လုပ်ငန်းတော်နှစ်သစ်အတွက်မွန်မြတ်သောပန်းတိုင်
၁။ လုပ်ငန်းတော်နှစ်သစ်အတွက် အဘယ်ပန်းတိုင် ချမှတ်နိုင်သနည်း။
၁ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင် တိုးတက်လိုလျှင် ပန်းတိုင်များချမှတ်ရမည်။ လုပ်ငန်းတော်နှစ်သစ်အတွက် အဘယ်ပန်းတိုင်များကို သင်ချမှတ်ထားသနည်း။ အကောင်းဆုံးပန်းတိုင်မှာ တစ်လ သို့မဟုတ် ထို့ထက်ပို၍ အရန်ရှေ့ဆောင်လုပ်ခြင်းဖြစ်သည်။ ထိုပျော်ရွှင်ဖွယ်လုပ်ငန်းတွင် ပါဝင်နိုင်ရန် ကြိုတင်စီစဉ်ဖို့ လိုအပ်လေ့ရှိသောကြောင့် ယခုအချိန်သည် ထိုသို့စီစဉ်ရန် အကောင်းဆုံးဖြစ်၏။ အရန်ရှေ့ဆောင်လုပ်ရန် အဘယ်ကြောင့် ပန်းတိုင်ထားသင့်သနည်း။
၂။ အရန်ရှေ့ဆောင်လုပ်ရန် အဘယ်ကြောင့် ပန်းတိုင်ထားသင့်သနည်း။
၂ အရန်ရှေ့ဆောင်လုပ်သင့်သည့် အကြောင်းရင်းများ– အရန်ရှေ့ဆောင်လုပ်ငန်းသည် ဓမ္မအမှုတွင် အချိန်များများအသုံးပြုရသောကြောင့် ကောင်းကင်ခမည်းတော်၏စိတ်တော်ကို ‘တိုး၍’ ရွှင်လန်းစေနိုင်သည်။ (၁ သက်. ၄:၁) ကျွန်ုပ်တို့အတွက် ယေဟောဝါပြုလုပ်ပေးရာအားလုံးကို စဉ်းစားကြည့်သောအခါ ကိုယ်တော့်အကြောင်း အခြားသူများကိုပြောပြရန် လှုံ့ဆော်မှုဖြစ်စေသည်။ (ဆာ. ၃၄:၁၊ ၂) ဓမ္မအမှုတွင် ပို၍ပါဝင်နိုင်ရန် ကျွန်ုပ်တို့၏စွန့်လွှတ်အနစ်နာခံမှုများကို ယေဟောဝါတွေ့မြင်ပြီး တန်ဖိုးထားတော်မူသည်။ (ဟေဗြဲ ၆:၁၀) ကျွန်ုပ်တို့၏ကြိုးစားလုပ်ဆောင်မှုသည် ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေကြောင်းသိရခြင်းက ကျွန်ုပ်တို့ကို အလွန်ဝမ်းမြောက်စေပါသည်။—၅ ရာ. ၂၉:၉။
၃၊ ၄။ အရန်ရှေ့ဆောင်လုပ်ခြင်းမှ အဘယ်အကျိုးကျေးဇူး ရရှိနိုင်သနည်း။
၃ အလုပ်တစ်ခုကို သင် များများလုပ်ဆောင်လေ ပိုလွယ်ကူလာပြီး ပိုပျော်ရွှင်လာလေဖြစ်သည်။ ဓမ္မအမှုတွင် အချိန်များများပါဝင်ခြင်းဖြင့် အိမ်ရှင်နှင့်တွေ့သည့်အခါ စိုးရိမ်စိတ်ပိုနည်းလာမည်။ စကားစမြည်ပြောဆိုရာတွင်နှင့် ကျမ်းစာအသုံးပြုရာတွင် ပိုကျွမ်းကျင်လာမည်။ သင့်ယုံကြည်ခြင်းအကြောင်း ပို၍ဆွေးနွေးပြောဆိုလေ ယုံကြည်ခြင်းပိုခိုင်မာလေဖြစ်မည်။ ကျမ်းစာသင်အံမှုမလုပ်နိုင်သူများစွာသည် အရန်ရှေ့ဆောင်လုပ်ချိန်အတွင်း သင်အံမှုတစ်ခု စတင်ကျင်းပနိုင်ခဲ့ကြသည်။
၄ အရန်ရှေ့ဆောင်လုပ်ခြင်းသည် ကျွန်ုပ်တို့၏ ဝိညာဏလုပ်ငန်းများကို ငြီးငွေ့ဖွယ်လုပ်ရိုးလုပ်စဉ်အဖြစ် သဘောမထားမိစေရန် လှုံ့ဆော်ပေးနိုင်သည်။ မှန်မှန်ရှေ့ဆောင်လုပ်ခဲ့ဖူးသူ ညီအစ်ကိုတစ်ဦးသည် လောကီလုပ်ငန်းတွင် အချိန်ပိုပေးနေကြောင်း မိမိကိုယ်ကိုသတိပြုမိရာ အရန်ရှေ့ဆောင်တစ်လလုပ်ဖို့ ဆုံးဖြတ်ခဲ့၏။ သူဤသို့ပြောပြသည်– “အဲဒီတစ်လမှာ အံ့ဩစရာကောင်းလောက်အောင် ဝိညာဏခွန်အားရရှိခဲ့တယ်။ ဒါကြောင့် အရန်ရှေ့ဆောင်ဆက်လုပ်ဖို့ ကျွန်တော်စီစဉ်ခဲ့ပြီး မှန်မှန်ရှေ့ဆောင် ပြန်လုပ်နိုင်ခဲ့တယ်။”
၅။ အရည်အချင်းမပြည့်မီဟူသောခံစားချက်ကို မည်သို့ကျော်လွှားနိုင်သနည်း။
၅ အခက်အခဲများကို အောင်မြင်ကျော်လွှားခြင်း– အချို့က သတင်းကောင်းဟောပြောရန် အရည်အချင်းမရှိဟု ခံစားရသောကြောင့် အရန်ရှေ့ဆောင်လုပ်ရန် ဝန်လေးကြသည်။ သင်လည်း ထိုသို့ခံစားရ၍ တွန့်ဆုတ်နေပါက ယေဟောဝါသည် ယေရမိကိုကူညီပေးခဲ့သကဲ့သို့ သင့်ကိုလည်း ကူညီပေးနိုင်သည်။ (ယေ. ၁:၆-၁၀) မောရှေသည် “နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူ” ဖြစ်သော်လည်း ယေဟောဝါသည် မိမိအလိုတော်ဖြစ်မြောက်ရန် သူ့ကိုအသုံးပြုခဲ့၏။ (ထွ. ၄:၁၀-၁၂) အရည်အချင်းမပြည့်မီဟု သင်ခံစားရပါက ရဲစွမ်းသတ္တိရှိရန် ယေဟောဝါထံအသနားခံဆုတောင်းပါ။
၆။ ကျန်းမာရေးမကောင်းသူ သို့မဟုတ် အလုပ်များသူသည် မည်သည့်နည်းဖြင့် အရန်ရှေ့ဆောင်လုပ်နိုင်မည်နည်း။
၆ သင်သည် ကျန်းမာရေးမကောင်းသောကြောင့် သို့မဟုတ် အလုပ်များသောကြောင့် အရန်ရှေ့ဆောင်လုပ်ရန် တွန့်ဆုတ်နေပါသလော။ သင်သည် မသန်စွမ်းသူဖြစ်ပါက တတ်နိုင်သည့်နှုန်းဖြင့် ပုံမှန်လုပ်ဆောင်မည်ဆိုလျှင် အရန်ရှေ့ဆောင်လုပ်နိုင်ပါသည်။ သင်သည် အလုပ်များပါက အရေးမကြီးသောအလုပ်အချို့ကို နောက်လသို့ရွှေ့နိုင်သည်။ အချိန်ပြည့်အလုပ်လုပ်ရသူအချို့သည် ခွင့်တစ်ရက်၊ နှစ်ရက်ယူခြင်းဖြင့် အရန်ရှေ့ဆောင်လုပ်ရန် အချိန်ဝယ်ယူနိုင်ခဲ့သည်။—ကော. ၄:၅။
၇။ အရန်ရှေ့ဆောင်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ဆုတောင်းခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
၇ လုပ်ဆောင်နိုင်ပုံ– အရန်ရှေ့ဆောင်လုပ်လိုသည့် သင့်ဆန္ဒကို ဆုတောင်းပြောပြပါ။ သင့်ဓမ္မအမှုကိုတိုးချဲ့ရန် ကြိုးစားအားထုတ်မှုများအပေါ် ယေဟောဝါကောင်းချီးပေးဖို့ တောင်းလျှောက်ပါ။ (ရော. ၁၂:၁၁၊ ၁၂) သင့်ဇယားကို ပြုပြင်ချိန်ညှိရာတွင် ပညာရှိဆုံးဖြတ်ချက်များချနိုင်ရန် ကိုယ်တော် ကူညီပေးနိုင်ပါသည်။ (ယာ. ၁:၅) သင့်တွင် အရန်ရှေ့ဆောင်လုပ်လိုသည့်ဆန္ဒမရှိပါက ဟောပြောခြင်းလုပ်ငန်းတွင် ပျော်မွေ့လာစေရန် ယေဟောဝါထံ အကူအညီတောင်းပါ။—လု. ၁၀:၁၊ ၁၇။
၈။ သုတ္တံ ၁၅:၂၂ ကိုကျင့်သုံးခြင်းက သင်အရန်ရှေ့ဆောင်လုပ်ရန် မည်သို့ကူညီနိုင်သနည်း။
၈ အရန်ရှေ့ဆောင်ပန်းတိုင်နှင့်ပတ်သက်၍ မိသားစုလိုက်ဆွေးနွေးပါ။ (သု. ၁၅:၂၂) မိသားစုဝင်တစ်ဦး အရန်ရှေ့ဆောင်လုပ်နိုင်ရန် အခြားအိမ်သားများ ထောက်မကူညီနိုင်ပေမည်။ ထို့ပြင် ရှေ့ဆောင်လုပ်ရန် သင်ဆန္ဒရှိကြောင်း အသင်းတော်ရှိအခြားသူများ၊ အထူးသဖြင့် သင်နှင့်အခြေအနေတူသူများနှင့် ဆွေးနွေးပါ။ ယင်းက အရန်ရှေ့ဆောင်လုပ်ရန် စိတ်ထက်သန်မှု တိုးပွားစေနိုင်ပါသည်။
၉။ အရန်ရှေ့ဆောင်လုပ်ရန် အဘယ်လများကို သင်ရွေးချယ်နိုင်သနည်း။
၉ လုပ်ငန်းတော်နှစ်သစ်အတွက် သင့်ကိုယ်ပိုင်သီအိုကရက်တစ်ဇယားကို ပြန်သုံးသပ်သည့်အခါ မည်သည့်လများတွင် အရန်ရှေ့ဆောင်လုပ်နိုင်မည်ဟု သင်ထင်သနည်း။ သင်သည် အချိန်ပြည့်အလုပ်လုပ်သူ သို့မဟုတ် ကျောင်းသားတစ်ဦးဖြစ်ပါက အားလပ်ရက်ရှိသော၊ စနေ တနင်္ဂနွေငါးကြိမ်ရှိသောလများတွင် လုပ်ဆောင်လိုပေမည်။ ဥပမာ၊ စက်တင်ဘာ၊ ဒီဇင်ဘာ၊ မတ်နှင့်သြဂုတ်လတို့တွင် စနေ တနင်္ဂနွေငါးကြိမ်ရှိသည်။ မေလတွင် စနေငါးကြိမ်ရှိပြီး ဇွန်လတွင် တနင်္ဂနွေငါးကြိမ်ရှိသည်။ သင်သည် ကျန်းမာရေးမကောင်းပါက ရာသီဥတုကောင်းသောလများတွင် လုပ်ဆောင်ရန် စဉ်းစားပါ။ အသင်းတော်သို့ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်သည့်လတွင် အရန်ရှေ့ဆောင်လုပ်ရန်လည်း သင်စဉ်းစားပေမည်။ သို့ဆိုလျှင် တိုက်နယ်လည်ပတ်မှုအတွင်း မှန်မှန်ရှေ့ဆောင်များနှင့်တွေ့ဆုံသည့်စည်းဝေး၏ ပထမပိုင်းကို တက်ရောက်ခွင့်ရရှိပါလိမ့်မည်။ နောက်နှစ်သတိရအောက်မေ့ပွဲသည် မတ် ၂၂ ရက်တွင် ကျရောက်သောကြောင့် မတ်၊ ဧပြီနှင့်မေလများသည် အရန်ရှေ့ဆောင်လုပ်ရန် အကောင်းဆုံးလများဖြစ်သည်။ သင်အရန်ရှေ့ဆောင်လုပ်လိုသည့်လကို ရွေးချယ်ပြီးသည်နှင့် အစီအစဉ်ဇယားတစ်ခု ရေးဆွဲလိုက်ပါ။ ယင်းက သတ်မှတ်နာရီ ပြည့်မီစေနိုင်ပါလိမ့်မည်။
၁၀။ သင် အရန်ရှေ့ဆောင် မလုပ်နိုင်ပါက ဘာလုပ်ဆောင်နိုင်သနည်း။
၁၀ လာမည့်လုပ်ငန်းတော်နှစ်တွင် အရန်ရှေ့ဆောင်လုပ်နိုင်မည်မဟုတ်ဟု သင်ယူဆလျှင်ပင် ရှေ့ဆောင်စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်ပါသည်။ ဓမ္မအမှုတွင် အတတ်နိုင်ဆုံး ဆက်ပါဝင်ပါ။ ယေဟောဝါအား အကောင်းဆုံးအရာပေးဆပ်ရန် သင်စိုးလ်အကြွင်းမဲ့ကြိုးစားသည်ကို ကိုယ်တော်နှစ်သက်ကြောင်း ယုံကြည်စိတ်ချပါ။ (ဂလ. ၆:၄) အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်သူများကို အားပေးထောက်မပါ။ တစ်ပတ်အတွင်း ကြားရက်တစ်ရက်တွင် သူတို့နှင့်အတူ အမှုဆောင်နိုင်ရန် သင့်ဇယားကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။
၁၁။ ကျွန်ုပ်တို့တွင် အဘယ်ကြောင့် အရေးတကြီးသဘောထားရှိသင့်သနည်း။
၁၁ ယေဟောဝါ၏လူမျိုးသည် အရေးတကြီးသဘောထားရှိကြသည်။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ပြီးမြောက်အောင်လုပ်ရမည့်တာဝန်ရှိသည်။ ယင်းသည် သေရေးရှင်ရေးကိစ္စဖြစ်ပြီး အချိန်အနည်းငယ်သာ ကျန်ပါတော့သည်။ (၁ ကော. ၇:၂၉-၃၁) ယေဟောဝါနှင့်လူသားချင်းကို ချစ်သောမေတ္တာက ဓမ္မအမှုတွင် အတတ်နိုင်ဆုံးပါဝင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါလိမ့်မည်။ ကြိုးစားအားထုတ်ခြင်းနှင့် ကောင်းစွာစီစဉ်ခြင်းဖြင့် လုပ်ငန်းတော်နှစ်သစ်အတွင်း အနည်းဆုံးတစ်လ သင်အရန်ရှေ့ဆောင်လုပ်နိုင်ပါသည်။ ယင်းသည် အမှန်ပင် မွန်မြတ်သောပန်းတိုင်ဖြစ်ပေသည်။