင်ထွက်လေလေ ဖြစ်မြောက်အောင်မြင်မှုတွေကို တွေ့မြင်လေလေ ကျွန်တော်ပျော်ရွှင်မှုပိုရလာလေလေပဲ။” သက်သေခံအိမ်ထောင်စုများတွင် ကြီးပြင်းခဲ့သူများစွာသည် အပတ်စဉ် ဓမ္မအမှုအတွက် အချိန်အတိအကျသတ်မှတ်ထားခြင်းက ခရစ်ယာန်ဓမ္မအမှုဆောင်များအဖြစ် တိုးတက်ရန် သူတို့အတွက်အကူအညီဖြစ်စေခဲ့ကြောင်း အလားတူသတိပြုမိခဲ့ကြသည်။
၁၃ စည်းစနစ်ကျသောလုပ်ရိုးလုပ်စဉ်တစ်ခုသည် လယ်ကွင်းလုပ်ငန်းတွင် သင့်မိသားစုအသုံးပြုသည့်အချိန်ကို ပို၍ပျော်ရွှင်စရာဖြစ်စေရန်နှင့် ပို၍အကျိုးဖြစ်ထွန်းစေရန်လည်း ကူညီပေးနိုင်သည်။ ယင်းကို ကျွန်ုပ်တို့ မည်သို့ဖြစ်မြောက်စေနိုင်သနည်း။ ဇူလိုင် ၁၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁ က အောက်ပါအတိုင်းအကြံပြုသည်– “မိသားစုသင်အံမှုပြုချိန်တွင် ရံဖန်ရံခါအချိန်ယူပြီး သီတင်းပတ်၏လယ်ကွင်းလုပ်ငန်းအတွက် သင့်အိမ်ထောင်စုဝင်များကို ကူညီပြင်ဆင်ပေးပါသလော။ သို့ပြုခြင်းသည် အလွန်အကျိုးရှိနိုင်သည်။ (၂ တိမောသေ ၂:၁၅) ဤသို့ပြုခြင်းက သူတို့၏လုပ်ငန်းတော်ကို အဓိပ္ပာယ်ရှိစေပြီး ဖြစ်ထွန်းစေ၏။ ရံဖန်ရံခါ ထိုသို့သောပြင်ဆင်မှုအတွက် သင်အံမှုအစီအစဉ်တစ်ခုလုံးကို သတ်မှတ်ထားလိုပေမည်။ သို့သော် များသောအားဖြင့် မိသားစုသင်အံမှုအဆုံးတွင် သို့မဟုတ် သီတင်းပတ်အတွင်းတစ်ချိန်ချိန်တွင် လယ်ကွင်းလုပ်ငန်း၏အသွင်အပြင်များကို ခဏတစ်ဖြုတ်ဆွေးနွေးလိုပေမည်။” သင့်မိသားစုသည် ယင်းကိုစမ်းကြည့်ဖူးပြီလော။
၁၄ ဆက်လက်တိုးတက်နေပါ– ဤသုံးသပ်မှုမှ သင့်မိသားစု ကောင်းစွာလုပ်ဆောင်နေသည့်ကဏ္ဍများကို သင် သတိပြုမိခဲ့ပြီလော။ သူတို့ကိုချီးမွမ်းပါ၊ ၎င်းကဏ္ဍများတွင်တိုးတက်ရန် ကြိုးစားပါ။ တိုးတက်ဖို့လိုသည့်ကဏ္ဍအချို့ကို သင်တွေ့ရှိလျှင် ဦးဆုံးကိုင်တွယ်ရန် တစ်ခုနှစ်ခုကိုရွေးပါ။ ယင်းတို့သည် သင့်ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်၏ အစိတ်အပိုင်းဖြစ်လာသောအခါ နောက်ထပ်တစ်ခုနှစ်ခုကို ကိုင်တွယ်ပါ။ အပြုသဘောနှင့် အကျိုးသင့်အကြောင်းသင့်ရှိပါ။ (ဖိ. ၄:၄၊ ၅၊ ကဘ) သင့်အိမ်ထောင်အတွက် ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုချမှတ်ရန် များစွာကြိုးစားဖို့လိုသော်လည်း ယင်းသည် ကြိုးစားရကျိုးနပ်ပါသည်၊ အကြောင်းမှာ ယေဟောဝါက “မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်းကျေးဇူးကို ငါပြမည်” ဟုကျွန်ုပ်တို့ကို အာမခံထားသောကြောင့်ဖြစ်သည်။—ဆာ. ၅၀:၂၃။