ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ကောင်းစွာကြည့်မြင်ဆက်သွယ်ခြင်းဖြင့်
၁ လူထုရှေ့နှင့် တစ်အိမ်မှတစ်အိမ် သက်သေခံသည့်အခါ ကျွန်ုပ်တို့သည် စကားစတင်မပြောဆိုမီ လူတို့နှင့် ကြည့်မြင်ဆက်သွယ်လေ့ရှိ၏။ ထိုတစ်ခဏအတွင်း ကျွန်ုပ်တို့ရောက်ရှိနေခြင်းနှင့်ပတ်သက်၍ သူတို့၏ခံစားချက်ကိုသာမက စိတ်ထားကိုပင် သူတို့၏မျက်နှာထားမှ သိရှိနိုင်သည်။ ထိုနည်းတူ သူတို့လည်း ကျွန်ုပ်တို့နှင့်ပတ်သက်၍ များစွာပိုင်းခြားသိရှိနိုင်သည်။ အမျိုးသမီးတစ်ဦးက သက်သေခံတစ်ဦး၏ လည်ပတ်မှုနှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “သူ့ရဲ့ပြုံးနေတဲ့ မျက်နှာထားနဲ့ပတ်သက်ပြီး ကျွန်မမှတ်မိတာကတော့ တည်ငြိမ်မှုဖြစ်တယ်။ အဲဒါက ကျွန်မရဲ့စိတ်ဝင်စားမှုကို နှိုးဆွပေးတယ်။” ယင်းက သတင်းကောင်းကို နားထောင်ရန် ထိုအမျိုးသမီးအား လမ်းဖွင့်ပေးခဲ့သည်။
၂ အခြားသူများနှင့် ကြည့်မြင်ဆက်သွယ်ခြင်းသည် လမ်းပေါ်တွင် သို့မဟုတ် လူအများရှိသော အခြားနေရာများတွင် အမှုဆောင်သည့်အခါ စတင်သက်သေခံရန် ထိရောက်သောနည်းတစ်နည်းဖြစ်၏။ ညီအစ်ကိုတစ်ဦးသည် မိမိထံချဉ်းကပ်လာသူများ၏ မျက်စိကို အကဲခတ်ကြည့်ရှုသည်။ သူသည် အပြုံးလေးဖြင့် ကြည့်မြင်ဆက်သွယ်ပြီး မဂ္ဂဇင်းကို တင်ဆက်သည်။ ဤချဉ်းကပ်နည်းကို အသုံးပြုရာ သူသည် အားရကျေနပ်ဖွယ် စကားလက်ဆုံပြောဆိုခွင့် များစွာရရှိပြီး စာအုပ်စာတမ်းများစွာဝေငှရသည်။
၃ အခြားသူတို့၏ခံစားချက်ကို ပိုင်းခြားသိရှိပါ– ကြည့်မြင်ဆက်သွယ်ခြင်းက အခြားသူတို့၏ခံစားချက်ကို ပိုင်းခြားသိရှိရန် ကျွန်ုပ်တို့ကို ကူညီပေး၏။ ဥပမာ၊ တစ်စုံတစ်ဦးသည် ကျွန်ုပ်တို့ကို နားလည်ဖို့ခက်နေလျှင် သို့မဟုတ် ကျွန်ုပ်တို့ပြောသည့်အရာကို သဘောမကျလျှင် များသောအားဖြင့် သူ၏မျက်နှာတွင် ပေါ်လွင်နေသည်။ သူသည် အလုပ်များနေလျှင် သို့မဟုတ် စိတ်မရှည်နိုင်ဖြစ်နေလျှင် သူ၏မျက်နှာထားကို အကဲခတ်ခြင်းဖြင့် ယင်းကို သိရှိနိုင်သည်။ ထို့နောက် ကျွန်ုပ်တို့၏တင်ဆက်မှုကို အလိုက်သင့်ပြုပြင်နိုင်သည်၊ သို့မဟုတ် အတိုချုံးနိုင်သည်။ အခြားသူများ၏ခံစားချက်ကို အကင်းပါးစွာသိရှိခြင်းသည် သူတို့ကို ကျွန်ုပ်တို့ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားကြောင်းပြရန် နည်းလမ်းကောင်းတစ်ခုဖြစ်၏။
၄ ရိုးသားမှုနှင့် ခိုင်မာသောယုံကြည်မှု– ယဉ်ကျေးမှုများစွာတွင် လူတစ်ဦးကို မျက်စိဖြင့်ကြည့်ခြင်းသည် ရိုးသားသောလက္ခဏာဖြစ်သည်ဟု ရှုမြင်ကြ၏။ တပည့်တော်များက “အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း” ဟုမေးသည့်အခါ ယေရှု မည်သို့တုံ့ပြန်ခဲ့သည်ကို သတိပြုပါ။ ကျမ်းစာက ဤသို့ဆိုသည်– “ယေရှုသည်လည်း၊ သူတို့ကိုကြည့်ရှု၍ ‘ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်’ ဟုမိန့်တော်မူ၏။” (မ. ၁၉:၂၅၊ ၂၆) ယေရှု၏မျက်လုံးတွင် ပေါ်လွင်နေသည့် ခိုင်မာသောယုံကြည်မှုက ကိုယ်တော့်စကားကို ပို၍အလေးစီးစေခဲ့မည်မှာ သေချာသည်။ ထိုနည်းတူ၊ ကောင်းစွာကြည့်မြင်ဆက်သွယ်ခြင်းက ရိုးသားမှုနှင့် ခိုင်မာသောယုံကြည်မှုတို့ဖြင့် နိုင်ငံတော်သတင်းဟောပြောရန် ကျွန်ုပ်တို့ကို ကူညီပေးလိမ့်မည်။—၂ ကော. ၂:၁၇; ၁ သက်. ၁:၅။