သင့်အစီအစဉ်ကို ပြုပြင်ပြောင်းလဲနိုင်မည်လော
၁။ ကျွန်ုပ်တို့၏ ဟောပြောခြင်းအစီအစဉ်ကို အဘယ်ကြောင့် ပြုပြင်ပြောင်းလဲသင့်သနည်း။
၁ ခရစ်ယာန်စစ်များအနေနှင့် ကျွန်ုပ်တို့သည် “လူကိုမျှားသောတံငါ” ဖြစ်ရန် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ကြပြီ။ (မ. ၄:၁၉) ပကတိတံငါသည်များနည်းတူ ကျွန်ုပ်တို့သည် လူတို့ကိုတွေ့ရှိနိုင်သောအချိန်တွင် ဟောပြောရန် အချိန်ဇယားဆွဲမည်ဆိုလျှင် လူကိုမျှားသောလုပ်ငန်းတွင် ပိုမိုအကျိုးဖြစ်ထွန်းပေမည်။ တိုင်းပြည်များစွာတွင် လာမည့်လများသည် နေ့တာရှည်၏။ မွန်းလွဲနှောင်းပိုင်းနှင့် ညနေအစောပိုင်းတို့တွင် လူတို့ကို အိမ်တွင် ပိုတွေ့ရသည်။ များသောအားဖြင့် သူတို့သည် အေးအေးဆေးဆေးရှိကာ ဧည့်သည်များကို လက်ခံရန် ပို၍တလိုတလားရှိပေမည်။ ထိုအချိန်များတွင် ဟောပြောရန် သင့်အစီအစဉ်ကို ပြုပြင်ပြောင်းလဲနိုင်မည်လော။—၁ ကော. ၉:၂၃။
၂။ လူများများထံ သတင်းကောင်းရောက်ရှိနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။
၂ ညနေပိုင်းသက်သေခံခြင်း– ညနေပိုင်းများတွင် ဟောပြောရန် ကြိုတင်စီစဉ်ခြင်းသည် လူများများထံ သတင်းကောင်းရောက်ရှိစေနိုင်၏။ (သု. ၂၁:၅) လူငယ်များသည် ကျောင်းဆင်းပြီးနောက် ဟောပြောနိုင်ပေမည်။ အခြားသူတို့သည် အလုပ်ဆင်းပြီးနောက် ဟောပြောနိုင်ပေမည်။ စာအုပ်ကြီးသင်တန်းအုပ်စုအချို့သည် ပတ်စဉ်သင်တန်းမတိုင်မီ တစ်နာရီဟောပြောရန် စီစဉ်နိုင်ပါသည်။
၃။ သင့်ရပ်ကွက်တွင် မွန်းလွဲနှောင်းပိုင်းနှင့် ညနေအစောပိုင်းတို့တွင် မည်သည့်နည်းများဖြင့် ဟောပြောနိုင်သနည်း။
၃ မွန်းလွဲနှောင်းပိုင်းနှင့် ညနေအစောပိုင်းတွင် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းသည် အိမ်တွင် ပုံမှန်မရှိသူများနှင့် စကားပြောခွင့်ရစေနိုင်သည်။ ရပ်ကွက်များစွာတွင် လမ်းပေါ်သက်သေခံခြင်းနှင့် အခြား လူအများရှေ့သက်သေခံခြင်းပုံစံများကိုလည်း ညနေပိုင်းတွင် ပြုလုပ်နိုင်ကြပါသည်။ ထို့ပြင် ညနေပိုင်းများသည် ပြန်လည်ပတ်မှုများပြုလုပ်ရန်နှင့် ကျမ်းစာသင်အံမှုများစရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း လူများစွာ တွေ့ရှိကြသည်။
၄။ ညနေပိုင်းသက်သေခံခြင်းတွင် ပါဝင်သည့်အခါ ပိုင်းခြားသိမြင်မှုနှင့် ထောက်ထားစာနာမှုရှိရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၄ ပိုင်းခြားသိမြင်မှုလိုအပ်– ညနေပိုင်းသက်သေခံခြင်းတွင် ပါဝင်သည့်အခါ ကောင်းစွာချင့်ချိန်တတ်ဖို့လို၏။ များသောအားဖြင့် အိမ်ရှင်များ ညဘက်အနားယူရန် အသင့်ပြင်ဆင်နေမည့်အချိန်တွင် သွားမည့်အစား ညနေအစောပိုင်းအချိန်များတွင်သာ သက်သေခံခြင်းသည် အကောင်းဆုံးဖြစ်၏။ (ဖိ. ၄:၅၊ ကဘ) သင် တံခါးခေါက်သည့်အခါ မြင်သာသည့်နေရာတွင်ရပ်ပြီး သင့်ကိုယ်သင် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာပြောပြပါ။ သင် လာလည်ရသည့် ရည်ရွယ်ချက်ကို ချက်ချင်းအသိပေးပါ။ သင် သွားသောအချိန်သည် မိသားစုအစာစားချိန်ကဲ့သို့ အခွင့်အခါမသင့်သောအချိန်ဖြစ်နေလျှင် အခြားတစ်ချိန်တွင် ပြန်လာလိုကြောင်းပြောပါ။ အမြဲ ထောက်ထားစာနာပါ။—မ. ၇:၁၂။
၅။ ဟောပြောနေစဉ် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကျွန်ုပ်တို့ မည်သို့ရှောင်ရှားနိုင်သနည်း။
၅ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုလည်း သတိထားဖို့လို၏။ နေဝင်ချိန် သို့မဟုတ် မှောင်ပြီးနောက်ပိုင်း သက်သေခံမည်ဆိုလျှင် နှစ်ယောက်စီ သို့မဟုတ် အုပ်စုလိုက်သွားခြင်းသည် ပညာရှိရာကျ၏။ သင် တစ်ဦးတည်းသီးခြားဖြစ်မနေသည့် အလင်းကောင်းစွာရသော လမ်းများပေါ်တွင်သွားပါ။ သင် လုံခြုံသည်ဟု ခံစားရသောနေရာများတွင်သာ သက်သေခံပါ။ မှောင်ပြီးနောက်ပိုင်းတွင် လုံခြုံမှုမရှိသည့်နေရာများကို ရှောင်ပါ။—သု. ၂၂:၃။
၆။ မွန်းလွဲနှောင်းပိုင်းနှင့် ညနေအစောပိုင်းတွင် သက်သေခံခြင်းမှ အဘယ်ထပ်ဆင့်အကျိုးကျေးဇူး ရရှိနိုင်သနည်း။
၆ မွန်းလွဲနှောင်းပိုင်းနှင့် ညနေအစောပိုင်းတွင် သက်သေခံခြင်းသည် အရန်နှင့် မှန်မှန်ရှေ့ဆောင်များနှင့်အတူ အမှုဆောင်ခွင့် ရရှိစေနိုင်သည်။ (ရော. ၁:၁၂) လုပ်ငန်းတော်၏ ဤကဏ္ဍတွင်ပါဝင်ရန် သင့်အစီအစဉ်ကို ပြုပြင်ပြောင်းလဲနိုင်မည်လော။