နိုင်ငံတော်ခန်းမစာကြည့်တိုက်များအတွက် အစီအစဉ်သစ်
ကမ္ဘာတစ်ဝန်းရှိ အသင်းတော်များသည် ယခင်က သီအိုကရက်တစ် ဓမ္မအမှုကျောင်းစာကြည့်တိုက်ဟူ၍ ခေါ်ဝေါ်သည့် နိုင်ငံတော်ခန်းမစာကြည့်တိုက်ကို အသုံးပြုခြင်းဖြင့် အကျိုးခံစားခဲ့ကြရသည်မှာ ယခု နှစ်ပေါင်းများစွာရှိနေပေပြီ။ ယခင်က အသင်းတော်တစ်ခုစီတွင် မိမိတို့၏ကိုယ်ပိုင်စာကြည့်တိုက်ရှိဖို့ လိုအပ်သည်ဟု ယူမှတ်ခဲ့ကြသည်။ သို့သော် ယခုအခါ အသင်းတော်တစ်ခုထက်မက အသုံးပြုနေသော နိုင်ငံတော်ခန်းမများစွာရှိကာ ၎င်းတို့မှ အချို့သည် နိုင်ငံခြားဘာသာစကားပြော အသင်းတော်များဖြစ်ကြရာ နိုင်ငံတော်ခန်းမတစ်ခုစီတွင် ဘာသာစကားအုပ်စုတစ်ခုစီအတွက် ပစ္စည်းကိရိယာစုံပြီး ခေတ်မီသော နိုင်ငံတော်ခန်းမစာကြည့်တိုက် တစ်ခုတည်းထားခြင်းသည် အကောင်းဆုံးဖြစ်ပုံရသည်။ စည်းဝေးခန်းမ တစ်ခုထက်မက ပါရှိသော နိုင်ငံတော်ခန်းမများ၌ စည်းဝေးခန်းမတစ်ခုစီတွင် စည်းဝေးကျင်းပသည့် ဘာသာစကားအုပ်စုတစ်ခုစီအတွက် စာကြည့်တိုက်တစ်ခုရှိသင့်သည်။
ဤအစီအစဉ်သည် နေရာနှင့် အကုန်အကျသက်သာစေမည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် အသင်းတော်နှစ်ခု သို့မဟုတ် ထိုထက်မကသောအသင်းတော်များ၏ စာကြည့်တိုက်များကို ပေါင်းထားခြင်းသည် ပိုမိုကောင်းမွန်သောစာကြည့်တိုက်များ ဖြစ်စေနိုင်သည်။ ၎င်းတို့ကို ပေါင်းထားသောအခါ စာအုပ်များ အပိုစုဆောင်းထားနိုင်ပြီး နောင်တွင် နိုင်ငံတော်ခန်းမ အသစ်များဆောက်သည့်အခါ ယင်းတို့ကို အသုံးပြုနိုင်သည်။ နိုင်ငံတော်ခန်းမတွင် စီဒီဓာတ်ပြားဖြင့် ကင်းမျှော်စင်စာကြည့်တိုက် ပါသည့် ကွန်ပျူတာတစ်လုံးထားမည်ဆိုလျှင် အချို့သူတို့အတွက် ဤကိရိယာသည် အလွန်အကျိုးရှိကြောင်း တွေ့ရပေမည်။
နိုင်ငံတော်ခန်းမ စာကြည့်တိုက်တစ်ခုစီအတွက် ညီအစ်ကိုတစ်ဦးသည် စာကြည့်တိုက်မှူးအဖြစ် ထမ်းဆောင်မည်၊ ထိုညီအစ်ကိုသည် သီအိုကရက်တစ် ကျောင်းကြီးကြပ်မှူးတစ်ဦးဖြစ်လျှင် ပိုကောင်းသည်။ သူသည် သင့်လျော်သည့်စာပေများကို အဆင့်ဆင့်ထည့်သွင်း စုဆောင်းသွားကာ စာအုပ်တစ်အုပ်စီ၏ အတွင်းအဖုံးတွင် ၎င်းပိုင်ဆိုင်သည့် နိုင်ငံတော်ခန်းမစာကြည့်တိုက်ကို ဖော်ပြရန် သပ်ရပ်စွာရေးမှတ်ထားသင့်သည်။ သူသည် အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် စာအုပ်များ အပြည့်အစုံရှိမရှိ စစ်ဆေးကာ အခြေအနေကောင်းနေစေရန် သေချာစေသင့်သည်။ ဤစာကြည့်တိုက်များမှ စာအုပ်များကို နိုင်ငံတော်ခန်းမအပြင်သို့ မယူသွားသင့်ချေ။
အသင်းတော်နှင့်ပေါင်းသင်းနေသူအားလုံးသည် နိုင်ငံတော်ခန်းမစာကြည့်တိုက်ကို ဆက်လက်၍ အလွန်တန်ဖိုးထားကြရန်ဖြစ်သည်။ ယင်းကို ကြည့်ရှုစောင့်ရှောက်ကာ “ဘုရားသခင်ကိုသိသောဉာဏ်” ကိုရှာဖွေရန် အသုံးပြုခြင်းအားဖြင့် ဤအစီအစဉ်ကို ကျွန်ုပ်တို့ကိုယ်တိုင် တန်ဖိုးထားကြောင်း ပြသနိုင်ကြပါစေ။—သု. ၂:၅။