ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၄ စာ. ၃-၅
  • ယေဟောဝါ၏ အံ့ဖွယ်အမှုများကို ပြောကြားနေကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ အံ့ဖွယ်အမှုများကို ပြောကြားနေကြလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပြည့်အဝဟောပြောလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၂/၀၄ စာ. ၃-၅

ယေဟောဝါ၏ အံ့ဖွယ်အမှုများကို ပြောကြားနေကြလော့

၁။ သင် အထူးတန်ဖိုးထားသည့် ယေဟောဝါ၏အံ့ဖွယ်အမှုများမှ အချို့ကား အဘယ်နည်း။

၁ ကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသောဘုရားသခင် ယေဟောဝါနှင့် နှိုင်းယှဉ်နိုင်သူ တစ်ဦးမျှမရှိချေ! ဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “ကျွန်တော်မျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အတွက် များစွာသောအမှုတို့ကို ပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့် နှိုင်းယှဉ်နိုင်သူ တစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင် ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။” (ဆာ. ၄၀:၅၊ သတင်းကောင်း) ယေဟောဝါ၏အံ့ဖွယ်အမှုများတွင် စကြဝဠာကို ဖန်ဆင်းခြင်း၊ မေရှိယနိုင်ငံတော်၊ မိမိ၏လူမျိုးတော်အပေါ် ချစ်ခင်ကြင်နာသောလုပ်ရပ်များနှင့် ကမ္ဘာချီဟောပြောခြင်းကင်ပိန်းတို့ပါဝင်သည်။ (ဆာ. ၁၇:၇၊ ၈; ၁၃၉:၁၄; ဒံ. ၂:၄၄၊ ၄၅; မ. ၂၄:၁၄) ယေဟောဝါကို ချစ်သည့်မေတ္တာနှင့် ကိုယ်တော်လုပ်ဆောင်ပေးရာအားလုံးအတွက် တန်ဖိုးထားလေးမြတ်မှုက ကိုယ်တော့်အကြောင်း အခြားသူများအား ပြောပြရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေး၏။ (ဆာ. ၁၄၅:၅-၇) ကျွန်ုပ်တို့သည် မတ်၊ ဧပြီနှင့် မေလတို့တွင် ယင်းကို ပိုမိုပြည့်ဝစွာလုပ်ဆောင်ရန် အခွင့်အရေးရရှိကြမည်။

၂။ အရန်ရှေ့ဆောင်လုပ်ခြင်းဖြင့် ကျွန်ုပ်တို့တစ်ဦးစီ မည်သို့အကျိုးရရှိနိုင်သနည်း။

၂ အရန်ရှေ့ဆောင်တစ်ဦးအနေဖြင့်– သင်သည် ဤအထူးလုပ်ဆောင်မည့်လများတွင် တစ်လ သို့မဟုတ် ထိုထက်ကြာသည့်အချိန်အတွင်း ဓမ္မအမှု၌ နာရီ ၅၀ အသုံးပြုရန် စီစဉ်နိုင်မည်လော။ သင်၏လုပ်ရိုးလုပ်စဉ်နှင့်ပတ်သက်၍ ပြုလုပ်သည့် ပြုပြင်ပြောင်းလဲမှုမှန်သမျှသည် အမှန်ပင်အကျိုးရှိလိမ့်မည်။ (ဧ. ၅:၁၆) အရန်ရှေ့ဆောင်လုပ်ခြင်းက မိမိတို့၏ဓမ္မအမှု အရည်အသွေးတိုးတက်ရန် အကူအညီပေးကြောင်း အများသူတို့ တွေ့ရှိခဲ့ကြပြီ။ သူတို့သည် အိမ်တံခါးဝတွင် ပို၍သက်သောင့်သက်သာရှိလာကာ ကျမ်းစာကို ပိုမိုအသုံးပြုခွင့်ရလာသည်။ ဓမ္မအမှုတွင် အချိန်ပိုမိုအသုံးပြုခြင်းက သူတို့တွေ့ရှိကြသည့် စိတ်ဝင်စားသူတိုင်းထံ ပြန်သွားရန် လွယ်ကူစေကာ ယခင်က ကျမ်းစာသင်အံမှု မရှိခဲ့သူအချို့သည် အရန်ရှေ့ဆောင်လုပ်ချိန်တွင် သင်အံမှုတစ်ခု စတင်နိုင်ခဲ့ကြပြီ။ အရန်ရှေ့ဆောင်လုပ်ခြင်းတွင် အခြားသူများအကျိုးအတွက် ကျွန်ုပ်တို့ကိုယ်ကို အသုံးပြုခြင်းပါဝင်သောကြောင့် ယင်းသည် ရွှင်လန်းဖွယ်လုပ်ငန်းဖြစ်၏။—တ. ၂၀:၃၅။

၃။ အချို့သူတို့သည် ခက်ခဲသောအခြေအနေများရှိလျက်ပင် မည်သို့ အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့သနည်း။

၃ သင်၏အခြေအနေများက သင့်အား အရန်ရှေ့ဆောင်လုပ်ခွင့်မပေးဟု အလျင်စလို ကောက်ချက်မချပါနှင့်။ လွန်ခဲ့သည့်နှစ်က အရန်ရှေ့ဆောင်လုပ်ခဲ့သည့် အကြီးအကဲတစ်ဦးတွင် ကလေးနှစ်ယောက်နှင့် အချိန်ပြည့်လုပ်ငန်းတစ်ခုရှိသည်။ ဤအလုပ်များသောညီအစ်ကိုသည် ယင်းကို မည်သို့လုပ်ဆောင်ခဲ့သနည်း။ သူသည် တနင်္လာနေ့မှ သောကြာနေ့အထိ အလုပ်လုပ်သောကြောင့် စနေတနင်္ဂနွေရက်များတွင် တစ်နေကုန်အမှုဆောင်ရန် စီစဉ်ကာ စနေနေ့များ၌ နံနက် ၇:၀၀ နာရီတွင် လမ်းပေါ်သက်သေခံခြင်းဖြင့် စတင်ခဲ့သည်။ အလားတူအခြေအနေများရှိခဲ့ကြသော အသင်းတော်မှအချို့သည်လည်း အရန်ရှေ့ဆောင်လုပ်ခဲ့ကြကာ သူတို့သည် တစ်ဦးကိုတစ်ဦး အားပေးထောက်မခဲ့ကြသည်။ အခြားအသင်းတော်တစ်ခုတွင် အသက် ၉၉ နှစ်ရှိ ညီအစ်မတစ်ဦးသည် သူ၏သမီးက သူနှင့်အတူပါဝင်ရန် ဖိတ်ခေါ်ပြီးနောက် မေလတွင် ရှေ့ဆောင်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အသင်းတော်ရှိ အခြားသူများက ဤသက်ကြီးရွယ်အို ညီအစ်မအား သူ၏ဘီးတပ်ကုလားထိုင်ကို တွန်းပေးခြင်းဖြင့် တစ်အိမ်မှတစ်အိမ်နှင့် ကျမ်းစာသင်အံမှုများသွားရန် ကူညီပေးခဲ့ကြသည်။ သူသည် တယ်လီဖုန်းဖြင့်သက်သေခံခြင်း၊ လမ်းပေါ်သက်သေခံခြင်းနှင့် စာရေးသက်သေခံခြင်းတွင်လည်း ပါဝင်ခဲ့သည်။ မိမိ၏ခွန်အားဖြင့်မဟုတ်ဘဲ ယေဟောဝါ၏အကူအညီဖြင့်သာ ယင်းကို လုပ်ဆောင်ခဲ့ကြောင်း သူယုံကြည်သည်။—ဟေရှာ. ၄၀:၂၉-၃၁။

၄။ အရန်ရှေ့ဆောင်လုပ်ရန် ဇယားတစ်ခုရေးဆွဲသည့်အခါ အဘယ်အချက်များကို သုံးသပ်နိုင်သနည်း။

၄ သင့်အခြေအနေနှင့် အသင့်လျော်ဆုံးဇယားတစ်ခုကို ရေးဆွဲရန် ကြိုးစားပါ။ ဤလထုတ်ပါ နမူနာဇယားများက အကူအညီဖြစ်စေနိုင်သည်။ သင်သည် အချိန်ပြည့်အလုပ်လုပ်သလော သို့မဟုတ် ကျောင်းနေသလော။ အဓိကအားဖြင့် စနေတနင်္ဂနွေနေ့များကို အသုံးပြုသည့်ဇယားသည် သင့်အတွက် လက်တွေ့အကျဆုံးဖြစ်နိုင်သည်။ သင်သည် ကျန်းမာရေးပြဿနာရှိကာ ဓမ္မအမှုတွင် တစ်နေကုန်ပါဝင်ရန် ခွန်အားမရှိလျှင် နေ့စဉ် အချိန်အနည်းငယ်ကိုသာ အသုံးပြုဖို့လိုသောဇယားသည် အကောင်းဆုံးဖြစ်ပေမည်။ အရန်ရှေ့ဆောင်လုပ်လိုသော သင်၏ဆန္ဒကို အခြားသူများအား ပြောပြပါ။ သူတို့လည်း ထိုသို့လုပ်ရန် ပန်းတိုင်ထားကောင်းထားမည်။

၅။ လူငယ်များသည် မတ်၊ ဧပြီနှင့် မေလအတွက် အဘယ်ပန်းတိုင်များထားနိုင်သနည်း။

၅ လူငယ်များပါဝင်နိုင်သည့် နည်းလမ်းများ– ယေဟောဝါသည် မိမိ၏အံ့ဖွယ်အမှုများကို လူငယ်များပြောကြသောအခါ ကျေနပ်အားရတော်မူ၏။ (ဆာ. ၇၁:၁၇; မ. ၂၁:၁၆) သင်သည် လူငယ်ဖြစ်ကာ နှစ်ခြင်းခံပြီးပါက ကျောင်းပိတ်သည့်လတွင် အရန်ရှေ့ဆောင်လုပ်နိုင်သည်။ သင်သည် အရန်ရှေ့ဆောင်မလုပ်နိုင်လျှင် ၎င်းလများတွင် သင်၏ပါဝင်မှုကိုတိုးချဲ့ကာ ဓမ္မအမှုအရည်အသွေးကို တိုးတက်စေရန် သတ်သတ်မှတ်မှတ် ပန်းတိုင်များထားနိုင်မည်လော။ သင်သည် ဓမ္မအမှုတွင် မိဘများနှင့်အတူ ပါဝင်ခဲ့သော်လည်း နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦး မဖြစ်သေးလျှင် ယခု အရည်အချင်းပြည့်မီရန်ကြိုးစားဖို့ အချိန်ကောင်းဖြစ်မည်။ သင်သည် ကျမ်းစာမေးခွန်းများဖြေဆိုရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ရမည် သို့မဟုတ် နှစ်ခြင်းခံပြီးသောလူကြီးများလောက် သိထားရမည်ဟု ယူမှတ်ဖို့မလိုချေ။ ကျမ်းစာအခြေခံသွန်သင်ချက်များကို သင် နားလည်သလော။ ကျမ်းစာ၏ စာရိတ္တစံနှုန်းများကို သင် စွဲကိုင်ထားသလော။ သင့်ကို ယေဟောဝါသက်သေတစ်ဦးအဖြစ် သိရှိစေလိုသလော။ သို့ဖြစ်လျှင် ၎င်းကို သင့်မိဘများအား ပြောပြပါ။ သူတို့သည် တောင်းဆိုချက်များကို သင် ပြည့်မီ၊ မပြည့်မီသိရှိရန် သင်နှင့်အတူ အကြီးအကဲများထံချဉ်းကပ်ဖို့ စီစဉ်နိုင်သည်။—ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၉၉-၁၀၀ ကိုရှု။

၆။ ကျမ်းစာသင်သားများအား သတင်းကောင်းကြေညာသူများဖြစ်လာရန် မည်သို့ကူညီပေးနိုင်သနည်း။

၆ ဟောပြောရန် အခြားသူများကို ကူညီပေးခြင်း– တိုးတက်သောကျမ်းစာသင်သားများသည် လာမည့် အထူးလုပ်ဆောင်မှုလများတွင် ကြေညာသူများအဖြစ် ကျွန်ုပ်တို့နှင့်အတူပါဝင်ရန် အရည်အချင်းပြည့်မီပေမည်။ သင်၌ ကောင်းစွာတိုးတက်နေသည့် ကျမ်းစာသင်သားတစ်ဦးရှိလျှင် သင်၏ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူး သို့မဟုတ် လုပ်ငန်းတော်ကြီးကြပ်မှူး၏အကူအညီကို ရယူပါ။ သူတို့ထဲမှတစ်ဦးသည် သင်သား၏တိုးတက်မှုကို အကဲဖြတ်ရန် သင်အံမှုတွင် သင်နှင့်အတူပါဝင်နိုင်သည်။ သင်သားသည် အရည်အချင်းပြည့်မီကာ ကြေညာသူတစ်ဦးဖြစ်လိုပါက ဦးစီးကြီးကြပ်မှူးသည် သင်နှင့် သင်သားကို အကြီးအကဲနှစ်ဦးနှင့်တွေ့ဆုံရန် စီစဉ်ပေးနိုင်သည်။ (ကင်းမျှော်စင်၊ နိုဝင်ဘာ ၁၅၊ ၁၉၈၉၊ စာမျက်နှာ ၁၇ ကိုရှု။) သင်သားကို သဘောတူလက်ခံပြီဆိုလျှင် သူ့အား ဓမ္မအမှုတွင် ချက်ချင်း စတင်လေ့ကျင့်ပေးပါ။

၇။ မှန်မှန်မကြေညာသူများနှင့် မလှုပ်ရှားသောကြေညာသူများအား မည်သို့ကူညီနိုင်သနည်း။

၇ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများသည် မိမိတို့၏အုပ်စုရှိ မလှုပ်ရှားသူ သို့မဟုတ် မှန်မှန်မကြေညာသူတိုင်းကို အထူးအာရုံစိုက်သင့်သည်။ ဓမ္မအမှုတွင် သင်နှင့်အတူလုပ်ဆောင်ရန် သူတို့ကို ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်ပါ။ မလှုပ်ရှားသည်မှာ ကြာပြီဆိုလျှင် အကြီးအကဲနှစ်ဦးက သူတို့အရည်အချင်းပြည့်မီ၊ မပြည့်မီသိရှိရန် အရင်ဆုံး သူတို့နှင့်စကားပြောသင့်သည်။ (နိုဝင်ဘာ ၂၀၀၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာကိုရှု။) ဤအထူးလုပ်ဆောင်မည့်လများအတွင်း အသင်းတော်၏ထက်သန်မှုက ဓမ္မအမှုကို သူတို့၏အသက်တာတွင် ပုံမှန်ကဏ္ဍတစ်ခုပြန်ဖြစ်စေရန် လှုံ့ဆော်ပေးနိုင်သည်။

၈၊ ၉။ အထူးလုပ်ဆောင်မှုအတွက် စိတ်အားထက်သန်မှုကို တည်ဆောက်ပေးရန် အကြီးအကဲများ ဘာလုပ်နိုင်သနည်း။

၈ တိုးချဲ့လုပ်ဆောင်ရန် ယခုပြင်ဆင်ပါ– အကြီးအကဲများ၊ အရန်ရှေ့ဆောင်လုပ်ကြရန် အသင်းတော်တွင် စိတ်အားထက်သန်မှုကို တည်ဆောက်ပေးဖို့ ယခုစတင်ပါ။ သင်၏အားရှိစရာစကားများနှင့် ပုံသက်သေကောင်းတို့ဖြင့် များစွာလုပ်ဆောင်နိုင်သည်။ (၁ ပေ. ၅:၃) အသင်းတော်၏ ယခင်က အရန်ရှေ့ဆောင်အမြင့်ဆုံးနှုန်းကား မည်မျှနည်း။ ဤနှစ်တွင် ယင်းကို ကျော်လွန်နိုင်မည်လော။ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများနှင့် သူတို့၏လက်ထောက်များသည် မိမိတို့၏အုပ်စုဝင်အားလုံးကို လုပ်ဆောင်မှုတိုးချဲ့ကြရန် အားပေးဖို့နည်းလမ်းများ ရှာကြံသင့်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူးများသည် လယ်ကွင်းလုပ်ငန်းအတွက် ထပ်ဆင့်စုဆုံမှုများကို စီစဉ်နိုင်သည်။ စီစဉ်ထားရာများကို အသင်းတော်အား ကြိုတင်အသိပေးပါ။ ဦးဆောင်ရန် အရည်အချင်းရှိ ကြေညာသူများကို တာ၀န်ပေးထားဖို့နှင့် လုပ်ငန်းအတွက်စုဆုံမှုကို အချိန်မီစတင်၍ နိဂုံးချုပ်ဖို့ သေချာစေပါ။ (စက်တင်ဘာ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာကိုရှု။) လုပ်ငန်းတော်ကြီးကြပ်မှူးသည် ရပ်ကွက်၊ မဂ္ဂဇင်းနှင့် စာအုပ်စာတမ်းများ အလုံအလောက်ရှိရန်လည်း စီစဉ်သင့်သည်။

၉ လွန်ခဲ့သည့်နှစ်က အသင်းတော်တစ်ခုမှ အကြီးအကဲများသည် အရန်ရှေ့ဆောင်လုပ်ကြရန်အားပေးဖို့ သူတို့ထဲမှအချို့သည် လျှောက်လွှာများတင်သွင်းခြင်းဖြင့် စိတ်အားထက်သန်စွာ ကြိုတင်အစပြု လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် လယ်ကွင်းလုပ်ငန်းအတွက် ထပ်ဆင့်စုဆုံမှုများ—လမ်းပေါ်သက်သေခံခြင်းအတွက် နံနက် ၅:၃၀ နာရီတွင်၊ ကျောင်းသားများအတွက် ညနေ ၃:၀၀ နာရီတွင်နှင့် အလုပ်သမားများအတွက် ညနေ ၆:၀၀ နာရီတို့တွင် တစ်ရက်သုံးကြိမ်—စီစဉ်ခဲ့ကြသည်။ ထို့အပြင် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုသုံးခုကို စနေနေ့များတွင် စီစဉ်ခဲ့ကြသည်။ အသင်းတော်သည် ဧပြီလတွင် အရန်ရှေ့ဆောင်များအဖြစ် ၆၆ ယောက်စာရင်းသွင်းခြင်းဖြင့် တုံ့ပြန်ခဲ့ကြသည်!

၁၀။ မိသားစုများသည် မိမိတို့၏လုပ်ဆောင်မှုကိုတိုးချဲ့ရန် မည်သို့ပြင်ဆင်နိုင်သနည်း။

၁၀ လာမည့်လများအတွက် လက်တွေ့ကျသောပန်းတိုင်များချမှတ်ရန် သင်၏ လာမည့်မိသားစုသင်အံမှုတွင် အချိန်ဖယ်ထားပါလေ။ ကောင်းစွာပူးပေါင်းဆောင်ရွက်မှုနှင့် စီစဉ်မှုရှိခြင်းဖြင့် မိသားစုဝင်အချို့ သို့မဟုတ် အားလုံးသည် အရန်ရှေ့ဆောင်လုပ်နိုင်သည်။ ထိုသို့မလုပ်နိုင်လျှင် ခါတိုင်းထက် သင်၏အမှုဆောင်ချိန်ကို ကြာရှည်စေခြင်း သို့မဟုတ် နောက်ထပ်အခါအခွင့်သင့်ချိန်များတွင် ဟောပြောခြင်းဖြင့် သင်၏လုပ်ဆောင်မှုကိုတိုးချဲ့ရန် ပန်းတိုင်များထားပါ။ ၎င်းကိစ္စနှင့်ပတ်သက်၍ မိသားစုလိုက် ဆုတောင်းပါ။ သင်၏ကြိုးစားမှုများကို ယေဟောဝါကောင်းချီးပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။—၁ ယော. ၃:၂၂။

၁၁။ (က) ခရစ်တော်၏ပူဇော်သကာက အဘယ်အံ့ဖွယ်အမှုများကို ပြီးမြောက်စေခဲ့သနည်း။ (ခ) ဒေသခံ အောက်မေ့ရာပွဲ၏အချိန်နှင့် နေရာကား အဘယ်နည်း။

၁၁ ဘုရားသခင်၏ အံ့ဖွယ်အကောင်းဆုံးအမှု– ယေဟောဝါ၏ အကြီးမားဆုံးမေတ္တာပြသမှုမှာ ကျွန်ုပ်တို့အကျိုးအတွက် ရွေးနုတ်ဖိုးအဖြစ် ကိုယ်တော့်သားတော်ကို ပေးအပ်ခြင်းဖြစ်၏။ (၁ ယော. ၄:၉၊ ၁၀) ရွေးနုတ်ဖိုးပူဇော်သကာသည် လူသားတို့အား အပြစ်နှင့်သေခြင်းမှရွေးနုတ်ရန် တရားဝင်အခြေခံပင်ဖြစ်၏။ (ရော. ၃:၂၃၊ ၂၄) ယေရှုသွန်းလောင်းသောအသွေးက ပဋိညာဉ်တရားသစ်ကို တရားဝင်စေကာ ယင်းကြောင့် မစုံလင်သောလူသားများသည် ကောင်းကင်နိုင်ငံတော်တွင် စိုးစံခွင့်အလားအလာနှင့်အတူ ဘုရားသခင်၏သားများအဖြစ် မွေးစားခံခဲ့ရသည်။ (ယေ. ၃၁:၃၁-၃၄; မာ. ၁၄:၂၄) အရေးကြီးဆုံးမှာ ယေရှု၏ အကြွင်းမဲ့နာခံခြင်းလမ်းစဉ်က ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခဲ့သည်။ (တရား. ၃၂:၄; သု. ၂၇:၁၁) ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့ နေဝင်ပြီးနောက်တွင် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပကြမည်ဖြစ်သည်။

၁၂။ စိတ်ဝင်စားသူများသည် သခင့်ညစာစားပွဲကို တက်ရောက်ခြင်းမှ မည်သို့အကျိုးကျေးဇူးရရှိနိုင်သနည်း။

၁၂ သခင့်ညစာစားပွဲသည် ယေဟောဝါ၏အံ့ဖွယ်အမှုများကို ထင်ရှားစေ၏။ ဟောပြောချက်က ရွေးနုတ်ဖိုးစီစဉ်ပေးခြင်းဖြင့် ယေဟောဝါလုပ်ဆောင်ခဲ့သောအရာအတွက် ကျေးဇူးတင်လေးမြတ်မှုကို တိုးပွားစေ၏။ တက်ရောက်လာသော စိတ်ဝင်စားသူများသည် ဘုရားသခင်၏ အခြားအံ့ဖွယ်အမှုများကို သတိပြုမိနိုင်မည်ဖြစ်သည်။ မိမိ၏လူမျိုးတော်အား ယေဟောဝါသွန်သင်ပေးသည့် စည်းလုံးမှုနှင့် နွေးထွေးသောမေတ္တာပြသမှုကို သူတို့ တွေ့မြင်နိုင်မည်ဖြစ်သည်။ (ဧ. ၄:၁၆၊ ၂၂-၂၄; ယာ. ၃:၁၇၊ ၁၈) ဤအရေးပါသောအခါသမယကို တက်ရောက်ခြင်းက လူတစ်ဦး၏စဉ်းစားတွေးခေါ်မှုအပေါ် အမှန်ပင်အကျိုးသက်ရောက်နိုင်ရာ ကျွန်ုပ်တို့သည် လူများနိုင်သရွေ့များများ တက်ရောက်စေလိုကြသည်။—၂ ကော. ၅:၁၄၊ ၁၅။

၁၃၊ ၁၄။ မည်သူတို့ကို အောက်မေ့ရာပွဲသို့ ဖိတ်ခေါ်သင့်သနည်း၊ မည်သို့ဖိတ်ခေါ်သင့်သနည်း။

၁၃ တက်ရောက်ရန် အခြားသူများအား ဖိတ်ခေါ်ခြင်း– ဖိတ်ခေါ်ရမည့်သူများ၏ စာရင်းတစ်ခုကိုပြုစုခြင်းဖြင့် ချက်ချင်း စတင်ပြင်ဆင်ပါ။ သင်၏စာရင်းတွင် မယုံကြည်သော မိသားစုဝင်များ၊ အိမ်နီးချင်းများ၊ အလုပ် သို့မဟုတ် ကျောင်းမှ အသိအကျွမ်းများ၊ ယခင်နှင့် လက်ရှိကျမ်းစာသင်သားများနှင့် သင်၏ပြန်လည်ပတ်မှု အားလုံးတို့ကို ပါဝင်စေသင့်သည်။ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများသည် ၎င်းတို့၏စာရင်းတွင် မလှုပ်ရှားသောကြေညာသူတိုင်းကို ပါဝင်စေသင့်သည်။

၁၄ ပုံနှိပ်ထားသည့် ဖိတ်စာများကို အသုံးပြုပါ၊ ၎င်းတို့အပေါ်တွင် အောက်မေ့ရာပွဲ၏အချိန်နှင့် နေရာကို ရှင်းလင်းသပ်ရပ်စွာရေးထားပါ။ သို့မဟုတ် မတ်လ ၁၅၊ ၂၀၀၄၊ ကင်းမျှော်စင် သို့မဟုတ် မတ် ၂၂၊ ၂၀၀၄၊ နိုးလော့! [လိပ်] ၏နောက်ကျောဖုံးတွင်ပါသည့် ဖိတ်စာကို သင် အသုံးပြုလိုပေမည်။ ဧပြီလ ၄ ရက်သို့ နီးကပ်လာသည်နှင့်အမျှ သင့်စာရင်းတွင်ပါသူများအား လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ နှိုးဆော်ပါ။

၁၅။ အောက်မေ့ရာပွဲရှိသောညတွင် ဧည့်ဝတ်ကျေပွန်မှုကို မည်သို့ပြသနိုင်သနည်း။

၁၅ အောက်မေ့ရာပွဲတွင်– အောက်မေ့ရာပွဲရှိသောညတွင် စောစောရောက်ရှိရန် ကြိုးစားပါ။ လူသစ်များအား လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခြင်းဖြင့် ဧည့်ဝတ်ကျေပွန်မှုပြပါ။ (ရော. ၁၂:၁၃) သင်ဖိတ်ခေါ်သည့် ဧည့်သည်များအတွက် သင်၌ အထူးတာဝန်ရှိ၏။ သူတို့အား ကြိုဆိုသည်ဟု ခံစားစေပါ၊ သူတို့ကို အသင်းတော်မှ အခြားသူများနှင့် မိတ်ဆက်ပေးပါ။ သင့်အနားတွင် ထိုင်ခုံရရှိရန် သူတို့ကို ကူညီပေးနိုင်သည်။ ထို့ပြင် တစ်ဦးဦးတွင် ကျမ်းစာအုပ် သို့မဟုတ် သီချင်းစာအုပ်မရှိလျှင် သင်နှင့်အတူ သို့မဟုတ် အခြားသူတစ်ဦးဦးနှင့်အတူကြည့်ရန် စီစဉ်ပေးပါ။ ပွဲတော်ပြီးနောက် သူတို့မေးလာမည့် မည်သည့်မေးခွန်းကိုမဆို ဖြေဆိုရန်အသင့်ရှိပါ။ အချို့သူတို့သည် ဦးဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်လျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ရည်ရွယ်ချက်အကြောင်း ပိုမိုသိရှိလို,မလို သူတို့ကိုမေးပါ။ သူတို့နှင့် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပရန် ကမ်းလှမ်းပါ။

၁၆။ တက်ရောက်ခဲ့သူများအား ဝိညာဉ်ရေးတိုးတက်မှုရှိစေရန် ကူညီပေးဖို့ အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

၁၆ တက်ရောက်ခဲ့သူများကို ဆက်လက်ကူညီပေးခြင်း– တက်ရောက်ခဲ့သူများသည် အောက်မေ့ရာပွဲပြီး နောက်အပတ်များတွင် ထပ်ဆင့်အကူအညီ လိုအပ်ကြပေမည်။ ယင်းတွင် အစည်းအဝေးများကို တစ်ချိန်က မှန်မှန်တက်ရောက်ခဲ့ကြသော်လည်း ယခု အသင်းတော်နှင့် အကန့်အသတ်ဖြင့်သာ ပေါင်းသင်းသူများကို ပါဝင်စေသင့်သည်။ အကြီးအကဲများသည် ထိုသို့သောသူများ ဝိညာဉ်ရေးတိုးတက်မှု ရပ်တန့်သွားသည့်အကြောင်းရင်းကို စူးစမ်းရန် ကြိုးစားကာ သူတို့ကို လျစ်လျူရှုမထားကြောင်း တွေ့မြင်ရန် အသင့်ရှိနေကြမည်။ အချိန်ကာလ၏အရေးကြီးမှုကို သူတို့၌ စွဲမှတ်စေပါ။ (၁ ပေ. ၄:၇) ဘုရားသခင်၏လူမျိုးတော်နှင့် မှန်မှန်စုဝေးပါဟူသော ကျမ်းစာတိုက်တွန်းချက်ကိုနာခံခြင်း၏ အကျိုးကျေးဇူးကိုသိမြင်ရန် အားလုံးကို ကူညီပေးပါ။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

၁၇။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အံ့ဖွယ်အမှုများကို အဘယ်ကြောင့် ပြောကြားနေသင့်သနည်း။

၁၇ ယေဟောဝါ၏အမှုတော်များသည် ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်လျှင်ပင် အပြည့်အဝနားလည်ရန် နက်နဲလွန်း၏။ (ယောဘ ၄၂:၂၊ ၃; ဒေ. ၃:၁၁) ထို့ကြောင့် ကိုယ်တော်အား ချီးမွမ်းစရာအကြောင်းများ မည်သည့်အခါမျှ ကုန်ခန်းလိမ့်မည်မဟုတ်ပေ။ ဤအောက်မေ့ရာပွဲကာလတွင် ကျွန်ုပ်တို့၏ဓမ္မအမှုကို တိုးချဲ့ရန် အထူးကြိုးစားကြခြင်းဖြင့် ယေဟောဝါ၏အံ့ဖွယ်အမှုများအတွက် ကျေးဇူးတင်ကြောင်း တင်ပြနိုင်ပါသည်။

[စာမျက်နှာ ၅ ရှိလေးထောင့်ကွက်]

ဤဇယားများမှတစ်ခုကိုသုံး၍ သင် အရန်ရှေ့ဆောင်လုပ်နိုင်မည်လော

မတ်လ နွေ လာ* ဂါ* ဟူး* ကြာ သော နေ လချုပ်

နေ့စဉ် ၂ ၁ ၁ ၁ ၁ ၁ ၅ ၅၁

နှစ်ရက် ၀ ၅ ၀ ၅ ၀ ၀ ၀ ၅၀

စနေတနင်္ဂနွေသာ ၅ ၀ ၀ ၀ ၀ ၈ ၅၂

စနေတနင်္ဂနွေနှင့်

ကြားရက်နှစ်ရက် ၂ ၀ ၀ ၂ ၀ ၂ ၆ ၅၀

ဧပြီလ နွေ လာ ဂါ ဟူး ကြာ* သော* နေ လချုပ်

နေ့စဉ် ၂ ၁ ၁ ၁ ၁ ၁ ၅ ၅၀

နှစ်ရက် ၀ ၀ ၀ ၀ ၅ ၅ ၀ ၅၀

စနေတနင်္ဂနွေသာ ၅ ၀ ၀ ၀ ၀ ၀ ၈ ၅၂

စနေတနင်္ဂနွေနှင့်

ကြားရက်နှစ်ရက် ၂ ၀ ၀ ၂ ၀ ၂ ၆ ၅၀

မေလ

နွေ* လာ* ဂါ ဟူး ကြာ သော နေ* လချုပ်

နေ့စဉ် ၂ ၁ ၁ ၁ ၁ ၁ ၄ ၅၁

နှစ်ရက် ၀ ၅ ၀ ၀ ၀ ၀ ၅ ၅၀

စနေတနင်္ဂနွေသာ ၃ ၀ ၀ ၀ ၀ ၀ ၇ ၅၀

စနေတနင်္ဂနွေနှင့်

ကြားရက်နှစ်ရက် ၂ ၀ ၀ ၂ ၀ ၂ ၅ ၅၁

၂* တစ်လတွင်ငါးကြိမ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ