မေးခွန်းသေတ္တာ
◼ အခြားတိုင်းပြည်များရှိ လိုအပ်နေသောညီအစ်ကိုများ၏အကျိုးအတွက် အလှူငွေများထည့်ဝင်ရန် အကောင်းဆုံးနည်းလမ်းကား အဘယ်နည်း။
ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းမှု၊ ဘေးဒဏ် သို့မဟုတ် အခြားခက်ခဲသော အခြေအနေများကြောင့် ရုပ်ပိုင်းအကူအညီလိုအပ်သည့် အခြားတိုင်းပြည်တစ်ခုမှ ညီအစ်ကိုများအကြောင်း ရံဖန်ရံခါကြားရကြသည်။ ညီအစ်ကိုအချို့သည် ထိုသို့သောတိုင်းပြည်များရှိ ဌာနခွဲရုံးများသို့ ရန်ပုံငွေများတိုက်ရိုက်ပို့ပေးရန် လှုံ့ဆော်ခံရကြကာ ထိုငွေအား တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ရာသောအသင်းတော် သို့မဟုတ် ရည်ရွယ်ထားသောဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ကူညီရန် အသုံးပြုဖို့ တောင်းဆိုကြသည်။—၂ ကော. ၈:၁-၄။
ယုံကြည်သူချင်းများအတွက် ထိုသို့မေတ္တာပါသောစိုးရိမ်မှုသည် ချီးမွမ်းဖွယ်ဖြစ်သော်လည်း များသောအားဖြင့် လှူဒါန်းသူရည်ရွယ်ထားသည့်အရာထက် ပို၍အရေးကြီးသည့် လိုအပ်ရာများရှိပါသည်။ အခြေအနေအချို့တွင် ကူညီရန်ရည်ရွယ်ထားသည့် လိုအပ်ရာကို ဖြည့်ဆည်းနှင့်ပြီးဖြစ်သည်။ မှန်ပါသည်၊ ကမ္ဘာချီလုပ်ငန်း၊ နိုင်ငံတော်ခန်းမရန်ပုံငွေ သို့မဟုတ် ဘေးဒဏ်ကယ်ဆယ်ရေးအတွက် အလှူငွေများကို ဒေသခံဌာနခွဲရုံးသို့ပို့သည့်အခါ ထိုလှူဒါန်းသောရန်ပုံငွေများကို လှူဒါန်းသူ ညွှန်ကြားသည့်အတိုင်း အသုံးပြုမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။
ဌာနခွဲအားလုံးရှိ ညီအစ်ကိုများသည် မမျှော်လင့်ထားသောလိုအပ်ရာများကို အလျင်အမြန်ဖြည့်ဆည်းပေးရန် ကောင်းစွာလေ့ကျင့်ခံထားရသည်။ အခြေအနေတိုင်းတွင် ဌာနခွဲသည် ကိစ္စရပ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့သို့ အကြောင်းကြားသည်။ ထပ်ဆင့်အကူအညီလိုအပ်လျှင် အုပ်ချုပ်ရေးအဖွဲ့သည် အကူအညီပေးရန် အနီးအနားရှိ ဌာနခွဲများကို ဖိတ်ခေါ်ကောင်းဖိတ်ခေါ်မည် သို့မဟုတ် ရန်ပုံငွေများကို ဌာနချုပ်မှ တိုက်ရိုက်ပို့ပေးကောင်းပို့ပေးမည်။—၂ ကော. ၈:၁၄၊ ၁၅။
ထို့ကြောင့် ကမ္ဘာချီလုပ်ငန်း၊ အခြားတိုင်းပြည်များရှိ ဆောက်လုပ်ရေးစီမံကိန်းများ သို့မဟုတ် ဘေးဒဏ်ကယ်ဆယ်ရေး အတွက် ရည်ရွယ်ထားသောအလှူငွေအားလုံးကို သင်နေထိုင်ရာနိုင်ငံရှိ ဌာနခွဲရုံးသို့ အသင်းတော်မှဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပေးပို့သင့်သည်။ ဤနည်းဖြင့် ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် အုပ်ချုပ်ရေးအဖွဲ့က ချမှတ်ထားသော အဖွဲ့အစည်းဆိုင်ရာအစီအစဉ်များအားဖြင့် ကမ္ဘာချီညီအစ်ကိုအသင်းအပင်း၏ လိုအပ်ရာများကို စနစ်တကျဖြည့်ဆည်းပေးသည်။—မ. ၂၄:၄၅-၄၇; ၁ ကော. ၁၄:၃၃၊ ၄၀။