ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြလော့
၁။ ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြရန် အဘယ်အရာက လှုံ့ဆော်ပေးသနည်း။
၁ “အို ထာဝရဘုရား ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။” (၅ ရာ. ၂၉:၁၁) ယေဟောဝါကို ချစ်သောမေတ္တာနှင့် ကျေးဇူးတင်လေးမြတ်မှုက ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သနည်း။ “မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကို ဖော်ပြစေ” ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ (၁ ပေ. ၂:၉) ထို့ကြောင့် ကြီးမြတ်လှသောဘုရားသခင့်အကြောင်း အခြားသူများကို မဟောပြောဘဲမနေနိုင်ကြပါ။ မတ်၊ ဧပြီ၊ မေတွင် ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဟောပြောရန် အကောင်းဆုံးအခွင့်အရေး ရရှိပါလိမ့်မည်။
၂။ သတိရအောက်မေ့ပွဲသို့ဖိတ်ခေါ်ရန် အဘယ်အထူးကင်ပိန်းကို စီစဉ်ထားသနည်း။ မည်သူများ ပါဝင်နိုင်သနည်း။
၂ သတိရအောက်မေ့ပွဲသို့ ဖိတ်ခေါ်သည့် အထူးကင်ပိန်း– ဧပြီ ၂ ရက်၊ တနင်္လာနေ့တွင် သခင့်ညစာစားပွဲကျင်းပခြင်းဖြင့် ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြကြပါမည်။ ဤအရေးပါသောပွဲတော်တက်ရောက်ရန် အထူးဖိတ်စာများကို ကမ္ဘာတစ်ဝန်းတွင် မတ် ၁၇ မှ ဧပြီ ၂ ရက်အထိ ဝေငှသွားပါမည်။ အားလုံးအပြည့်အဝပါဝင်ကြရန် တိုက်တွန်းပါသည်။ အရည်အချင်းပြည့်မီသော လူသစ်များအတွက် သတင်းကောင်းစတင်ကြေညာနိုင်သည့် အကောင်းဆုံးအချိန်အခါပင်ဖြစ်သည်။ သင်၌ အရည်အချင်းပြည့်မီသော ကျမ်းစာသင်သားများ၊ သားသမီးများရှိပါက အကြီးအကဲများထံချဉ်းကပ်၍ ပြောဆိုဆွေးနွေးပါလေ။
၃။ အောက်မေ့ရာပွဲသို့ဖိတ်ခေါ်ရာတွင် မည်သို့ပြောဆိုနိုင်သနည်း။
၃ အသင်းတော်များသို့ ဖိတ်စာအလုံအလောက်ပို့ပေးမည်ဖြစ်ရာ ကြေညာသူတစ်ဦးလျှင် ၅၀ စီ၊ ရှေ့ဆောင်တစ်ဦးလျှင် ၁၅၀ စီရရှိနိုင်ပါသည်။ သင်ဤသို့တိုတိုတုတ်တုတ် ပြောနိုင်သည်– “နှစ်တိုင်း ကျင်းပတဲ့ အရေးကြီးတဲ့ပွဲတော်တစ်ခုအတွက် ဖိတ်စာလာပေးတာပါ။ ဒီပွဲတော်တက်ရောက်ဖို့ မိတ်ဆွေကို လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပါတယ်။ ဖိတ်စာထဲမှာ အသေးစိတ်အချက်အလက်တွေပါတယ်။” အိမ်ရှင်က မေးခွန်းများမေးလျှင် အချိန်ယူပြီးဖြေဆိုပေးပါ။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်၊ စာမျက်နှာ ၂၀၆ ပါ သခင့်ညစာစားပွဲနှင့်ဆိုင်သော နောက်ဆက်တွဲဆောင်းပါးက အထောက်အကူပြုပေမည်။ သီတင်းပတ်အဆုံးပိုင်းရက်များတွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများနှင့်အတူ အထူးဖိတ်စာကို ဝေငှပါမည်။ စိတ်ဝင်စားသူတိုင်းကို ရေးမှတ်ထားပြီး ပြန်သွားရန် စီစဉ်ပါ။
၄။ သတိရအောက်မေ့ပွဲ အထူးဖိတ်စာများကို မည်သို့ဝေငှမည်နည်း။
၄ ဖြစ်နိုင်သည့်အခါတိုင်း အထူးဖိတ်စာကို အိမ်ရှင်လက်ထဲ အရောက်ပေးသင့်သည်။ ထို့ကြောင့် လူမရှိသည့်အိမ်များကို မှတ်ထားပြီး နောက်တစ်ချိန်တွင် ပြန်သွားရန် ကြိုးစားပါ။ အသင်းတော်တွင် ဝေစာအမြောက်အမြားကျန်နေသေးလျှင် အောက်မေ့ရာပွဲတော်မတိုင်မီ အပတ်အတွင်းတွင်သာ လူမရှိသည့်အိမ်များ၌ ဝေစာချန်ထားနိုင်သည်။ ထိုအပတ်ထက်စော၍ ဝေစာမထားခဲ့သင့်ပါ။ ပြန်လည်ပတ်မှုများ၊ ကျမ်းစာသင်အံမှုများ၊ ဆွေမျိုးများ၊ အလုပ်ဖော်များ၊ အိမ်နီးချင်းများနှင့် မိတ်ဆွေများကိုလည်း ဖိတ်ပါ။
၅။ အရန်ရှေ့ဆောင်လုပ်ရန် အဘယ်ကြောင့် ယခုပင် စတင်စီစဉ်သင့်သနည်း။
၅ အရန်ရှေ့ဆောင်လုပ်ခြင်း– သင်သည် မတ်၊ ဧပြီ၊ မေလတွင် အရန်ရှေ့ဆောင်လုပ်ခြင်းဖြင့် ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ပို၍ကြေညာနိုင်မည်လော။ ထိုသို့ပြုနိုင်ရန် သင့်နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြုပြင်ပြောင်းလဲဖို့လိုပေမည်။ (ဧ. ၅:၁၅-၁၇) ယေဟောဝါ၏အမှုတော်တွင် ပို၍ကြိုးစားပါဝင်ခြင်းက ရွှင်လန်းမှုနှင့် ကောင်းချီးများ ရရှိစေမည်ကို စိတ်ချနိုင်ပါသည်။ (သု. ၁၀:၂၂) အောက်မေ့ရာပွဲတော်ရာသီ နီးကပ်လာပြီဖြစ်သောကြောင့် ယခုပင် စတင်စီစဉ်သင့်သည်။—သု. ၂၁:၅။
၆။ လွန်ခဲ့သည့်နှစ်က အရန်ရှေ့ဆောင်လုပ်ခဲ့သော အသက် ၉၀ အရွယ် ညီအစ်မတစ်ဦးထံမှ အဘယ်အရာသင်ယူနိုင်သနည်း။
၆ လွန်ခဲ့သည့်နှစ်က အသက် ၉၀ အရွယ် ညီအစ်မတစ်ဦးသည် အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခဲ့သည်။ သူဤသို့ပြောပြ၏– “ဥယျာဉ်စိုက်ပျိုးတဲ့အလုပ်ကို ကျွန်မအရမ်းနှစ်သက်တယ်။ ဒါပေမဲ့ ဦးစားထားသင့်တာကို ဦးစားထားဖို့လိုတယ်ဆိုတာ ကျွန်မသိတယ်။ ဒါကြောင့် နိုင်ငံတော်ကို ရှေးဦးထားမယ်ဆိုတဲ့ဆန္ဒနဲ့ မတ်လမှာ အရန်ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။” ယင်းကြောင့် သူအကျိုးခံစားခဲ့ရသလော။ “အသင်းတော်နဲ့ ပိုရင်းနှီးလာတဲ့အပြင် ယေဟောဝါနဲ့လည်း ပိုရင်းနှီးလာတယ်” ဟုသူပြောပြသည်။ ကျွန်ုပ်တို့လည်း ဦးစားထားရာများကိုဆန်းစစ်ပြီး လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်မည်လော။
၇။ အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခြင်းသည် ခက်ခဲသလော။
၇ အရန်ရှေ့ဆောင်အတွက် သတ်မှတ်နာရီ ၅၀ ပြည့်မီရန် သင်ထင်သလောက် မခက်ခဲပါ။ သင့်နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆုတောင်းသုံးသပ်၍ ဇယားဆွဲပါ၊ ထို့နောက် အမှုဆောင်လုပ်ငန်းအတွက် သီးသန့်ဇယားတွင် ရေးမှတ်ပါ။ သင့်အခြေအနေများကို သင်အသိဆုံးဖြစ်သည်။ ကျန်းမာရေးမကောင်းပါက ဓမ္မအမှုတွင် နေ့စဉ် နာရီအနည်းငယ် ပါဝင်နိုင်သည်။ အချိန်ပြည့်အလုပ်လုပ်သူ သို့မဟုတ် ကျောင်းသားဖြစ်ပါက ညနေပိုင်း သို့မဟုတ် သီတင်းပတ်အဆုံးပိုင်းရက်များတွင် အမှုဆောင်ခြင်းဖြင့် အရန်ရှေ့ဆောင်လုပ်နိုင်ပေမည်။
၈။ မောင်နှံစုံတစ်စုံသည် အဘယ်နည်းဖြင့် အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့သနည်း။
၈ မိသားစုလိုက် အရန်ရှေ့ဆောင်လုပ်သူများစွာရှိသည်။ လွန်ခဲ့သောနှစ်များတွင် မောင်နှံစုံတစ်စုံသည် အရန်ရှေ့ဆောင်လုပ်ရန် အခြေအနေမပေးဟုခံစားရသဖြင့် တွန့်ဆုတ်ခဲ့ကြသည်။ သူတို့ ဘာလုပ်ခဲ့ကြသနည်း။ “ကျွန်တော်တို့ အရန်ရှေ့ဆောင်လုပ်ချင်တာ ကြာပြီ။ ဒါကြောင့် လုပ်နိုင်ဖို့ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။” ကောင်းစွာအစီအစဉ်ဆွဲခြင်းဖြင့် သူတို့ အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့သည်။ “တကယ်ပျော်စရာပဲ။ ကျွန်တော်တို့နှစ်ယောက်စလုံး ကောင်းချီးတွေခံစားခဲ့ရတယ်။ ဒါကြောင့် ကြိုးစားကြည့်ပါလို့ အကြံပေးချင်တယ်။ ကျွန်တော်တို့တောင် လုပ်နိုင်ခဲ့တယ်ဆိုရင် ခင်ဗျားတို့လည်း လုပ်နိုင်မှာပါ” ဟုသူတို့ဆက်ပြောသည်။
၉။ လာမည့်အထူးလများ၌ ပိုမိုအမှုဆောင်နိုင်ရန် ပြင်ဆင်ရာတွင် မိသားစုသင်အံမှု၌ အဘယ်အရာပြုလုပ်နိုင်သနည်း။
၉ လာမည့်လများ၌ မိသားစုဝင်အားလုံး မည်သို့ပိုမိုလုပ်ဆောင်နိုင်ပုံကို မိသားစုသင်အံမှုတွင် ဆွေးနွေးပါ။ မိသားစုလိုက် အရန်ရှေ့ဆောင်မလုပ်နိုင်သည့်တိုင် မိသားစုဝင်တစ်ဦး ရှေ့ဆောင်လုပ်နိုင်ရန် ဝိုင်းဝန်းကူညီနိုင်သည်။ ထိုသို့မဖြစ်နိုင်ပါက ထိုအထူးလများ၌ မိသားစုလိုက် ဓမ္မအမှုတွင်ပိုပါဝင်ရန် ပန်းတိုင်ထားနိုင်သည်။
၁၀။ အောက်မေ့ရာပွဲတော်ရာသီတွင် အရန်ရှေ့ဆောင်လုပ်လိုသောဆန္ဒရှိကြောင်း အဘယ်ကြောင့် ပြောဆိုဆွေးနွေးသင့်သနည်း။
၁၀ အချင်းချင်းကူညီပါ– စိတ်ထက်သန်မှုသည် ကူးစက်တတ်သည်။ အရန်ရှေ့ဆောင်လုပ်လိုသည့် ဆန္ဒရှိကြောင်း ပြောဆိုဆွေးနွေးပါ။ ယင်းက အခြားသူများကိုလည်း အားပေးမှုဖြစ်စေသည်။ ထို့ပြင် ယခင်က ရှေ့ဆောင်လုပ်ခဲ့သူများသည် အရန်ရှေ့ဆောင်လုပ်နိုင်ရန် စီစဉ်ခြင်းနှင့် ဇယားဆွဲခြင်းတို့တွင် သင့်ကို အကြံဉာဏ်ပေးနိုင်ပါသည်။ (သု. ၁၅:၂၂) သင်အရန်ရှေ့ဆောင်လုပ်နိုင်သည်ဆိုလျှင် သင်နှင့်အခြေအနေတူသော ကြေညာသူတစ်ဦးကိုလည်း ဖိတ်ခေါ်ခြင်းဖြင့် ဤပျော်ရွှင်ဖွယ်လုပ်ငန်းတွင် သင်နှင့်အတူပါဝင်နိုင်သည်။
၁၁။ လာမည့်လများတွင် အရန်ရှေ့ဆောင်လုပ်နိုင်ရန် အကြီးအကဲများ မည်သို့စေ့ဆော်ပေးနိုင်သနည်း။
၁၁ ဤအထူးလုပ်ငန်းတွင်ပါဝင်နိုင်ရန် အကြီးအကဲများသည် လိုအပ်သောအစီအစဉ်များ ရေးဆွဲကြသည်။ (ဟေဗြဲ ၁၃:၇) ယင်းသည် အသင်းတော်အတွက် အမှန်ပင်အားပေးမှုဖြစ်စေသည်။ အကြီးအကဲများသည် အခြားသူများနှင့်ပြောဆိုဆွေးနွေးခြင်းဖြင့် စိတ်ထက်သန်မှုကို လှုံ့ဆော်ပေးနိုင်သည်။ အားပေးစကားတစ်ခွန်းနှစ်ခွန်း၊ လက်တွေ့ကျအကြံဉာဏ်များက အချို့သူတို့ကို အရန်ရှေ့ဆောင်လုပ်ရန် စေ့ဆော်ပေးနိုင်သည်။ အလုပ်ဆင်း၊ ကျောင်းဆင်းပြီးနောက် အုပ်စုလိုက်သက်သေခံခြင်းတွင် အားလုံးပါဝင်နိုင်ရန် လုပ်ငန်းတော်ကြီးကြပ်မှူးသည် လယ်ကွင်းစုဆုံမှုများပြုလုပ်ပေးပြီး ယင်းကို ပုံမှန်ကြေညာသင့်သည်။ ရပ်ကွက်နှင့် စာပေအလုံအလောက်ရှိရန်လည်း သူစီစဉ်ပေလိမ့်မည်။
၁၂။ အရန်ရှေ့ဆောင်မလုပ်နိုင်ပါက သင်အဘယ်အရာလုပ်ဆောင်နိုင်သနည်း။
၁၂ သင်သည် အရန်ရှေ့ဆောင်လုပ်နိုင်ရန် အခြေအနေမပေးသည့်တိုင် ရှေ့ဆောင်လုပ်သူများကို အားပေးကာ သူတို့အတွက် ဆုတောင်းပေးနိုင်သည်။ (သု. ၂၅:၁၁; ကော. ၄:၁၂) ကြားရက်များတွင် သူတို့နှင့်အတူ ပိုမိုအမှုဆောင်နိုင်ရန် စီစဉ်နိုင်ပေမည် သို့မဟုတ် ခါတိုင်းထက် အချိန်ပိုပေးနိုင်ပေမည်။
၁၃။ မြန်မာနိုင်ငံအတွက် အဘယ်ပန်းတိုင်ချမှတ်ထားပြီး ထိုပန်းတိုင်ပြည့်မီရန် သင့်အသင်းတော်အနေနှင့် မည်သို့လုပ်ဆောင်နိုင်သနည်း။
၁၃ ဧပြီလတွင် အရန်ရှေ့ဆောင်အယောက် ၂၀၀ ပန်းတိုင်ထားခြင်း– ၂၀၀၆၊ ဧပြီလတွင် မြန်မာနိုင်ငံ၌ အများဆုံးအရန်ရှေ့ဆောင်အရေအတွက် ၁၇၀ ရရှိခဲ့သည်။ ထို့ကြောင့် လာမည့်ဧပြီလတွင် အယောက် ၂၀၀ ပန်းတိုင်ထားခြင်းမှာ လက်တွေ့ကျပါသည်။ အသင်းတော်တစ်ခုစီ၌ ကြေညာသူ ၁၆ ဦးတွင် ၁ ဦးနှုန်းဖြင့် ရှေ့ဆောင်လုပ်မည်ဆိုပါက ထိုပန်းတိုင်ပြည့်မီနိုင်သည်။ အချို့အသင်းတော်များတွင် အရန်ရှေ့ဆောင်လုပ်နိုင်သောကြေညာသူ ထိုထက်များပေမည်။ ထို့ကြောင့် ထိုပန်းတိုင်မှာ အသင်းတော်အများစုအတွက် လက်လှမ်းမီနိုင်သောအရာဖြစ်သည်။ ထိုအစီအစဉ်ကြောင့် သင့်အသင်းတော်တွင် မည်မျှစိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဟောပြောခြင်းလုပ်ငန်းတွင် မည်မျှအကျိုးပြုမည်ကို စဉ်းစားကြည့်ပါ!
၁၄။ ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်ရန် အဘယ်ကြောင့် အသင့်တော်ဆုံးဖြစ်သနည်း။
၁၄ ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်ရန် အဘယ်ကြောင့် အကောင်းဆုံးလဖြစ်သနည်း။ ထိုလအစတွင် အောက်မေ့ရာပွဲကျင်းပမည်ဖြစ်ရာ ယင်းကိုတက်ရောက်သူများထံ ပြန်လည်ပတ်ရန် အခွင့်အရေးရှိသည်။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကိုသုံး၍ ပြန်လည်ပတ်မှုများပြုလုပ်ကာ ကျမ်းစာသင်အံမှုစတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မဂ္ဂဇင်းများဝေငှကြမည်။ ထို့ကြောင့် ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်ခြင်းသည် ကျမ်းစာသင်အံမှုများစတင်ရန် အခွင့်အလမ်းများစွာရရှိစေမည်။ မြန်မာနိုင်ငံတွင် နေ့တာရှည်ပြီး ရာသီဥတုကောင်းမွန်သည်။ ထို့ပြင် ဧပြီလ၌ တနင်္ဂနွေငါးကြိမ်ရှိသဖြင့် လောကအလုပ်လုပ်သူများနှင့် ကျောင်းသားများအတွက် လွယ်ကူသည်။
၁၅။ အောက်မေ့ရာပွဲတော်ရာသီ နီးကပ်လာသည်နှင့်အမျှ အရေးတကြီးသဘောထား အဘယ်ကြောင့်ရှိသင့်သနည်း။
၁၅ အောက်မေ့ရာပွဲတစ်ကြိမ်ပြီးသွားတိုင်း လောကစနစ်ကုန်ဆုံးရန် တစ်နှစ်နီးကပ်လာနေသည်။ ကြီးမြတ်သောဘုရားသခင်အကြောင်း အခြားသူများကို ပြောပြရန် အချိန်သိပ်မကျန်တော့ပေ။ (၁ ကော. ၇:၂၉) အောက်မေ့ရာပွဲပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဤနှစ်ပွဲတော်ရာသီအတွင်း ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်အား ချီးမွမ်းရသည့်အခွင့်ထူးများကို ပြန်မရနိုင်တော့ပါ။ မတ်၊ ဧပြီ၊ မေလတို့တွင် ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ကြေညာရန် ယခုပင် ကြိုတင်ပြင်ဆင်ကြပါစို့။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
ဧပြီလတွင်အရန်ရှေ့ဆောင်အယောက် ၂၀၀ပြည့်မီနိုင်မည်လော
◼ ဦးစားထားရာများကို ဆန်းစစ်ပါ
◼ ပန်းတိုင်များနှင့်ပတ်သက်၍ မိသားစုလိုက် ဆွေးနွေးပါ
◼ သင့်အစီအစဉ်များကို အခြားသူများနှင့် ပြောဆိုဆွေးနွေးပါ