မိသားစုဇယား—နေ့စဉ်ကျမ်းချက်
၁ မေတ္တာရှိသောမိဘတို့သည် မိမိတို့၏သားသမီးများအတွက် အာဟာရရှိသောအစာကို ပြင်ဆင်ပေးရန် နေ့စဉ် များစွာကြိုးစားကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဝိညာဏအာဟာရကို ပြင်ဆင်ပေးခြင်းသည် ပို၍ပင်အရေးကြီး၏။ (မ. ၄:၄) ဝိညာဉ်အစာကိုခံတွင်းတွေ့ပြီး “ကယ်တင်ခြင်းအလိုငှာ . . . ကြီးပွား” ရန် သင့်သားသမီးများအား ကူညီနိုင်သောနည်းတစ်နည်းမှာ နေ့စဉ်အချိန်ယူ၍ နေ့စဉ်ကျမ်းချက်နှင့် မှတ်ချက်များကို မိသားစုလိုက် သုံးသပ်ခြင်းအားဖြင့်ဖြစ်၏။ (၁ ပေ. ၂:၃) သင်၏မိသားစုဇယား၌ ယင်းကို မည်သည့်အချိန်တွင် ပါဝင်စေနိုင်သနည်း။
၂ အစာစားချိန်များတွင်– ကျမ်းချက်ဆွေးနွေးခန်းတစ်ခုဖြင့် နေ့တစ်နေ့ကိုအစပြုခြင်းက စိတ်ထဲတွင် ယေဟောဝါအား တစ်နေ့လုံးရှိနေစေရန် သင်၏မိသားစုကို ကူညီပေးနိုင်သည်။ (ဆာ. ၁၆:၈) မိခင်တစ်ဦးသည် သူ၏သား ကျောင်းမသွားမီ နံနက်စာစားစဉ် သူနှင့်အတူ ကျမ်းချက်နှင့် မှတ်ချက်များကို ဖတ်ရှုဆွေးနွေးပြီး ဆုတောင်းရန် ဆုံးဖြတ်ခဲ့သည်။ ယင်းက သားဖြစ်သူအား အမျိုးသားရေးဝါဒနှင့်ရင်ဆိုင်ရသည့်အခါ အလျှော့မပေးဘဲရပ်တည်ရန်၊ မတော်လျော်သောမြှူဆွယ်မှုကို တွန်းလှန်ရန်နှင့် ကျောင်းသူ/သားများနှင့် ဆရာ/မများကို သတ္တိရှိရှိသက်သေခံရန် ခွန်အားရှိစေခဲ့သည်။ သူသည် ကျောင်းတွင် တစ်ဦးတည်းသောသက်သေခံဖြစ်ခဲ့သော်လည်း သူတစ်ဦးတည်းရှိသည်ဟူ၍ မည်သည့်အခါမျှ မခံစားခဲ့ရပေ။
၃ နံနက်ပိုင်းတွင် ကျမ်းချက်ဆွေးနွေးခြင်းသည် လက်တွေ့မကျပါက ညနေစာစားချိန်တွင်ဖြစ်ကောင်းဖြစ်မည့် ညနေပိုင်းတွင် ယင်းကို မိသားစုလိုက် သုံးသပ်နိုင်သည်။ အချို့က ဤအချိန်တွင် လယ်ကွင်းဓမ္မအမှုမှ အတွေ့အကြုံများနှင့် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းမှရရှိခဲ့သည့် အချက်များကိုလည်း ဆွေးနွေးကြသည်။ များစွာသောသူတို့သည် ထမင်းဝိုင်းတွင်ရှိခဲ့သည့် ထိုကဲ့သို့သော အခါသမယများကို မိသားစုလိုက် အတူရှိနေချိန်များအနက် အပျော်ရွှင်ဆုံးအချိန်များအဖြစ် တမ်းတသတိရကြသည်။
၄ ညဘက်တွင်– မိသားစုအချို့အတွက် နေ့စဉ်ကျမ်းချက်သုံးသပ်ရန် အကောင်းဆုံးအချိန်မှာ ညဘက်အိပ်ရာမဝင်မီလေးတွင်ဖြစ်၏။ ယင်းသည် အတူတကွဆုတောင်းရန် အချိန်အခါကောင်းလည်းဖြစ်နိုင်၏။ သင်သည် ယေဟောဝါအကြောင်းပြောဆိုပြီး ကိုယ်တော့်ထံ ဆုတောင်းသည်ကို သင်၏သားသမီးများ နေ့စဉ်ကြားရသည့်အခါ ကိုယ်တော်သည် သူတို့အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာသည်။
၅ ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း ကို သင်တို့ ကောင်းစွာအသုံးပြုစဉ် သင်တို့၏သားသမီးများတွင် သမ္မာတရားကို သွတ်သွင်းပေးရန် သင်တို့၏ကြိုးစားမှုများအပေါ် ယေဟောဝါကောင်းချီးပေးပါစေ။