တိုက်နယ်စည်းဝေးပွဲအစီအစဉ်သစ်
၁ ကျွန်ုပ်တို့၏သခင်က မိမိ၏တပည့်တော်များသည် ဆင်းရဲဒုက္ခခံရကြမည်ဟု ကြိုဟောခဲ့သည်။ (မ. ၂၄:၉) စုံစမ်းမှုများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း။ အဘယ်အရာက ဆင်းရဲဒုက္ခကို ခံရပ်နိုင်စေမည်နည်း။ ၂၀၀၄ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးပွဲအစီအစဉ်က ဤမေးခွန်းများကို ဖြေဆိုပေးလိမ့်မည်။ အဓိကအကြောင်းအရာမှာ “မျှော်လင့်ချက်၌ ဝမ်းမြောက်လော့။ ဆင်းရဲဒုက္ခအောက် ခံနိုင်ရည်ရှိလော့” ဖြစ်သည်။—ရော. ၁၂:၁၂၊ ကဘ။
၂ အခန်းဆက်ဟောပြောချက်နှစ်ခု– “ခံနိုင်ရည်ဖြင့် အသီးသီးလော့” ခေါင်းစဉ်ရှိ ပထမအခန်းဆက်ဟောပြောချက်က ကျွန်ုပ်တို့အသီးသီးသောနည်းများကို သုံးသပ်ပါမည်။ ကြေညာသူအချို့သည် အရေးတကြီးသဘောထားဖြင့် မည်သို့ဟောပြောသွန်သင်ကြကြောင်း လူတွေ့မေးမြန်းခံရကြမည်။ သားသမီးများနှင့် မိဘတို့ကျိုးကြောင်းဆင်ခြင်နိုင်ပုံကို ဆွေးနွေးမည့် “ယေဟောဝါ၏ဆုံးမပဲ့ပြင်ခြင်း ခံရသောအခါ” ဟူသည့်အပိုင်းကို မိဘများ အထူးအာရုံစိုက်လိုကြပေမည်။ အခန်းဆက်၏နောက်ဆုံးဟောပြောသူက လောကကြောင့် ကျွန်ုပ်တို့ တဖြည်းဖြည်းထိခိုက်လာကာ အသီးမသီးတော့သည့် အဖြစ်သို့ရောက်သွားခြင်းမှတားဆီးရန် လုပ်ဆောင်ရမည့်အရာများကို ပေါ်လွင်စေပါမည်။—မာ. ၄:၁၉။
၃ ဒုတိယအခန်းဆက်ဟောပြောချက်၏ အဓိကအကြောင်းအရာမှာ “ခံနိုင်ရည်ဖြင့် ပြေးပွဲတွင်ပြေးလော့” ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့၏ဘဝလမ်းစဉ်သည် ပြေးပွဲနှင့်တူပုံကို ရှင်းပြပေးမည်။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် စည်းမျဉ်းအတိုင်းပြေးဖို့လိုသနည်း။ ကျွန်ုပ်တို့သည် မည်သို့အားဖြင့် ခပ်သိမ်းသောဝန်တို့ကို အောင်မြင်စွာပယ်ရှားကာ အသက်ပြေးပွဲတွင် ခြေကုန်လက်ပန်း မကျစေနိုင်သနည်း။ စီစဉ်တင်ဆက်မည့် အခန့်သင့်ကျမ်းစာသြဝါဒက ခံနိုင်ရည်ဖြင့် ဆက်လက်ပြေးနေရန် ကျွန်ုပ်တို့အားလုံးကို ကူညီပေးပါမည်။
၄ ခံနိုင်ရည်က ဘုရားသခင်၏မျက်နှာသာကိုရရှိစေ– နယ်လှည့်ကြီးကြပ်မှူးများဟောမည့် ဟောပြောချက်များက သွန်သင်ချက်ကိုနားထောင် ကျင့်သုံးသူများ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေမည်ဖြစ်သည်။ ခရိုင်ကြီးကြပ်မှူး၏ဟောပြောချက်တစ်ခုကို “ခံနိုင်ရည်က မျက်နှာသာရအနေအထားကိုရရှိစေ” ဟူ၍ခေါင်းစဉ်တပ်ထားသည်။ လူထုဟောပြောချက်က လူအမျိုးမျိုးတို့သည် မည်သူ၏နာမ၌မျှော်လင့်သင့်သနည်း နှင့် ယင်းကိုလုပ်ဆောင်ခြင်းတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း ဟူသော မေးခွန်းများကို ဖြေဆိုပေးပါမည်။ “ခံနိုင်ရည်အားဖြင့် သင်တို့၏အသက်ဝိညာဉ်များကို ရကြလိမ့်မည်” ဟူသောနိဂုံးချုပ်ဟောပြောချက်က စိတ်မနာကြည်းဘဲ မတရားမှုကို ယေရှု မည်သို့ခံရပ်နိုင်ခဲ့ကြောင်း သုံးသပ်ပါမည်။
၅ ထိုအပတ်အတွက် သင့် ဓမ္မအမှုကျောင်း စာအုပ်နှင့် ကင်းမျှော်စင် ကို ယူလာရန် မမေ့ပါနှင့်။ အာရုံမပျံ့လွင့်စေရန်နှင့် နောက်နောင်ကိုးကားမှီငြမ်းရန် မှတ်စုများယူပါ။ နောင်တွင် အသင်းတော်၌ အစီအစဉ်ကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။
၆ ယေဟောဝါကိုယ်တော်တိုင် ဤဝိညာဏစားသောက်ပွဲကြီးကို ပြင်ဆင်ပေးထားသည်။ လာရောက်သုံးဆောင်ပါလေ! ကျွန်ုပ်တို့သည် အစီအစဉ်တစ်ရပ်လုံးမှ အကျိုးရရှိရန် တက်ရောက်ကြမည်ဆိုလျှင် ရွှင်လန်းစွာ ကြွေးကြော်နိုင်ပါလိမ့်မည်။—ဟေရှာ. ၆၅:၁၄။