သန့်ရှင်းသောလူမျိုးတစ်မျိုး ယေဟောဝါကိုဂုဏ်တင်
၁။ ယောဟန်၏လူအုပ်ကြီးရူပါရုံတွင် သူတို့သည် မည်သို့ဝတ်ဆင်ထားသနည်း၊ အဘယ်ကြောင့်နည်း။ သန့်ရှင်းရမည်ဟူသော ကျွန်ုပ်တို့အတွက်သြဝါဒကို ကျမ်းစာ၏အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။
၁ သက်ကြီးရွယ်အို တမန်တော်ယောဟန်သည် ယေဟောဝါနှင့် ယေရှုရှေ့မှောက် ရပ်နေသော လူအုပ်ကြီးနှင့်ဆိုင်သည့်ရူပါရုံတစ်ခုကို ဗျာဒိတ် အခန်းကြီး ၇ တွင်မှတ်တမ်းတင်ခဲ့သည်။ အခန်းငယ် ၉ တွင် သူတို့ဝတ်ဆင်ထားပုံကို ဖော်ပြထားသည်။ ဖြူသောဝတ်လုံများသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ အဖြူရောင်သည် သန့်ရှင်းခြင်း၏ ဆီလျော်သောအထိမ်းအမှတ်ဖြစ်၏။ ကြီးစွာသောဒုက္ခထဲမှ ထွက်မြောက်လာသောလူအုပ်ကြီးသည် သူတို့၏ဝတ်လုံများကို လျှော်၍ဖြူစေခဲ့ကြပြီ။ သူတို့သည် ယေဟောဝါရှေ့ သန့်ရှင်း၍ နှစ်သက်လက်ခံမှုရရှိရန် ကြိုးစားခဲ့ကြသည်။ (ဗျာ. ၇:၁၄၊ ၁၅) သန့်ရှင်းသောဘုရားသခင် ယေဟောဝါအား ဝတ်ပြုလိုသူတိုင်း ကဏ္ဍတိုင်းတွင် သန့်ရှင်းရမည်။ တမန်တော်ပေါလုက သူ့ခေတ်ရှိခရစ်ယာန်များအား ‘သူတို့၏ကိုယ်အင်္ဂါများကို အသက်ရှင်သော၊ သန့်ရှင်းမြင့်မြတ်သော၊ ဘုရားသခင်လက်ခံဖွယ်သော ပူဇော်သကာများအဖြစ်ဆက်သကြ’ ရန် စာရေးအားပေးခဲ့သည်။ (ရော. ၁၂:၁၊ ကဘ) ယနေ့ ဤသြဝါဒကို ကျွန်ုပ်တို့ မည်သို့ကျင့်သုံးနိုင်သနည်း။
၂။ ဝိညာဉ်ရေးအရ မသန့်ရှင်းသူများကို အဘယ်အရေးယူမှုပြုလုပ်သနည်း။ အဘယ်အကျင့်များက ကာယရေးမသန့်ရှင်းမှုကို ဖြစ်စေသနည်း။
၂ ကျွန်ုပ်တို့အားလုံးသည် ဝိညာဉ်ရေးအရ သန့်ရှင်းခြင်း၏အရေးကြီးမှုကို နားလည်ကြသည်။ ကျွန်ုပ်တို့သည် စာရိတ္တကောင်းမွန်ပြီး ယုံကြည်စိတ်ချရသောလူမျိုးနှင့်အတူ ပျော်မွေ့ကြရသည်။ ကျွန်ုပ်တို့သည် မသန့်ရှင်းသောအကျင့်များတွင် စိတ်လိုကိုယ်လျောက်ပါဝင်ခဲ့သူများကို ရှောင်ကြဉ်ရုံမက အသင်းတော်မှပင် ဖယ်ရှားကြသည်။ (၁ ကော. ၆:၉-၁၁) သို့သော် ကျွန်ုပ်တို့၌ ကာယရေးသန့်ရှင်းမှုနှင့်ပတ်သက်၍ အလားတူ အရေးတကြီးသဘောထားရှိသလော။ (တိ. ၂:၁၄) ယနေ့ လူအများစုသည် ကမ္ဘာမြေကြီးနှင့် သဘာဝဝန်းကျင်ကို လေးစားမှုမရှိကြချေ။ လူအများသည် ယေဟောဝါ၏ လှပသောဖန်ဆင်းခြင်းလက်ရာကို အမှိုက်သရိုက်၊ စွန့်ပစ်ပစ္စည်းပုံစံအမျိုးမျိုးဖြင့် ညစ်ညမ်းစေကြသည်။ လမ်းများပေါ်လျှောက်သွားစဉ်၊ ဘတ်စကားနှင့် ရထားများဖြင့် ခရီးသွားစဉ် မိမိတို့၏အမှိုက်သရိုက်ကို မြေကြီးပေါ်ပစ်ချခြင်း သို့မဟုတ် ပြတင်းပေါက်မှလွှင့်ပစ်ခြင်းကို ပေါ့ပေါ့တန်တန်သဘောထားကြသည်။ ထို့အပြင် လူတို့သည် အခြားသူများသွားလာနေသောနေရာတွင် တံတွေးထွေးကာ နှာရည်ညှစ်ကြသည်။ အိမ်များနှင့် လူနေရပ်ကွက်များသည် များသောအားဖြင့် ရှုပ်ပွကာ ညစ်ပတ်နေသည်။ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဝန်းကျင်ရှိလောကနှင့် ကွာခြားဖို့လိုသည်။ အဘယ်ကြောင့်နည်း။
၃။ သန့်ရှင်းမှုနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ အဘယ်ကြောင့် လောကနှင့်ကွာခြားကြသနည်း။ အဘယ်ကျမ်းစာမူများက ကျွန်ုပ်တို့၏ဘဝလမ်းစဉ်ကို ဆုံးဖြတ်ပေးသနည်း။ တောင်းဆို ဘရိုရှာပါရုပ်ပုံများမှ သန့်ရှင်းမှုနှင့်ပတ်သက်၍ အဘယ်အရာသိရှိနိုင်သနည်း။
၃ ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်သောဘုရားသခင် ယေဟောဝါကို ကိုးကွယ်ကြသည်။ (ဟေရှာ. ၆:၃) ကိုယ်တော်သည် သန့်ရှင်းစင်ကြယ်တော်မူသောကြောင့် ကျွန်ုပ်တို့လည်း သန့်ရှင်းစင်ကြယ်ရမည်။ (၁ ပေ. ၁:၁၆) ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်တိုင် အကျိုးကျေးဇူးခံစားရရန် သွန်သင်ပေးတော်မူ၏။ (ဟေရှာ. ၄၈:၁၇) ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများဖြစ်ကြကာ ထိုနိုင်ငံတော်ဥပဒေများက ကျွန်ုပ်တို့ကို စိုးမိုးထားသည်။ (ယော. ၁၇:၆) များမကြာမီ မြေကြီးသည် ပရဒိသုအဖြစ် ပြောင်းလဲသွားမည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။ (လု. ၂၃:၄၃) ကျွန်ုပ်တို့ကိုယ်ကို မေးလျှင်ကောင်းမည်။ ကျွန်ုပ်၏အပြုအမူ၊ အကျင့်အကြံနှင့် လူနေမှုအခြေအနေများက ကျွန်ုပ်သည် အမှန်တကယ် ဘုရားသခင့်နိုင်ငံတော် လက်အောက်ခံတစ်ဦးဖြစ်ကြောင်း ဖော်ပြသလော။ (မာလ. ၃:၁၈) ကျွန်ုပ်တို့၏ နိုင်ငံတော်ခန်းမအသွင်အပြင်နှင့် ခြံဝင်းက ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်ကို ကောင်းစွာရောင်ပြန်ဟပ်သလော။ သဘာဝဝန်းကျင်အား ကျွန်ုပ်၏ပြုမူပုံက ကျွန်ုပ်သည် ကမ္ဘာမြေကြီးကို ပရဒိသုတစ်ခုဖြစ်လာရန် စိတ်ဆန္ဒပြင်းပြကြောင်း ဖော်ပြသလော။ (တောင်းဆို ဘရိုရှာ၊ စာမျက်နှာ ၁၈ ပါရုပ်ပုံများနှင့် အပိုဒ် ၅ ကိုသုံးသပ်ပါ)
၄။ နိုင်ငံတော်ခန်းမတွင် အဘယ်နေရာများသည် ဂရုစိုက်မှုလိုအပ်နိုင်သနည်း။ အသင်းတော်ရှိ မည်သူများသည် နိုင်ငံတော်ခန်းမ သန့်ရှင်းမှုရှိနေစေရန် တာဝန်ရှိသနည်း။
၄ အစည်းအဝေးများပြီးနောက် နိုင်ငံတော်ခန်းမကြမ်းပြင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာသတိပြုမိသနည်း။ နိုင်ငံတော်ခန်းမများစွာ၏ ထိုင်ခုံများအောက်တွင် စက္ကူအပိုင်းအစများနှင့် အမှိုက်သရိုက်များကိုတွေ့ရခြင်းသည် အဆန်းမဟုတ်သည်မှာ ဝမ်းနည်းစရာပင်။ နိုင်ငံတော်ခန်းမ၏ဥယျာဉ်၊ ခြံဝင်းများနှင့်ပတ်သက်၍ကော။ အသင်းတော်တစ်ခုအနေနှင့် ကျွန်ုပ်တို့သည် ယင်း၏အသွင်အပြင်အတွက် ဂုဏ်ယူကြသလော။ အချို့က နိုင်ငံတော်ခန်းမအပြင်ဘက်ကို တံတွေးထွေးစရာ၊ အမှိုက်ပစ်စရာနေရာအဖြစ် တလွဲယူမှတ်ကြသည်။ သို့သော် ခြံဝင်းတစ်ခုလုံးသည် ယေဟောဝါအား ဝတ်ပြုသည့်နေရာမဟုတ်လော။ နိုင်ငံတော်ခန်းမများတွင် နေထိုင်သူများသည် ခြံဝင်းကို သန့်ရှင်းနေစေရန်နှင့် ကောင်းစွာဂရုစိုက်ရန် အထူးသတိပြုသင့်သည်။ ရှုမကောင်းသည့်ပေါင်းပင်များနှင့် အမှိုက်သရိုက်ကို စုသိမ်းကာ သင့်လျော်စွာရှင်းထုတ်သင့်သည်။ သို့သော် ခန်းမနှင့် ခြံဝင်းကို သန့်ရှင်းနေစေရန်နှင့် အမှိုက်သရိုက်မရှိစေရန် အသင်းတော်သားတိုင်း တာဝန်ရှိသည်။
၅။ အသင်းတော်များသည် နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးကိုဆောင်ရွက်ရန် အဘယ်အရာပြုလုပ်နိုင်သနည်း။
၅ အသင်းတော်တစ်ခုလုံးအတွက် ၃ လမှ ၆ လတိုင်းတွင် ‘သန့်ရှင်းရေးနေ့’ တစ်နေ့ရှိရန် အကြီးအကဲများစီစဉ်ပေးလျှင်ကောင်းမည်။ နေ့စွဲတစ်ခုကို သတ်မှတ်ထားကာ ထိုနေ့နံနက်ပိုင်း သို့မဟုတ် မွန်းလွဲပိုင်းတွင် သန့်ရှင်းရေးလုပ်ရန် နိုင်ငံတော်ခန်းမသို့လာကြဖို့ ယောက်တိုင်းကို ဖိတ်ခေါ်နိုင်သည်။ ဥယျာဉ်သုံးလက်နက်ကိရိယာများနှင့် သန့်ရှင်းရေးပစ္စည်းများကို ရယူထားသင့်ကာ ပင့်ကူအိမ်များကိုဖယ်ခြင်း၊ မျက်နှာကြက်များ၊ ပန်ကာနှင့် မီးချောင်းများဖုန်သုတ်ခြင်း; နံရံများ၊ ကုလားထိုင်များနှင့် ကြမ်းပြင်များ ဆေးကြောခြင်း; ပြတင်းပေါက်များသန့်ရှင်းရေးလုပ်ကာ ကုလားကာများကို လျှော်ဖွပ်ခြင်း; စာပေများကို ဖယ်ကာ ဗီရိုများကို သန့်ရှင်းရေးလုပ်ခြင်း; အိမ်သာနှင့် နံရံများ တိုက်ချွတ်ဆေးကြောခြင်း; ဥယျာဉ်နှင့် အပင်များကိုကြည့်ရှုပေးခြင်း; နှင့် ပြုပြင်ဖို့လိုအပ်ရာများကို ပြုပြင်ခြင်းတို့အတွက် တာဝန်များပေးနိုင်သည်။ ၎င်းသည် ပေါင်းသင်းမှုပြုရန် အခါသမယကောင်းတစ်ခုဖြစ်နိုင်၏၊ အကြောင်းမှာ အသင်းတော်သည် နိုင်ငံတော်ခန်းမအသွင်အပြင်ကို ထိန်းသိမ်းကာ ယေဟောဝါအားဂုဏ်တင်ရန် အတူတကွလုပ်ဆောင်ကြသောကြောင့်ဖြစ်သည်။
၆။ နိုင်ငံတော်ခန်းမနှင့်ပတ်သက်၍ မည်သည့်အရာက အမျိုးသမီးတစ်ဦးကို အထင်ကြီးလေးစားစေခဲ့သနည်း၊ အဘယ်ရလဒ်ရရှိခဲ့သနည်း။
၆ တောမြို့လေးတစ်မြို့တွင် အမျိုးသမီးတစ်ဦးသည် ဒေသခံနိုင်ငံတော်ခန်းမသို့လည်ပတ်ရန် ဖိတ်စာတစ်စောင်ရရှိခဲ့သည်။ သူရောက်လာသည့်အခါ အိမ်သာခန်းများထဲသို့ဝင်သွားသည်။ သူပြန်ထွက်လာသည့်အခါ “အိမ်သာတွေကို ဘယ်သူသန့်ရှင်းရေးလုပ်တာလဲ” ဟုဧည့်ကြိုတစ်ဦးအားမေးသည်။ “ကျွန်တော်တို့လုပ်တာပါ” ဟုဧည့်ကြိုကပြန်ဖြေသည်။ အမျိုးသမီးက ဧည့်ကြိုပြောသည်ကိုမယုံပေ။ အသင်းတော်က ကြေးစားသန့်ရှင်းရေးသမားများကို အခပေး၍ သန့်ရှင်းရေးလုပ်ခိုင်းသည်ဟု သူထင်သည်။ ဧည့်ကြိုက ‘နိုင်ငံတော်ခန်းမသည် ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်ကို ရောင်ပြန်ဟပ်ကြောင်း၊ နိုင်ငံတော်ခန်းမသည် ကိုယ်တော်၏နာမတော်ကို ခံယူထားကြောင်း၊ ကျွန်ုပ်တို့အားလုံးအပါအဝင် အသင်းတော်တစ်ခုလုံးသည် ခန်းမကိုသာမက အိမ်သာများကိုပင် သန့်ရှင်းနေစေရာ၌ ဂုဏ်ယူကြကြောင်း’ ပြောပြသည်။ အမျိုးသမီးသည် အလွန်အထင်ကြီးလေးစားကာ ကျမ်းစာစသင်ရာ နောက်ခြောက်လတွင် နှစ်ခြင်းခံခဲ့သည်။—၁ ပေ. ၂:၁၂။
၇၊ ၈။ သန့်ရှင်းမှုအတွက် ယေဟောဝါသက်သေများ ချီးမွမ်းခံခဲ့ရသည့် တွေ့ကြုံမှုအချို့ကိုပြောပြပါ။
၇ သန့်ရှင်းသောနိုင်ငံတော်ခန်းမတစ်ခုသည် ယေဟောဝါကို ဂုဏ်တင်သည်ဆိုလျှင် သန့်ရှင်းသောစည်းဝေးပွဲကျင်းပရာ နေရာတစ်ခုနှင့်ပတ်သက်၍ကော အသို့နည်း။ လာ ဂါဇက်တာ ဒဲလ် မက်ဇိုဂျီအိုရ်နို အီတာလျံသတင်းစာက ၁၉၉၇ ခုနှစ်တွင် မာတီရာမြို့၌ကျင်းပခဲ့သည့် “ဘုရားသခင့်နှုတ်ကပါဌ်တော်၌ ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီးနှင့်ပတ်သက်၍ သက်သေခံများကို ချီးမွမ်းခဲ့သည်။ သက်သေခံများသည် “နွေခေါင်ခေါင် အလွန်ပူပြင်းသောနေရောင်အောက်တွင် မြို့တော်အားကစားကွင်းသို့ လူပေါင်း ၄,၀၀၀ ကိုစုဝေးစေနိုင်ခဲ့ကာ ဤအားကစားကွင်း၏သန့်ရှင်းရေး၊ ပြန်လည်ဆေးသုတ်ခြင်းနှင့် အခြေခံပြုပြင်မွမ်းမံမှု (အထူးသဖြင့် အိမ်သာများ) တို့ကိုဆောင်ရွက်ခဲ့ကြသည်” ဟုယင်းဆောင်းပါးက ရေးသားဖော်ပြခဲ့သည်။ သူတို့သည် လိုအပ်သောပစ္စည်းများကို ကိုယ်တိုင်အကုန်အကျခံဝယ်ခြမ်းကာ လုံးဝအခမဲ့ပြုပြင်ခဲ့ကြခြင်းဖြစ်သည်။ အလားတူ ယေဟောဝါသက်သေများသည် စပိန်နိုင်ငံ၊ ကဒစ်မြို့ရှိ ကရန်ဇာ အားကစားကွင်းတွင် စည်းဝေးကြီးတစ်ခုကို ကျင်းပခဲ့ကြသည်။ သူတို့၏သန့်ရှင်းမှုကြောင့် မြို့တော်ဝန် ဒိုနာ တီယိုဖီလာ မာတီနက်ဇ်သည် ယေဟောဝါသက်သေများအား ဂုဏ်ပြုတံဆိပ်တစ်ခု ချီးမြှင့်ခဲ့သည်။
၈ ၁၉၉၉၊ ဇူလိုင်လတွင် မိုဇမ်ဘစ်နိုင်ငံရှိ သက်သေခံထောင်ပေါင်းများစွာသည် “ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်” ခရိုင်စည်းဝေးကြီးများတွင် အကျိုးရှိသောနေ့ရက်သုံးရက်တိုင် စည်းဝေးခဲ့ကြသည်။ အမျိုးသမီးတစ်ဦးသည် စင်မြင့်ပေါ်မှကြားခဲ့ရသည့် စကားများကြောင့်သာမကဘဲ သူ၏ပတ်လည်တွင် မြင်တွေ့ခဲ့ရာများကြောင့် စွဲမှတ်သွားသည်။ သူဤသို့ဆိုခဲ့သည်– “ကျွန်မဘဝတစ်လျှောက်လုံးမှာ ဒီလိုနှစ်လိုဖွယ်ကောင်းတဲ့နေရာကို တစ်ခါမှမမြင်ဖူးဘူး။ အိမ်သာတွေဆိုရင် မွှေးကြိုင်နေတာပဲ။ ကလေးတွေရန်ဖြစ်လို့ ဆူညံတာတွေမရှိဘဲ ပတ်ဝန်းကျင်ဟာ ငြိမ်သက်အေးချမ်းနေတာပဲ။ နောက်ပြီး လူတိုင်း သပ်သပ်ရပ်ရပ် ဝတ်စားထားတာကလည်း ကျွန်မကိုစွဲမှတ်သွားစေခဲ့တယ်။ နောက်တစ်ခါဆိုရင် ကျွန်မရဲ့ကလေးတွေကိုပါ ခေါ်လာခဲ့မယ်၊ ကျွန်မတို့ ဒီစည်းဝေးကြီးကိုတက်ရမယ်ဆိုတာကို ကျွန်မအမျိုးသားပါ သဘောပေါက်အောင် ပြောပြရဦးမယ်။” မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီးတွင် ကျွန်ုပ်တို့သည် စည်းဝေးပွဲများအတွက် ခန်းမများငှားရမ်းရသည့်အခါ၌လည်း ဒေသခံအာဏာပိုင်များ၏ချီးမွမ်းမှုကို ခံခဲ့ရသည်။
၉၊ ၁၀။ ကျွန်ုပ်တို့၏သန့်ရှင်းမှုစံနှုန်း တိုးတက်ဖို့လိုသလော။ သင်သည် ဒေသအလိုက် အဘယ်အရာကို သတိပြုမိခဲ့ပြီနည်း။ ကျွန်ုပ်တို့ မည်သို့တိုးတက်နိုင်သနည်း။
၉ သို့သော် တိုးတက်ရမည့်ကဏ္ဍရှိသည်။ ရန်ကုန်မြို့တွင် မကြာသေးမီက စည်းဝေးပွဲတစ်ခုပြီးနောက် ကုလားထိုင်အားလုံးကို ဖယ်ရှားလိုက်သည့်အခါ ကျွန်ုပ်တို့ညီအစ်ကိုများ စွန့်ပစ်ထားသည့် အမှိုက်သရိုက်များကိုတွေ့ရခြင်းမှာ အလွန်စိတ်ပျက်ဖွယ်ကောင်းပါသည်။ ယင်းသို့စွန့်ပစ်ခြင်းကြောင့် ကျွန်ုပ်တို့ပြန်ပြီးနောက် ခန်းမသန့်ရှင်းရေးဝန်ထမ်းများ မည်သို့ယူဆမည်ကို စဉ်းစားကြည့်ပါ။ ထိုသို့သောအခြေအနေသည် ယေဟောဝါအား ဂုဏ်တင်သည်ဟု ဆိုနိုင်မည်လော။ မိမိတို့ပြန်ပြီးနောက် သန့်ရှင်းရေးလုပ်ရန် ဝန်ထမ်းများအား အခပေးထားသည်၊ ယင်းသည် သူတို့၏အလုပ်ဖြစ်သည်ဟူ၍ လောကသားများယူမှတ်ကြသည်။ သို့သော် ယေဟောဝါ၏လူမျိုးသည် ထိုသို့မယူမှတ်သင့်ချေ။ (၂ ကော. ၄:၂) အိမ်နီးချင်းနှင့် ဘုရားသခင်ကိုချစ်သည့်မေတ္တာက ငှားရမ်းထားသည့်အဆောက်အအုံများအား မိမိတို့၏ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ကြည့်ရှုစောင့်ရှောက်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။—မ. ၇:၁၂။
၁၀ ကျွန်ုပ်တို့သည် သန့်ရှင်းမှုစံနှုန်းကိုမြှင့်တင်ရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ရောမ ၁၂:၂ တွင် တမန်တော်ပေါလုက ဤသို့ဆို၏– “သင်တို့သည် လောကီပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။” ကျမ်းစာဘာသာပြန်တစ်ဦးက ပေါလု၏အဆိုပါစကားများကို ဤသို့ပြန်ဆိုခဲ့သည်– “လောက၏ဖိညှစ်ပုံသွင်းမှုကို မခံကြနှင့်။” ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ သန့်ရှင်းခြင်း သို့မဟုတ် မသန့်ရှင်းခြင်းနှင့်ပတ်သက်သည့် လောက၏ရှုမြင်ပုံကို ကျွန်ုပ်တို့၏ရှုမြင်ပုံဖြစ်မလာစေရပါ။ “အမှိုက်ချခြင်း သို့မဟုတ် တံတွေးထွေးခြင်းသည် လူတိုင်းလုပ်နေသည့်အရာဖြစ်၍ အရေးမကြီးပါ” ဟူ၍ ကျွန်ုပ်တို့စဉ်းစားမိနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ၎င်းနှင့်ကွာခြားသည့်သဘောထား သို့မဟုတ် အတွေးအခေါ်ရှိဖို့လိုသည်။ ကျွန်ုပ်တို့သည် ယေဟောဝါနှစ်သက်တော်မူသောအရာ ကို စဉ်းစားရမည်။ ကိုယ်တော့်ဆက်ကပ်အပ်နှံကျေးကျွန်များအနေဖြင့် ကျွန်ုပ်နှင့် ကျွန်ုပ်၏မိသားစုထံမှ အဘယ်အရာကို ကိုယ်တော်မျှော်လင့်သနည်းဟူ၍ မိမိကိုယ်ကိုမေးဖို့လိုသည်။
၁၁၊ ၁၂။ ကျွန်ုပ်တို့ဝတ်ပြုသည့်နေရာများတွင် မြင့်မားသည့် သန့်ရှင်းမှုစံနှုန်းကိုထိန်းသိမ်းရန် မိဘများနှင့် အကြီးအကဲများ အဘယ်အရာပြုလုပ်နိုင်သနည်း။ ဓအ စာအုပ်အရ ကျွန်ုပ်တို့သည် နိုင်ငံတော်ခန်းမအား သန့်ရှင်းစွာထားရန်တာဝန်ကို မည်သို့ရှုမြင်သင့်သနည်း၊ အဘယ်ကြောင့်နည်း။
၁၁ မိဘများ အဘယ်အရာကို ပြုလုပ်နိုင်သနည်း။ တစ်ခုခုလုပ်ပြီးနောက် ပြန်သိမ်းဆည်းရန်၊ သန့်ရှင်းသပ်ရပ်မှုရှိရန် သင်တို့၏သားသမီးများအား အိမ်တွင် လေ့ကျင့်ပေးပါ။ ထိုသို့သေးငယ်သောအရာများတွင် သစ္စာရှိခြင်းက အနာဂတ်တွင် ကောင်းချီးများခံစားရစေမည်မှာ သေချာသည်။ (လု. ၁၆:၁၀) နိုင်ငံတော်ခန်းမတွင်ရှိသည့်အခါ ထိုင်သည့်နေရာမှမထွက်ခွာမီ သင့်သားသမီးများအား သူတို့၏ထိုင်ခုံများအောက်ကို စစ်ဆေးစေပါ။ ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန်နှင့် နိုင်ငံတော်ခန်းမသန့်ရှင်းမှုရှိရန် သူတို့ကိုယ်တိုင်၏တာဝန်ကိုသိမြင်ဖို့ ကူညီပေးပါ။ မည်သည့်အမှိုက်သရိုက်ကိုမဆို စုသိမ်းနိုင်ရန် အစည်းအဝေး သို့မဟုတ် စည်းဝေးပွဲသို့လာသည့်အခါ သင်နှင့်အတူ ပလတ်စတစ်အိတ်တစ်ခုယူလာပါ။ မိသားစုတစ်စုစီသည် မိမိတို့ထိုင်သည့်နေရာကို ခန်းမထဲသို့ဝင်လာခါစကကဲ့သို့ သန့်ရှင်းမှုရှိရန် သေချာစေသင့်သည်။
၁၂ အကြီးအကဲများ အဘယ်အရာပြုလုပ်နိုင်သနည်း။ (ဓအ စာအုပ် စာမျက်နှာ ၆၁၊ အပိုဒ် ၃ ကိုရှု) နိုင်ငံတော်ခန်းမနှင့် စည်းဝေးပွဲကျင်းပသည့်နေရာတွင် ညီအစ်ကိုများအသုံးပြုရန် အမှိုက်ပုံးများအလုံအလောက်ရှိဖို့ သေချာစေပါ။ သန့်ရှင်းရေးလုပ်ဆောင်နေကြောင်းသေချာစေရန် တစ်စုံတစ်ဦးအား တာဝန်ပေးထားသလော။ များသောအားဖြင့် အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် သန့်ရှင်းရေးအပါအဝင် နိုင်ငံတော်ခန်းမကို ကြည့်ရှုကြီးကြပ်ပေးသည်။ ထို့အပြင် အသင်းတော်အချို့သည် အစည်းအဝေးပြီးနောက် တံမြက်စည်းလှည်းခြင်း၊ ဖုန်သုတ်ခြင်းကဲ့သို့သော နိုင်ငံတော်ခန်းမ အပေါ်ယံသန့်ရှင်းရေးလုပ်ရန် မိသားစုတစ်စု သို့မဟုတ် နှစ်စုကို အပတ်တိုင်းတာဝန်ပေးကြသည်။ ထို့အပြင် လိုအပ်သလို ပို၍အသေးစိတ်သန့်ရှင်းရေးလုပ်ရန် စာအုပ်ကြီးသင်တန်းအုပ်စုများကို လစဉ်တာဝန်ပေးနိုင်သည်။ တာဝန်ကျသူများ၏ဇယားတစ်ခုကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားနိုင်သည်။ ပါဝင်သူများကိုနှိုးဆော်ရန် လုပ်ငန်းတော်စည်းဝေးအစပိုင်းတွင် ကြေညာပေးနိုင်သည်။ အကြီးအကဲများသည် စည်းဝေးပွဲများတက်သည့်အခါ သန့်ရှင်းမှုရှိရမည့်တာဝန်ကို ညီအစ်ကိုများအားနှိုးဆော်ရန် နိုးကြားနေသင့်သည်။ တစ်စုံတစ်ဦးသည် နိုင်ငံတော်ခန်းမတွင် သို့မဟုတ် စည်းဝေးပွဲကျင်းပသည့်နေရာတွင် အမှိုက်ချခြင်း သို့မဟုတ် တံတွေးထွေးခြင်းပြုနေလျှင် အကြီးအကဲများသည် ဂလာတိ ၆:၁ ပါအကြံပြုချက်ကိုလိုက်နာရန် တိုက်တွန်းခံရကြသည်။
၁၃။ ကျွန်ုပ်တို့အားလုံး အဘယ်အရာကိုလုပ်ဆောင်ရန် သန္နိဋ္ဌာန်ချသင့်သနည်း။
၁၃ ဆာလံ ၁၃၃:၁ တွင် ဒါဝိဒ်က “ညီအစ်ကိုတို့သည် သဘောတူလျက်ပေါင်းဖော် [“စည်းလုံးစွာအတူတကွနေထိုင်၊” ကဘ] ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏” ဟုဆိုသည်။ သန့်ရှင်းမှုရှိကာ သန့်ရှင်းသောဘုရားသခင် ယေဟောဝါနှင့်သင့်လျော်သည့် ဝတ်ပြုရာနေရာများတွင် ညီအစ်ကိုများ အတူတကွပေါင်းသင်းကြသည်မှာ အလွန်ကောင်း၍ တင့်တယ်လျောက်ပတ်ပေ၏ဟူ၍ ကျွန်ုပ်တို့လည်း ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့အားလုံး မိမိတို့၏နိုင်ငံတော်ခန်းမများနှင့် ဝတ်ပြုရာနေရာများကို သန့်ရှင်းနေစေခြင်းဖြင့် ယေဟောဝါအား ဂုဏ်တင်ရာတွင် ကျွန်ုပ်တို့၏အပိုင်းကို လုပ်ဆောင်နိုင်ကြပါစေ။ ကျွန်ုပ်တို့၏လုံ့လစိုက်ထုတ်မှုများသည် တက်ရောက်သူများထံမှသာမက ပို၍အရေးကြီးသည့် ယေဟောဝါကိုယ်တော်တိုင်ထံမှ ချီးမွမ်းမှုရရှိမည်ဖြစ်ကြောင်း စိတ်ချနိုင်သည်။—၁ ကော. ၁၄:၂၅ခ; သု. ၂၇:၁၁။