ကျွန်ုပ်တို့ကို ကောင်းကင်တမန်များကူညီနေ
၁ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” ထိုစကားများသည် “သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ ... ကြလော့” ဟူသော ယေရှု၏အမိန့်တော်ကို လိုက်နာသူအားလုံးအတွက် မည်မျှအားရှိစရာပါတကား! (မ. ၂၈:၁၈-၂၀) စစ်မှန်သောခရစ်ယာန်များနှင့်အတူ ယေရှုရှိသည့် အရေးပါသောနည်းတစ်နည်းမှာ ကိုယ်တော်၏ကောင်းကင်တမန်များအားဖြင့်ဖြစ်သည်။ (မ. ၁၃:၃၆-၄၃) “ထာဝရသတင်းကောင်း” ကို ဤသစ္စာရှိနာမ်ဝိညာဉ်သတ္တဝါများနှင့်အတူ ကြေညာရခြင်းသည် မည်မျှပီတိဖြစ်စရာပါတကား!—ဗျာ. ၁၄:၆၊ ၇၊ ကဘ။
၂ ကျွန်ုပ်တို့၏ဓမ္မအမှုတွင်– “ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတ္တံ့သောသူတို့ကို ပြုစုစေခြင်းငှာ” ကောင်းကင်တမန်များအား စေလွှတ်သည်ဟု သမ္မာကျမ်းစာကဖော်ပြ၏။ (ဟေဗြဲ ၁:၁၄) ပထမရာစုတွင် ယေရှု၏နောက်လိုက်များအား ထိုက်တန်သူများထံလမ်းညွှန်ရာတွင် ကောင်းကင်တမန်များပါဝင်ခဲ့သည်။ (တ. ၈:၂၆) ယနေ့ ဘုရားသခင့်ကျေးကျွန်များသည် ကောင်းကင်တမန်လမ်းညွှန်သည်ဟူသောသာဓကကို ဆက်လက်တွေ့မြင်ကြရသည်။ အချိန်အခါအတော်များများတွင် အိမ်ရှင်များသည် အကူအညီရရှိရန် ဆုတောင်းနေချိန်တွင် မိမိတို့၏အိမ်တံခါးဝသို့ သက်သေခံတစ်ဦးရောက်ရှိလာကြောင်း ပြောဆိုခဲ့ကြပြီ။ ထိုသို့သောသူများသည် နိုင်ငံတော်သတင်းကို တုံ့ပြန်ကြသောအခါ ကောင်းကင်တမန်များနှင့်အတူ ကျွန်ုပ်တို့မည်မျှပျော်ရွှင်ကြသည်တကား!—လု. ၁၅:၁၀။
၃ အတိုက်အခံနှင့်ကြုံရချိန်တွင်– ဒံယေလ၊ သူ၏ဟေဗြဲအဖော်သုံးဦး၊ တမန်တော်ပေတရုနှင့် ပြင်းထန်သောစမ်းသပ်မှုများခံခဲ့ကြရသည့် အခြားသူများစွာသည် “တန်ခိုးကြီး” သောကောင်းကင်တမန်များအားဖြင့် ယေဟောဝါ၏ကာကွယ်မှုကို ရရှိခဲ့ကြသည်။ (ဆာ. ၁၀၃:၂၀; ဒံ. ၃:၂၈; ၆:၂၁၊ ၂၂; တ. ၁၂:၁၁) တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အတိုက်အခံနှင့်ကြုံရသောအခါ အကူအညီမဲ့နေသည်ဟု ခံစားရမည်ဖြစ်သော်လည်း “ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များ” ကြောင်းသိခဲ့ရချိန်တွင် ဧလိရှဲ၏ကျွန် ရရှိခဲ့သောတွေ့ကြုံမှုက ကျွန်ုပ်တို့ကို အားရှိစေနိုင်သည်။ (၄ ရာ. ၆:၁၅-၁၇) ကျွန်ုပ်တို့သည် ခရစ်ယာန်ညီအစ်ကိုများနှင့် အတင်းအဓမ္မခွဲထားခံရလျှင်ပင် စိတ်ဓာတ်ကျဖို့မလိုချေ။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့အာမခံထားသည်– “ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ ... ကြ၏။”—ဆာ. ၃၄:၇။
၄ မကြာမီ ကောင်းကင်ဗိုလ်ခြေတို့သည် ခရစ်တော်၏မင်းရိုက်ရာအား ဆန့်ကျင်သူမှန်သမျှကိုဖယ်ရှားပစ်ရန် စီးနင်းချီတက်လာကြမည်ဖြစ်သည်။ (ဗျာ. ၁၉:၁၁၊ ၁၄၊ ၁၅) ထိုနေ့ကို ကျွန်ုပ်တို့စောင့်မျှော်နေစဉ် ခရစ်တော်၏ကွပ်ကဲမှုအောက်ရှိ ကောင်းကင်ဗိုလ်ခြေတို့၏ တန်ခိုးပါသောထောက်မမှုကို အပြည့်အဝယုံကြည်စိတ်ချလျက် ယေဟောဝါအား ဆက်လက်၍ ရဲရင့်စွာချီးမွမ်းနိုင်ကြပါစေ။—၁ ပေ. ၃:၂၂။