ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ယဉ်ကျေးသိမ်မွေ့ ခြင်းဖြင့်
၁ ယေဟောဝါသည် စကြဝဠာအချုပ်အခြာရှင်ဖြစ်သော်လည်း မစုံလင်သူလူသားများနှင့်ဆက်ဆံရာတွင် ကြင်နာ၊ စာနာထောက်ထားပြီး ယဉ်ကျေးတော်မူ၏။ (က. ၁၃:၁၄; ၁၉:၁၈-၂၁၊ ၂၉) ယဉ်ကျေးသိမ်မွေ့သည့် ကျွန်ုပ်တို့၏ဘုရားသခင်ကို တုပခြင်းဖြင့် သတင်းကောင်းတင်ဆက်မှုကို တိုးတက်စေနိုင်သည်။ (ကော. ၄:၆) ယင်းတွင် ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစားပြောဆိုရုံထက်မက ပါဝင်သည်။
၂ တစ်အိမ်မှတစ်အိမ်တွင်– အခွင့်အခါမသင့်သောအချိန်တွင် သို့မဟုတ် စကားမပြောနိုင်လောက်အောင် အလုပ်များလွန်းသောအချိန်တွင် အိမ်ရှင်ထံ လည်ပတ်မိမည်ဆိုလျှင် မည်သို့နည်း။ ကျွန်ုပ်တို့၏တင်ဆက်မှုကို အကျဉ်းချုံးလိုက်ခြင်းဖြင့် သို့မဟုတ် အခြားအချိန်တစ်ချိန်တွင် ပြန်လာရန် ကမ်းလှမ်းခြင်းဖြင့် ထိုသို့သောအခြေအနေများကို နားလည်သင့်သည်။ စာပေများကို လူတို့ငြင်းဆိုလျှင် လက်ခံရန် အတင်းအကျပ်ပြုခြင်းကို ကျွန်ုပ်တို့ရှောင်ကြသည်။ အခြားသူများအား စာနာထောက်ထားခြင်းကလည်း ဝင်းတံခါးများကို ပြန်ပိတ်ပေးခြင်း၊ ထိုသို့ပြုလုပ်ရန် မိမိတို့၏ကလေးများကို လေ့ကျင့်ပေးခြင်းဖြင့် သူတို့၏ဥစ္စာပစ္စည်းကို လေးစားမှုပြရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါမည်။ လူမတွေ့သည့်အိမ်များတွင်ထားခဲ့သော မည်သည့်စာပေကိုမဆို လမ်းသွားလမ်းလာများမမြင်ရန် သေချာစေသင့်သည်။ မှန်ပါသည်၊ ယဉ်ကျေးသိမ်မွေ့မှုသည် မိမိတို့ကို သူတစ်ပါးဆက်ဆံစေလိုသည့်အတိုင်း အခြားသူများကို ဆက်ဆံရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါမည်။—လု. ၆:၃၁။
၃ လမ်းပေါ်အမှုဆောင်ရာတွင်– လမ်းပေါ်အမှုဆောင်သည့်အခါ လမ်းသွားလမ်းလာများကို မပိတ်ဆို့ခြင်း၊ ဈေးဆိုင်များရှေ့တွင် မစုရုံးခြင်းဖြင့် ယဉ်ကျေးမှုရှိကြောင်း ပြသနိုင်သည်။ ကျွန်ုပ်တို့သည် ရေးကြီးသုတ်ပျာဖြစ်နေသူများနှင့်မဟုတ်ဘဲ အချိန်အနည်းငယ်ပေးနိုင်မည့်သူများနှင့် စကားပြောဆိုရန်ရှာကြံလျက် အခြားသူတို့၏အခြေအနေကို အကင်းပါးစွာ သိရှိထားကြမည်။ တစ်ခါတစ်ရံ လမ်းပေါ်မှအသံဗလံကြောင့် ကြားနိုင်ရန် ကျယ်ကျယ်ပြောဖို့လိုပေမည်။ သို့သော် ကျွန်ုပ်တို့ကို အာရုံစိုက်မလာစေရန် သိက္ခာရှိရှိပြောသင့်သည်။—မ. ၁၂:၁၉။
၄ တယ်လီဖုန်းဖြင့် သက်သေခံသည့်အခါ– အခြားသူများအား စာနာထောက်ထားခြင်းက နောက်ခံဆူညံသံများမရှိသည့်နေရာတွင် တယ်လီဖုန်းဖြင့် သက်သေခံခြင်းကို လုပ်ဆောင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးမည်။ ကျွန်ုပ်တို့ကိုယ်ကို ချက်ချင်းမိတ်ဆက်ပြီး ဖုန်းဆက်ရသည့်အကြောင်းရင်းကို ရှင်းပြသောအခါ အမူအကျင့်ကောင်းများပြသင့်သည်။ နှစ်လို့ဖွယ်အသံဖြင့် စကားပြောခွက်တွင် တိုက်ရိုက်ပြောဆိုခြင်းသည် တည်ဆောက်မှုဖြစ်စေသော ကျမ်းစာအကြောင်း အပြန်အလှန်ပြောဆိုမှုတွင် အခြားသူများပါဝင်လာရန် အကူအညီဖြစ်စေမည်။ (၁ ကော. ၁၄:၈၊ ၉) ကျွန်ုပ်တို့သည် ဤနည်းအမျိုးမျိုးတွင် ကြင်နာမှု၊ စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရှိခြင်းဖြင့် ကျွန်ုပ်တို့၏ ယဉ်ကျေးသိမ်မွေ့သောဘုရားသခင် ယေဟောဝါကို တုပကြသည်။